【 နည်းပညာ 】 iPhone 15 အတွက် မျက်နှာပြင်တွေကို Samsung မှ ထောက်ပံ့ထား

【 နည်းပညာ 】 iPhone 15 အတွက် မျက်နှာပြင်တွေကို Samsung မှ ထောက်ပံ့ထား

ကယ်လီဖိုးနီးယား၊ စက်တင်ဘာ - ၁၃

iPhone 15 စမတ်ဖုန်းတွေရဲ့ မျက်နှာပြင်အများစုကို ပြိုင်ဘက် တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung က ထောက်ပံ့ထားတာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

မူလကတော့ LG နဲ့ BOE ကုမ္ပဏီတို့က iPhone 15 အတွက် မျက်နှာပြင်တွေ ထောက်ပံ့ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် Apple နဲ့ ပူးပေါင်းမှု အဆင်မပြေခဲ့တာကြောင့် Samsung ကုမ္ပဏီကသာ မျက်နှာပြင်အများစုကို ထောက်ပံ့ပေးခဲ့တာပါ။

BOE ကုမ္ပဏီက iPhone 15 မော်ဒယ်လ်အတွက် မျက်နှာပြင်တွေ ထောက်ပံ့ဖို့ စီစဉ်ခဲ့ပေမယ့် မျက်နှာပြင်ထုတ်လုပ်ရာမှာ နည်းပညာပြဿနာတွေ ဖြစ်ပေါ်ခဲ့တာကြောင့် Samsung ထံသို့ အခွင့်အရေးကို လွှဲပြောင်းပေးခဲ့ရတယ်။

LG ကုမ္ပဏီကလည်း iPhone 15 Pro နဲ့ 15 Pro Max တို့အတွက် မျက်နှာပြင်တွေ ထောက်ပံ့ဖို့ စီစဉ်ခဲ့ပေမယ့် iPhone 15 Pro Max အတွက် မျက်နှာပြင်တွေ ထုတ်လုပ်ရာမှာ ပြဿနာတွေ ပေါ်ပေါက်ခဲ့တာကြောင့် iPhone 15 Pro အတွက်သာ မျက်နှာပြင်အချို့ကိုသာ ထုတ်လုပ်ပေးတော့မှာဖြစ်တယ်လို့ The Elec က ဖော်ပြခဲ့ပါတယ်။

ဒီလို မျက်နှာပြင်ထုတ်လုပ်မှုပြဿနာတွေ ဖြစ်ပေါ်လာခဲ့တာကြောင့် Apple ရဲ့ ခါးသီးပြိုင်ဘက်လို့ဆိုရမယ့် Samsung ကုမ္ပဏီအတွက် မမျှော်လင့်ဘဲ အခွင့်အရေးရလာခဲ့ပြီး iPhone 15 အတွက် မျက်နှာပြင်အများစု ထောက်ပံ့ပေးဖို့အခြေအနေဖြစ်လာခဲ့ပါတယ်။

လတ်တလောသတင်းထွက်ပေါ်မှုတွေအရတော့ BOE ကုမ္ပဏီဟာ iPhone 15 အတွက် OLED မျက်နှာပြင်တွေ ထောက်ပံ့ပေးဖို့ Apple ရဲ့ ခွင့်ပြုချက်ကို မရရှိခဲ့ဘဲ၊ LG ကုမ္ပဏီကတော့ iPhone 15 Pro မော်ဒယ်လ်အတွက် Apple ရဲ့ ခွင့်ပြုချက်ကိုရရှိထားပြီး၊ Pro Max မော်ဒယ်လ်အတွက်လည်း ယခုလအတွင်း ထောက်ပံ့မှုခွင့်ပြုချက်ရရှိဖို့ မျှော်လင့်ချက်ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ Samsung ကုမ္ပဏီကတော့ LG နဲ့ BOE တို့ အဆင်မပြေသေးပါက Apple ရဲ့ iPhone 15 တွေအတွက် မျက်နှာပြင်ထောက်ပံ့သူအဖြစ် ဆက်လက်တည်ရှိနေဦးမှာလည်းဖြစ်ပါတယ်။

Damien
Ref - 9to5mac