【 ဆောင်းပါး 】 ကမ္ဘာကို ကိုင်လှုပ်လိုက်တဲ့ ကိုမြင့်နိုင်ကြီးနဲ့ သမီး ဥမ္မာခိုင်

【 ဆောင်းပါး 】 ကမ္ဘာကို ကိုင်လှုပ်လိုက်တဲ့ ကိုမြင့်နိုင်ကြီးနဲ့ သမီး ဥမ္မာခိုင်

ပညာခေတ်မှာ နေထိုင်ခွင့်ရနေတဲ့ ကမ္ဘာသူ၊ ကမ္ဘာသားတွေဟာ ကိုမြင့်နိုင်ကြီးနဲ့ သူ့သမီး ဥမ္မာခိုင်ကို တထိတ်ထိတ်တလန့်လန့် ကြောက်ရတဲ့ဘဝမျိုး ကြုံရမယ်လို့ ယောင်လို့တောင်မတွေးခဲ့ကြပါ။ကျောက်ခေတ်ကနေ ဘဝကိုစခဲ့ကြရတဲ့ လူသားတွေအတွက် ၂၁ ရာစုဟာ အထွဋ်အထိပ်ရောက်တဲ့ကာလလို့ နားထင်သွေးရောက်လောက်ပါတယ်။အံ့ဘနန်းတိုးတက်လာတဲ့ သိပ္ပံနဲ့ နည်းပညာကြောင့်၊ ကမ္ဘာ့အရေးအရာအားလုံးနီးပါးကို စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း ဆောင်ရွက်လာနိုင်တဲ့ ပညာခေတ်မှာ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်သွားပြီရယ်လို့တောင် တင်စားဂုဏ်ယူလာချိန်ပါ။ဒီလိုအချိန်မှာ စက်ယန္တားတွေရပ်၊ ကူးလူးဆက်ဆံမှုတွေဖြတ်ပြီး လူတွေ အိမ်တွင်းပုန်းဘဝရောက်စေမယ့် မျက်စိနဲ့မမြင်ရတဲ့ ဗိုင်းရပ်စ်ငယ်လေးက ဂြိုဟ်မွှေတော့မယ်လို့ ဘယ်လူသားမှ ယောင်လို့တောင်မတွေးခဲ့၊ အိပ်မက်မမက်ခဲ့ကြပါဘူး။

၂၀၁၉ နှစ်ကုန် ဒီဇင်ဘာလထဲမှာ တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်နေကြပြီဆိုတဲ့ သတင်းဆိုး စထွက်လာပါတယ်။တရုတ်မှာ ဒီရောဂါ ဘယ်အချိန်ကစဖြစ်ပြီး လူဘယ်နှစ်ယောက်ကူးစက်ခံရသလဲ၊ ဘယ်နှစ်ယောက်သေသလဲ ဘယ်သူမှအတိအကျမသိကြပါဘူး။တရုတ်အစိုးရ တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေကိုလဲ လူအများစုက ယုံကြည်မှုမရှိကြပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် အချိန်တိုလေးအတွင်းမှာ ဒီဗိုင်းရပ်စ်ပိုးဟာ အနောက်နိုင်ငံတွေနဲ့ အာရှနိုင်ငံတချို့ဆီ ကူးစက်သွားပါပြီ။အားလုံးသိတဲ့အတိုင်း ကိုဗစ်-၁၉ လို့ နာမည်တပ်ခံရတဲ့ ရောဂါဟာ အချိန်တိုအတွင်း တစ်ကမ္ဘာလုံးကိုကူးစက်ခဲ့ပါပြီ။ပျော်တတ်တဲ့ ရွှေမြန်မာတို့က ကိုဗစ်နိုင်းတင်းဆိုတဲ့ အသံထွက်ကို၊ ကိုမြင့်နိုင်ကြီးလို့ အမည်သမုတ်လိုက်ကြပါတယ်။

