【အလှအပနှင့်ကျန်းမာရေး】အသက်ရှူလေ့ကျင့်ခန်း (Breathing Exercise)

【အလှအပနှင့်ကျန်းမာရေး】အသက်ရှူလေ့ကျင့်ခန်း (Breathing Exercise)

ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုတွေများလာချိန်မှာ အသက်ရှူလေ့ကျင့်ခန်းအ‌ကြောင်း ပြောပြပေးချင်ပါတယ်။အသက်ရှူလေ့ကျင့်ခန်းကို ထိုင်လျက်သော်လည်းကောင်း၊ အိပ်လျက်သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။

ရှေးဦးစွာအသက်ရှူလေ့ကျင့်ခန်းမပြုလုပ်ခင်ပခုံးကြွက်သားများကို လျော့၍ ခါးကိုတည့်မတ်စွာထားပါ။၄-၇-၈ လို့ခေါ်တဲ့ အသက်ရှူလေ့ကျင့်ခန်းအကြောင်းကို အရင်ပြောပြပေးလိုပါတယ်။

စိတ်ထဲကနေ ၁-၂-၃-၄လို့မှတ်ပြီး နှာခေါင်းကနေ အသက်ကိုတစ်ဝကြီးရှူသွင်းလိုက်ပါ။

ထို့နောက် ၁-၂-၃-၄-၅-၆-၇လို့မှတ်ပြီးအသက်အောင့်ထားပါ။

ပြီးလျှင် ၁-၂-၃-၄-၅-၆-၇-၈ လို့ စိတ်ကမှတ်ပြီးပါးစပ်မှ ဖယောင်းတိုင်မီးမှုတ်ထုတ်သကဲ့သို့ ဖြေးညင်းစွာမှုတ် ထုတ်လိုက်ပါ။

တချို့လူတွေအတွက် အသက်မအောင့်နိုင်ရင်တော့ အသက်အောင့်တဲ့အဆင့်ကိုကျော်ပြီး နှာ‌ခေါင်းမှရှူသွင်းပြီးနောက် ဖြေးညင်းစွာပါးစပ်မှ မှုတ်ထုတ်တဲ့အဆင့်ကို ပြုလုပ်ရင်ရပါတယ်။

ဝမ်းဗိုက်ကန့်လန့်ဖြတ်ကြွက်သားကိုအသုံးပြု၍ပြုလုပ်သောအသက်ရှူလေ့ကျင့်ခန်း ( Diaphragmatic breathing) လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တွင်တင်၍ အခြားလက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်တွင်ထားပါ။

မျက်စိကိုမှိတ်၍ အသက်ကိုအားရစွာရှူသွင်းချိန်တွင် ရင်ဘတ်ပေါ်တင်ထားသောလက်ဖြင့် နံရိုးကြွက်သားများ အပြင်သို့ကားလာသည်ကို ခံစားမိပါလိမ့်မယ်။ ဝမ်းဗိုက်ပေါ်တွင် တင်ထားသောလက်က ဝမ်းဗိုက်ဖောင်းလာတာကို ခံစားမိပါလိမ့်မယ်။

ထို့နောက် အသက်ကိုပါးစပ်မှဖြေးညင်းစွာထိန်း၍ ရှူထုတ်ချိန်တွင် ဝမ်းဗိုက်ကြွက်သားများ ပိန်လျော့သွားသည်ကို ခံစားမိပါလိမ့်မယ်။

အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ လေကိုအဆုတ်ထဲမှာကြာရှည်စွာရှိစေချင်တဲ့အတွက် ဖြေးညင်းစွာပါးစပ်မှထိန်း၍ ဖယောင်းတိုင်မီးမှုတ်သလို မှုတ်ထုတ်ခိုင်းခြင်းဖြစ်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်းကို ကိုဗစ်ရောဂါတစ်ခုထဲအတွက်မဟုတ်ပဲ နာတာရှည်လေပြွန်ကျဉ်းရောဂါသမားများ၊ ဆေးလိပ်သောက်သူများ၊ပုံမှန်လူကောင်းများပါ ပြုလုပ်နိုင်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အဆုတ်အတွင်း အောက်ဆီဂျင်ပမာဏများပြားစေခြင်း၊ အဆုတ် ကြွက်သားများသန်မာစေခြင်းတို့သာမကပဲ စိတ်တည်ငြိမ်မှုရရှိ‌စေခြင်း၊ အိပ်‌ပျော်‌စေခြင်း၊ စိတ်ဖိစီးမှုတွေကိုပါ ပြေပျောက်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

အသက်ရှူလေ့ကျင့်ခန်းကို တစ်နေ့လျှင် ၃-၄ကြိမ်၊ တစ်ခါ လေ့ကျင့်ခန်းလုပ်လျှင် ၅-၁၀ မိနစ်ခန့် ပြုလုပ်နိုင်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်းကို အလွန်အကျွံပြုလုပ်မိလျှင်  သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့နည်းပြီး ခြေဖျားလက်ဖျား၊နှုတ်ခမ်းများကျဉ်ခြင်း၊ မူးဝေခြင်းခံစားရနိုင်ပါတယ်။ ထိုသို့လက္ခဏာများခံစားရရင်တော့‌ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရပ်နားသင့်ပါတယ်။

အားလုံးကျန်းမာရွှင်လန်းပြီး ကပ်ရောဂါဘေးက ကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

 

Dr.Phyu

Photo crd- Healthline