
【 နည်းပညာ 】 အစိုးရတာဝန်ရှိသူများ iPhone အသုံးပြုမှုကို တရုတ်ပိတ်ပင်
ပေကျင်း၊ စက်တင်ဘာ - ၈
တရုတ်အစိုးရက နိုင်ငံရဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ iPhone အသုံးပြုတွေကို တားမြစ်ပိတ်ပင်လိုက်တယ်လို့ Wall Street Journal က ဖော်ပြမှုအရ သိရပါတယ်။
အမေရိကန်အပါအဝင် ၎င်းရဲ့ မဟာမိတ်နိုင်ငံအချို့က တရုတ်အပေါ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုများ ကန့်သတ်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ပြီးနောက် တရုတ်ဘက်က အခုလို အစိုးရတာဝန်ရှိသူတွေရဲ့ iPhone အသုံးပြုမှုတွေကို တားမြစ်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
နိုင်ငံခြား စမတ်ဖုန်းထုတ်ကုန်တွေကို အစိုးရလုပ်ငန်းခွင်တွေအတွင်း အသုံးပြုမှုဟာ ထိရှလွယ်တဲ့ အရေးကြီးအချက်အလက်တွေကို ပေါက်ကြားစေနိုင်တဲ့အပြင် နိုင်ငံခြားနည်းပညာအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်နိုင်ဖို့အတွက် တရုတ်အစိုးရက ကြီးမားတဲ့ အစီအစဉ်တွေကို ဆောင်ရွက်လျက်ရှိရာ အခုလို iPhone အသုံးပြုခွင့် ပိတ်ပင်ခြင်းဟာ တစ်စိတ်တစ်ပိုင်း ဆောင်ရွက်မှုဖြစ်ပါတယ်။
Wall Street Journal က ဖော်ပြခဲ့တဲ့ အစီရင်ခံစာအရ တရုတ်အစိုးရ အရာရှိတွေဟာ အစိုးရလုပ်ငန်းနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရာမှာ iPhone အသုံးပြုခွင့်ကို ပိတ်ပင်တယ်လို့ ညွှန်ကြားထားသလို iPhone တွေကို အစိုးရလုပ်ငန်းခွင်သို့ ယူဆောင်လာခြင်းမပြုဖို့လည်း တားမြစ်ထားပါတယ်။
ဒါ့အပြင် Bloomberg News က ဖော်ပြထားမှုအရလည်း အခုလို တရုတ်အစိုးရ အရာရှိတွေအပေါ် iPhone အသုံးပြုမှု ပိတ်ပင်ခြင်းဟာ နောက်ပိုင်းမှာ အစိုးရကျောထောက်နောက်ခံပေးထားတဲ့ အေဂျင်စီတွေနဲ့ အစိုးရပိုင်ကုမ္ပဏီများထံ တိုးချဲ့လာဖွယ်ရှိတယ်လို့ သိရပါတယ်။
တရုတ်အစိုးရ iPhone အသုံးပြုမှု ပိတ်ပင်တဲ့လုပ်ရပ်လိုပဲ၊ အမေရိကန်အစိုးရဟာလည်း တရုတ်နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Huawei, ZTE နဲ့ TikTok ဗီဒီယိုပလက်ဖောင်းတွေကို ကန့်သတ်ပိတ်ပင်မှုတွေ အရင်က လုပ်ဆောင်ခဲ့ပါတယ်။
Damien
Ref - gsmarena