တကယ်တော့ လူသားတွေဟာ လူစဖြစ်လာကတည်းက အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံကို ကြုံဆုံရင်ဆိုင် ကျော်ဖြတ်လာကြရသူတွေပါ။ကမ္ဘာ့ကပ်ဘေးရောဂါဆိုတာလဲ လူသားတို့အတွက် အဆန်းမဟုတ်ပါဘူး။ဟိုးပဝေသဏီကတည်းက ကပ်ရောဂါဘေးတွေကို ကြုံခဲ့ကြဖူးသူတွေပါ။ကျောက်ရောဂါဘေးကို လူသားတွေ ပထမဆုံးရင်ဆိုင်ခဲ့ကြရပါတယ်။သေလိုက်ကြတာ သောက်သောက်လဲ။တစ်ခါ ပလိပ်ရောဂါဘေး။ကိုဗစ်မလာခင် လူသားတွေ အလူးအလဲခံခဲ့ရတာက HIV/ AIDS ခေါ်တဲ့ ကိုယ်ခံအားကျဆင်းတဲ့ရောဂါ။ဒါပေမဲ့ ဒီတစ်ခါကြုံရတဲ့ ကပ်ဘေးက အရင်ကပ်ဘေးတွေလို လူ-လူချင်း နီးနီးကပ်ကပ်နေတာနဲ့ ရောဂါကူးစေတဲ့ အမျိုးအစားဖြစ်နေတာက၊ လူဆိုတဲ့ အစုအဖွဲ့နဲ့နေလာသူတွေအတွက် ဧရာမပြဿနာကြီးဖြစ်လာပါတယ်။

ပညာခေတ်မှာ ရှင်သန်နေတယ်ဆိုတဲ့ လူသားတွေကို၊ လူ-လူချင်း နီးနီးစပ်စပ်နေတာနဲ့ ရောဂါကူးစေဆိုတာက အရှိုက်ထိုးလိုက်သလို ဖြစ်စေခဲ့ပါတယ်။နေကောင်းတဲ့သူတွေက ရောဂါရသူနေသူတွေကို ပွေ့ပွေ့ပိုက်ပိုက် ထိတွေ့ပြုစုပေးလို့မရတဲ့ ရောဂါဖြစ်လို့ ကျန်းမာရေးဝန်ထမ်းတွေခမျာ PPE လို့ခေါ်တဲ့  အကာအကွယ်ဝတ်စုံကြီးတွေ ဝတ်ရသလို၊ ဘေးကနေ ဝိုင်းဝန်းကူညီမယ့်သူမှန်သမျှ PPE ဝတ်ထားကြရတော့ ဟိုတုန်းကကြည့်ခဲ့ဖူးတဲ့ သိပ္ပံရုပ်ရှင်ကားတွေထဲက တခြားကမ္ဘာက ဂြိုဟ်သားတွေကို မျက်ဝါးထင်ထင်မြင်နေရသလို ခံစားကြရပါတယ်။

စက္ကန့်မလပ် လည်ပတ်နေတဲ့ ကမ္ဘာ့ရေးရာအားလုံး တိတ်ဆိတ်ငြိမ်သက် ရပ်ဆိုင်းသွားပါတယ်။နိုင်ငံတိုင်းမှာ အစိုးရတိုင်းက မိမိပြည်သူ ရောဂါမကူးစက်ရေး ပထမဦးစားပေးလုပ်ကြပါတော့တယ်။ပြည်သူတွေ အိမ်ထဲမှာပဲနေရမယ် (Stay at Home) ဆိုတဲ့ အမိန့်တွေကို ထုတ်ပြန်ကြပါတယ်။တစ်သက်လုံး အိပ်ချိန်ကလွဲရင် တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြဆုံကြသွားလာကြတဲ့ လူမှုအဝန်းအဝိုင်းကြီးဟာ ဗြုန်းခနဲရပ်တန့်သွားရပါပြီ။မဖြစ်မနေ ကူးလူးသွားလာရတာတွေကလွဲလို့ ကျောင်းတွေပိတ်၊ ဈေးတွေပိတ်၊ လေကြောင်းလိုင်းတွေပိတ် စသဖြင့် အားလုံးရပ်တန့်လိုက်ရရုံသာမက၊ ရောဂါသစ်ဖြစ်တာကြောင့် ကြိုးစားစဉ်းစားကုသရင်း ဘယ်လိုကုသရမယ်ဆိုတဲ့နည်းနာကို နိုင်ငံအားလုံးက ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ နားစွင့်ပြီး လူနာကို ကုသပေးကြရပါတယ်။

