
【 နည်းပညာ 】 iPhone 15 series မှာ ဘာတွေထူးခြားသွားသလဲ ?
ကယ်လီဖိုးနီးယား၊ စက်တင်ဘာ ၁၄
Apple ကုမ္ပဏီကတော့ တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ iPhone 15 series စမတ်ဖုန်းတွေကို မိတ်ဆက်လိုက်ပါပြီ။
နောက်ဆုံးထွက် iPhone series မှာတော့ iPhone 15, iPhone 15 Plus, iPhone 15 Pro နဲ့ iPhone 15 Pro Max လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းမော်ဒယ်လ်လေးမျိုး ပါဝင်မှာဖြစ်ပါတယ်။
Apple ကုမ္ပဏီက iPhone မျိုးဆက်သစ်တွေကို ထုတ်လုပ်မိတ်ဆက်တဲ့အခါတိုင်း ထူးခြားမှုတွေကို ယူဆောင်လာခဲ့ပါတယ်။အခုမိတ်ဆက်လိုက်တဲ့ iPhone 15 series မှာလည်း အရင် iPhone 14 series နဲ့ မတူညီတဲ့ ထူးခြားချက်တွေရှိနေပါတယ်။
အခြေခံမော်ဒယ်လ်လို့ဆိုရမယ့် iPhone 15 ဆီကို သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ dynamic island နည်းပညာကို ယူဆောင်လာခဲ့ပါတယ်။ဒါ့အပြင် ယခင် iPhone 14 Pro Max မှာ အသုံးပြုခဲ့တဲ့ 48MP အရည်အသွေးကိုလည်း တပ်ဆင်ပေးလာခဲ့ပါတယ်။ဒါကတော့ Apple ရဲ့ iPhone 15 series အခြေခံမော်ဒယ်လ်အပေါ် သိသာထင်ရှားတဲ့ အဆင့်မြှင့်ပေးမှုဖြစ်တဲ့အပြင် iPhone X ကနေ iPhone 14 အထိ တစိုက်မတ်မတ် အသုံးပြုခဲ့တဲ့ notch အကွက်ကို ပယ်ဖျက်လိုက်တာလည်းဖြစ်ပါတယ်။
iPhone 15 series ထဲ အမြင့်ဆုံးမော်ဒယ်လ်လို့ဆိုရမယ့် iPhone 15 Pro Max ကတော့ ရိုးရှင်းတဲ့ ထူးခြားမှုတွေ ပါဝင်နေတယ်လို့ ဆိုရမှာပါ။အဓိကထူးခြားမှုအနေနဲ့ စမတ်ဖုန်းကိုယ်ထည်ကို အာကာသယာဉ်တွေမှာ အသုံးပြုတဲ့ တိုက်တေနီယမ် (aerospace grade titanium) ကို အသုံးပြုပေးထားတာပါပဲ။ဒါ့အပြင် သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ 5x Telephoto ကင်မရာလည်း ပါဝင်လာခဲ့ပါတယ်။
အရင်က iPhone တွေမှာပါဝင်နေကြ mute button ကိုလည်း action button နဲ့ အစားထိုးခဲ့ပြီး၊ စွမ်းဆောင်ရည်ပိုင်းအတွက် Apple ရဲ့ နောက်ဆုံးပေါ် A17 Pro Chip နဲ့ မောင်းနှင်ပေးထားပါတယ်။နည်းပညာနယ်ပယ်ကတော့ iPhone 15 Pro နဲ့ Pro Max မှာ မောင်းနှင်ပေးထားတဲ့ A17 Pro Chip ဟာ ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်း Chip ဖြစ်တယ်လို့ ဆိုထားပါတယ်။ဒါ့အပြင် စမတ်ဖုန်းရဲ့ အားသွင်းပေါက်ကို USB-C (Type C) အားသွင်းပေါက်အဖြစ် ပြောင်းလဲခဲ့ပါသေးတယ်။
လတ်တလောမှာတော့ iPhone 15 series စမတ်ဖုန်းတွေအတွက် စျေးနှုန်းတွေဟာလည်း ထွက်ပေါ်လာပြီဖြစ်ပြီး၊ အခြေခံစျေးနှုန်း မြန်မာငွေ ၃၆ သိန်းကျော်ကနေ အမြင့်ဆုံးစျေးနှုန်း မြန်မာငွေ သိန်း ၇၀ ကျော်အထိ ကျသင့်ဖွယ်ရှိတယ်လို့ သိရပါတယ်။
Damien
Ref - cnet