【အလှအပနှင့်ကျန်းမာရေး】“အပူလျှပ်ခြင်း (Heat Stroke)”

【အလှအပနှင့်ကျန်းမာရေး】“အပူလျှပ်ခြင်း (Heat Stroke)”     

အခုလိုနွေရာသီအပူချိန်မြင့်တက်လာချိန်မှာ ရာသီဥတုပူပြင်းမှုကြောင့် အပူလျှပ်ခြင်း ရောဂါကိုခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်များ၊သက်ကြီးရွယ်အိုများမှာပို၍အဖြစ်များပါတယ်။ဒါကြောင့် ဆောင်ရန်ရှောင်ရန် လေးတွေကိုပြောပြလိုပါတယ်။

အပူလျှပ်ခြင်း (heat stroke) ဆိုတာကတော့ ခန္ဓာကိုယ်အပူချိန်လွန်ကဲပြီးပုံမှန် ဇီဝကမ္မဖြစ်စဉ်ပျက်ယွင်းတာကို ခေါ်ဆိုပါတယ်။

ကျွန်မတို့ရဲ့ခန္ဓာကိုယ်အပူချိန်မြင့်လာပြီဆိုရင် ခန္ဓာကိုယ်ကနေချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိ ပေးပါတယ်။

အပူလျှပ်ခြင်းဖြစ်ပြီဆိုရင်တော့ ချွေးမထွက်နိုင်တော့ပဲခန္ဓာကိုယ်အပူချိန်အလွန်အမင်းမြင့်တက်လာပြီး ခန္ဓာကိုယ် ရဲ့ပုံမှန်လုပ်ဆောင်မှုတွေပျက်ယွင်းကာ အသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။

‌ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် ( ၄၀ ဒီဂရီစင်တီဂရိတ်) ထက်မြင့်လာချိန်မှာ အပူလျှပ်ခြင်းဖြစ်လေ့ရှိပါတယ်။

အပူလျှပ်ခြင်းဟာ နွေရာသီမှာအဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။

အပူလျှပ်ခြင်းရဲ့လက္ခဏာတွေကတော့

၁- ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်(၄၀စင်တီဂရိတ်) ထက်ကျော်၍အဖျားကြီးခြင်း

၂- ကယောင်ကတမ်းဖြစ်ခြင်း၊တက်ခြင်း၊သတိလစ်ခြင်း

၃- အဖျားကြီးသော်လည်းချွေးမထွက်ခြင်း

၄- အသက်ရှူနှုန်း၊နှလုံးခုန်နှုန်းမြန်ခြင်း

၅- ခေါင်းကိုက်ခြင်း တို့ပဲဖြစ်ပါတယ်။

အပူလျှပ်ခြင်းမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ?

၁- ပွပွချောင်ချောင်ချည်ထည်များကိုဝတ်ဆင်ပါ။

၂- နေ့လယ်‌အပူချိန်မြင့်မားချိန်တွင် အပြင်သို့သွားလာခြင်း ကိုတတ်နိုင်သမျှရှောင်ပါ။မဖြစ်မနေသွားလာရ မယ်ဆိုရင် အပူ‌ကာရန် ထီး၊ဦးထုပ် ဆောင်းပါ။နေလောင်ဒဏ်ကာကွယ်သော ခရင်၊သနပ်ခါးလိမ်းပြီးမှ အပြင်သို့ထွက်ပါ။

၃- ရေများများသောက်ပါ။ ချွေးထွက်ပါက ဓါတ်ဆားရည်သောက်ပါ။

၄- အပူချိန်မြင့်မားချိန်တွင်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကိုရှောင်ကြဉ်ပါ။

၅- အလုံပိတ်ကားအတွင်း၊ကားပါကင်တွင် အထူးသဖြင့်ကလေးသူငယ်များကို ကားအတွင်းထားခဲ့ခြင်းကိုရှောင်ကြဉ်ပါ။

၆- အရက်‌သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။

 အပူလျှပ်ခြင်းခံစားနေရတဲ့လူနာကိုဘယ်လို‌ ရှေးဦးသူနာပြုစုပေးရမလဲ?

၁-ပထမဆုံးအနေနဲ့ လူနာကို အရိပ်ရှိတဲ့နေရာ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာထားပါ။လေအေးပေးစက်၊ပန်ကာများဖွင့်ထားလို့ရပါတယ်။

၂- အဝတ်အစားထူထူထဲထဲဝတ်ဆင်ထားပါက ဖယ်ရှားပါ။

၃-လူနာကို ခန္ဓာကိုယ်အပူချိန်လျော့ကျသွားစေဖို့ ရေပတ်ရွှဲရွှဲတိုက်ပါ။အထူးသဖြင့် ချိုင်းကြား၊ပေါင်ခြံ၊ လည်ပင်းအနောက်ဖက်နေရာများကို ရေပတ်ရွှဲနေအောင်တိုက်ဖို့လိုပါတယ်။

အပူလျှပ်ခြင်း ဟာ ‌အရေးပေါ်ကုသရမယ့် အခြေအနေဖြစ်ပါတယ်။အပူလျှပ်ခြင်း‌ကြောင့် ဦးနှောက်၊နှလုံး၊ကျောက်ကပ်၊ ကြွက်သားများ ထိခိုက်ပျက်စီးနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့်မိမိနှင့် မိမိပတ်ဝန်းကျင်မှာ အပူလျှပ်ခြင်းလက္ခဏာတွေ့ရှိပါက ရှေးဦးသူနာပြုစုပြီး နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ်။

Dr.Phyu

Photo crd: franciscanhealth.org