နေ့စဉ်နဲ့အမျှ ဘယ်နိုင်ငံမှာ တစ်နေ့ လူဘယ်လောက်ကူးစက်တယ်။ဘယ်နှစ်ယောက်သေတယ်ဆိုတဲ့ သတင်းဆိုးတွေကိုလဲ နေ့တိုင်းကြားလာကြရပါတယ်။ဆေးပညာရှင်တွေ သုတေသနပညာရှင်တွေဘက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမြန်ဆုံးရဖို့ ကြိုးစားလုပ်ဆောင်ကြပါတယ်။ကိုဗစ်-၁၉ ဟာ လူ့လောကထဲက တော်တော်နဲ့ပြန်ထွက်မယ် မဟုတ်လို့၊ ဆေးပညာရှင်တွေက မှတ်ချက်ချလာကြတော့၊ နိုင်ငံသူနိုင်ငံသားတွေကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ အစိုးရတိုင်း စိုင်းပြင်းလာကြပါတယ်။ထွက်လာတဲ့ ကာကွယ်ဆေးနဲ့ ကမ္ဘာ့လူဦးရေက မမျှတ။ဆင်းရဲတဲ့ နိုင်ငံတွေက အစိုးရတွေခမျာ ကာကွယ်ဆေးဝယ်ရမှာတစ်မျိုး၊ ကိုဗစ်ရောဂါကုသရေးအတွက် အရင်က မလိုလို့မဝယ်ခဲ့တဲ့ ကုသရေးဆိုင်ရာ စက်ပစ္စည်းကရိယာ၊ PPE နဲ့ အောက်ဆီဂျင် စတဲ့ပြဿနာတွေကတစ်ဖက်၊ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ အခြေခံလူထုရဲ့ စားဝတ်နေရေး ပံ့ပိုးပေးရတာကတစ်သွယ်၊ စိတ်ကျရောဂါဖြစ်ပွားမှု မကြီးထွားစေဖို့ကတစ်ဖုံ၊ ဘေးကျပ်နံကျပ်ဆိုက်ကြရှာပါတယ်။  

ကိုမြင့်နိုင်ကြီး ပထမလှိုင်း၊ ဒုတိယလှိုင်းဒဏ်ကို လူသားတွေ ကျောကော့နေအောင် ခံစားကြရပါတယ်။

ချမ်းသာကြွယ်ဝ ဖွံ့ဖြိုးပြီးနိုင်ငံတွကိုတောင် အလူးအလဲဖြစ်စေတဲ့ ကိုမြင့်နိုင်ကြီး ခဏလျော့ကျသွားတယ်ဆိုရင်ပဲ၊ နိုင်ငံတိုင်း တိုင်းပြည်ကို ဘယ်လိုပြန်လည်ပတ်မယ် စတင်စီမံကြရပါတယ်။ဒါပေမဲ့ ကိုမြင့်နိုင်ကြီးသတင်းက တစ်နေ့တစ်မျိုး မရိုးစေရပါဘူး။ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ၊ အပြည့် (၃ ကြိမ်) ထိုးပြီးသူတွေတောင် နှာခေါင်းစည်းဝတ်ပါ။လူစုလူဝေးရှောင်ပါ။လက်ခဏခဏဆေးပါ။တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေပါဆိုတဲ့ ညွှန်ကြားချက်တွေကို သက်ဆိုင်ရာ ကမ္ဘာ့ဆေးအဖွဲ့အစည်းတွေက တစ်ချိန်လုံးထုတ်ပြန်သတိပေးနေတာပါ။ကိုမြင့်နိုင်ကြီးဟာ  သူ့အရင် ကပ်ဘေးသယ်ဆောင်လာကြတဲ့ ကျောက်ရောဂါ၊ ပလိပ်ရောဂါတွေလို ကာကွယ်ဆေးထိုးတာနဲ့ ရပ်တန့်မသွားဘဲ အသွင်ပြောင်းဗိုင်းရပ်စ်ဖြစ်လာတာကလဲ ဆေးပညာရှင်တွေကိုရော လူတွေကို စိတ်ညစ်ညူးစေပါတယ်။

