【 နည်းပညာ 】 Xiaomi ရဲ့ အမြတ်ငွေများ ဆက်တိုက်တိုးတက်လာ

【 နည်းပညာ 】 Xiaomi ရဲ့ အမြတ်ငွေများ ဆက်တိုက်တိုးတက်လာ

Xiaomi ရဲ့ စမတ်ဖုန်းများတွင်ပါဝင်သော MIUI ကို အသုံးပြုသူများဟာ ဆက်တိုက်တိုးတက်လျက်ရှိနေကြောင်း The Xiaomi Group မှ ဖော်ပြခဲ့ပါတယ်။

ယခုအခါမှာ MIUI ကို အသုံးပြုသူပေါင်း သန်း ၅၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း Xiaomi ကုမ္ပဏီမှ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကမ္ဘာတဝန်း စမတ်ဖုန်းဈေးကွက်ကြီးတွင် စက်ပစ္စည်းအစိတ်အပိုင်းများ ပြတ်လပ်နေသော်လည်း ကုမ္ပဏီဟာ စမတ်ဖုန်းအလုံးရေ ၄၃.၉ သန်းကို တင်ပို့နိုင်ခဲ့ကြောင်း Xiaomi က ဆိုပြီး၊ ဒီနှုန်းထားဟာ နှစ်စဉ် ၄.၄ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်တယ်လို့ Xiaomi မှ ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း Xiaomi ရဲ့ စမတ်ဖုန်းရောင်းချရမှုမှ ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၄၇.၈ ဘီလီယံရှိပြီး၊ စုစုပေါင်းဝင်ငွေမှာ ၇၈.၁ ဘီလီယံဖြစ်တယ်လို့ သိရပါတယ်။နှစ်စဉ်တိုးတက်မှုဟာ ၈.၂ ရာခိုင်နှုန်း ဖြစ်သော်လည်း၊ အသားတင်အမြတ်ငွေမှာ တရုတ်ယွမ်ငွေ ၅.၂ ဘီလီယံဖြစ်ပြီး ၂၀၂၀ ခုနှစ်ကထက် အမြတ်ငွေ ၂၅.၄ ရာခိုင်နှုန်း ပိုများလာတာဖြစ်ပါတယ်။

Xiaomi ကုမ္ပဏီရဲ့ အဆိုအရ တင်ပို့ရောင်းချသော စက်ပစ္စည်း ၁၈ သန်းသည် ပရီမီယံအမျိုးအစားမှဖြစ်ပြီး၊ Xiaomi ဘက်က တရုတ်နိုင်ငံအတွင်းတွင် ဈေးနှုန်း ယွမ် ၃,၀၀၀ ကျော်နှင့် ပြည်ပတွင် ယူရို ၃၀၀ အထက် ဈေးနှုန်းရှိသော ပရီမီယံစမတ်ဖုန်းများဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

Xiaomi အမှတ်တံဆိပ်ဟာ ဈေးကွက် ၁၁ ခုတွင် ထိပ်တန်းစမတ်ဖုန်းရောင်းချသူဖြစ်ခဲ့ပြီး၊ ဒေသ ၅၉ ခုတွင် ထိပ်တန်း‌စမတ်ဖုန်းအမှတ်တံဆိပ် အဆင့် ၅ အတွင်းတွင် ဝင်ရောက်ခဲ့ပါတယ်။ထို့အတွက် Xiaomi ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် ဦးဆောင်နေသော Samsung နဲ့ Apple တို့နောက် တတိယနေရာသို့ တက်လှမ်းလာခဲ့ပြီး ကမ္ဘာ့ဈေးကွက်ဝေစု ၁၃.၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။

Damien
နိုဝင်ဘာ - ၂၆