၂၀၁၉ ဒီဇင်ဘာမှာ စပေါ်လာတဲ့ ကိုယ်တော်ချောရဲ့ မျိုးကွဲ ဒယ်လ်တာဗိုင်းရပ်စ်ကို ၂၀၂၀ ဒီဇင်ဘာမှာ အိန္ဒိယမှာ စတွေ့တယ်။ကိုဗစ်မျိုးကွဲ ဒယ်လ်တာဟာ အမေရိကန်နဲ့ ဗြိတိန်ကိုပါ ရောက်လာပြီး၊ ဗြိတိန် တော်တော်အထိနာခဲ့တယ်လို့ ကိုဗစ်ဆိုင်ရာသတင်းတွေက ဖော်ပြပါတယ်။ကိုမြင့်နိုင်ကြီးဟာ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းလဲတတ်တာကြောင့်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတဲ့ သတင်းတွေကို မျက်ခြည်မပြတ်နားထောင်ကြဖို့ သတိပေးထားပါတယ်။

လူသားတွေဟာ ကာကွယ်ဆေးဖော်သူကဖော်၊ သုတေသနလုပ်သူကလုပ်၊ လုပ်ငန်းဆောင်တာတွေ ပြန်လည်ပတ်နိုင်ဖို့ နည်းလမ်းတွေ ကြံဆနေကြတုန်းမှာပဲ၊ ကိုဗစ်မျိုးကွဲတစ်ခု ထပ်တွေ့ပြန်ပြီလို့ WHO က ၂၀၂၁ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကမ္ဘာကို အသိပေးခဲ့ပါတယ်။သူ့ကို အိုမီခရွန်လို့ အမည်ပေးလိုက်တယ်။စတွေ့တာ တောင်အာဖရိကမှာပါတဲ့။

အိုမီခရွန်ကို ရွှေမြန်မာတို့က ဥမ္မာခိုင်လို့ အမည်ပေးသူကပေး၊ ဥမ္မာခင်လို့ ကင်ပွန်းတပ်သူကတပ်ကြပါတယ်။ဥမ္မာခိုင်တယောက် မြန်မာနိုင်ငံဆီလဲ ရောက်နေပါပြီ။လက်ရှိအချိန်ထိ ဉမ္မာခိုင်တွေ ပွားမလာသေးပေမယ့်၊ ပွားများလာခဲ့ရင်ဆိုတဲ့ သောကကို ရွှေမြန်မာတို့ စတင်ခံစားနေရပါပြီ။ဂျပန်နိုင်ငံရောက် မြန်မာတစ်ယောက်က သူ့ကို ဥမ္မာခိုင် ကူးစက်တယ်။အလူးအလဲခံစားရတယ်လို့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားဖော်ပြပေးပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူတွေကိုလဲ ကူးစက်ကြောင်း လက်တွေ့သိလာရပါပြီ။ WHO ကတော့ ကမ္ဘာသူကမ္ဘာသား အိုဘဲ့လူသားတွေဟာ ကိုမြင့်နိုင်ကြီးနဲ့ သူ့သမီး၊ မြေး စတဲ့ နောက်ပေါက်များနဲ့ ရေရှည်ယှဉ်တွဲ နေထိုင်သွားရနိုင်တယ်လို့ ထုတ်ပြောလာပါပြီ။

မြန်မာနိုင်ငံကို အခါအားလျော်စွာ ပြန်လာလေ့ရှိပြီး ပြောင်းလဲလာတဲ့ ဆေးပညာအယူအဆနဲ့ လက်တွေ့ တွေ့ရှိချက်တွေကို ပညာပေးဟောပြောလေ့ရှိတဲ့ ဒေါက်တာခင်နွယ်ဝင်းကတော့၊ ၂၁ ရာစု လူသားတွေကို အဆိပ်တွေက ပတ်ခြာလည်ဝိုင်းထားတယ်။ရာသီဉတုကလဲ ပြောင်းလဲလာတယ်။ရေထု၊ လေထုက ညစ်ညမ်းလာတယ်။အသင့်စား အစားအစာတွေ၊ အရသာရှိအောင် မွမ်းမံချယ်လှယ်ထားတဲ့ အစားအစာတွေဟာ လူတွေအတွက် အဆိပ်ဖြစ်ပေမယ့် လူတွေက နှစ်နှစ်သက်သက်စားနေကြတယ်။ဟင်းခတ်အချိုမှုန့်ရဲ့အန္တရာယ်၊ ဆူးခရို့သကြားရဲ့အန္တရာယ်ကလဲ လူတွေအတွက် ကြီးမားလှတယ်။တခြားအစားအစာတွေကလဲ မျိုးရိုးဗီဇပြောင်းစိုက်ထားတာတွေရှိလာပြီး၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေး သုံးစွဲစိုက်ပျိုးထားတာတွေဖြစ်လို့ ကျန်းမာရေးကို ထိခိုက်စေတယ်။ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်တွေက ကမ္ဘာတည်နေသရွေ့ တစ်မျိုးပြီး တစ်မျိုးပေါ်လာဦးမှာပါပဲတဲ့။

အဲဒီတော့ ကိုမြင့်နိုင်ကြီးပဲလာလာ၊ ဉမ္မာခိုင်ပဲလာလာ လူသားတွေ လုပ်သင့်တာက မိမိကျန်းမာရေးကောင်းမွန်အောင် တည်ဆောက်ထားဖို့ပါပဲတဲ့။ကျန်းမာရေးကောင်းနေမှ ကိုယ်ခံအားကောင်းပြီး အပြင်ကဝင်လာမယ့် ပိုးတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်မှာပါတဲ့။ဒီလို ကိုယ်ခံအားကောင်းဖို့ ကျန်းမာရေးအခြေခံ ဗဟုသုတလောက်တော့ သိရှိကြဖို့လိုမယ်တဲ့။တတ်နိုင်သမျှ ရိုးရှင်းတဲ့အစားအစာတွေ စားပါ။ရေသန့်သန့်သောက်ပါ။ အချိုရည်တွေလျှော့ပါ။ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။အိပ်ရေးဝဝအိပ်ပါ စတဲ့အချက်တွေဟာ လူတိုင်းလုပ်သင့်တဲ့ အချက်တွေပါ။

ဒီအချိန် ဒီကာလ အိပ်ရေးဝဝအိပ်ပါ၊ ရိုးရှင်းပြီး အာဟာရပြည့်ဝတဲ့အစားအစာ (အချိုမှုန့်မပါတဲ့ အိမ်ချက်ဟင်း) တွေကို စားပါ၊ နည်းပညာသုံးထုတ်လုပ်ထားတဲ့ စားသောက်ဖွယ်ရာများ တတ်နိုင်သမျှ မစားပါနဲ့ပြောရတာ အားနာပါရဲ့။ဒါပေမဲ့ ရွှေမြန်မာတို့ အခြေခံကျန်းမာရေးအသိရှိသူတွေ များပြားလာတဲ့တစ်နေ့ မုချရောက်လာမှာပါ။ကာကွယ်ဆေးအားကိုးရုံနဲ့ ကိုမြင့်နိုင်ကြီးနဲ့ သူ့အမျိုးအနွယ်တွေရဲ့ရန်က မလွတ်နိုင်သေးဘူး။

မိမိကျန်းမာရေးကို မိမိကိုယ်တိုင်တည်ဆောက်ထားကြမှသာ မမြင်ရတဲ့ မှုန်မွှားသေးငယ်လှတဲ့ ဗိုင်းရပ်စ်ဆိုတာတွေေကပေးတဲ့ ရောဂါဘေးက လွတ်ကင်းကြပါလိမ့်မယ်။

ခင်နှင်းဦး
ဇန်နဝါရီ - ၂၇