【 အလှအပနှင့်ကျန်းမာရေး 】ကာလသားရောဂါ (Syphilis)

【 အလှအပနှင့်ကျန်းမာရေး 】ကာလသားရောဂါ (Syphilis)

ကာလသားရောဂါဆိုတာကတော့လိင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ကာလသားရောဂါဟာပျောက်ကင်းအောင်ကုသနိုင်တဲ့ရောဂါဖြစ်ပြီး ရောဂါကိုမကုသဘဲထားပါက နောက် ဆက် တွဲ‌  ရောဂါအနေနဲ့နှလုံး၊ဦးနှောက်တို့ကိုထိခိုက်နိုင်ပြီး အသက်အန္တရာယ်ပါဒုက္ခပေးနိုင်တဲ့ ရောဂါပဲဖြစ် ပါတယ်။

ဒါကြောင့်ကာလသားရောဂါရဲ့လက္ခဏာတွေကိုသိရှိထားဖို့လိုအပ်ပြီး ရောဂါလက္ခဏာတွေ့ရှိပါက ရှက်ကြောက် မနေဘဲ ကုသမှုခံယူဖို့အင်မတန်မှအရေးကြီးပါတယ်။

ကာလသားရောဂါရဲ့လက္ခဏာတွေကတော့

၁- ပထမအဆင့်အနေနဲ့လိင်အင်္ဂါမှာ နာကျင်မှုမရှိတဲ့အနာလေးတွေပေါက်နိုင်ပါတယ်။

အနာလေးတွေက ၃ပတ်-၆ပတ်အတွင်းမှာ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။

နာကျင်မှုမရှိတာကြောင့် လူအများစုက ကုသမှုခံယူလေ့မရှိဘဲ ဒုတိယအဆင့်ကာလသားရောဂါအဆင့်ကို ကူးပြောင်းသွားပါတယ်။

၂- ကာလသားရောဂါ ဒုတိယအဆင့်ကိုရောက်ပြီဆိုရင်‌တော့ ခန္ဓာကိုယ်ပေါ်မှာ  အနီရောင်အကွက်တွေထွက်ခြင်း၊ဖျားခြင်းနုံးခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

ဒုတိယအဆင့်မှာလည်းကုသမှုမခံယူခဲ့ရင်တော့ ကာလသားရောဂါတတိယအဆင့်ကိုကူးပြောင်းသွားပါတယ်။

၃- ကာလသားရောဂါတတိယအဆင့်ကိုရောက်ဖို့ဟာ

နှစ်နဲ့ချီပြီးကြာနိုင်ပါတယ်။

တတိယအဆင့်ကာလသားရောဂါကတော့ နှလုံး၊ အာရုံကြော၊ ဦးနှောက်၊မျက်စိ၊ သွေးကြောစသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပျက်စီးစေပြီး နှလုံးအဆို့ရှင်မလုံခြင်း၊ ဦးနှောက်အာရုံကြောပျက်စီးခြင်း စတဲ့ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်မှာကာလသားရောဂါရှိရင်လည်း သန္ဓေသားကို ကာလသားရောဂါကူးစက်နိုင်ပါတယ်။ ကာလသားရောဂါကူးစက်ခြင်းကြောင့်

  • လမစေ့မီမွေးဖွားခြင်း
  • သန္ဓေသားသေဆုံးခြင်း
  • ကလေးတွင်အကြားအာရုံချို့ယွင်းခြင်း၊ နှာခေါင်းပုံမမှန်ခြင်း၊သွားပုံမမှန်ခြင်း ‌ တွေဖြစ်နိုင်ပါတယ်။

ကာလသားရောဂါကဘယ်လိုကူးစက်နိုင်ပါသလဲ?

  • ကာလသားရောဂါဟာလိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်လို့ ကာလသားရောဂါပိုးရှိသူနှင့်အကာအကွယ်ကွန်ဒုံးအသုံးမပြုဘဲ လိင်ဆက်ဆံခြင်း
  • ကာလသားရောဂါပိုးရှိသောမိခင်မှသန္ဓေသားသို့ကူးစက်ခြင်း စတဲ့နည်းလမ်းတွေကနေရောဂါကူးစက်နိုင်ပါတယ်။

ကာလသားရောဂါမဖြစ်ပွားအောင်ဘယ်လိုကာကွယ်မလဲ?

  • လိင်ဆက်ဆံရာမှာ အကာအကွယ်ကွန်ဒုံးအသုံးပြုပါက ကာလသားရောဂါသာမကဘဲ အခြားသော လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုပါကာကွယ်ပြီးသားဖြစ်ပါတယ်။

ကာလသားရောဂါကိုဘယ်လိုကုသမလဲ?

  • ကာလသားရောဂါခံစားနေရတယ်လို့သံသယရှိပါက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံသွားရောက်ပြသပြီး စစ်ဆေးကုသမှုခံယူပါ။
  • ကာလသားရောဂါကုသမှုခံယူနေစဉ်အတွင်း လိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်ဖို့လိုပါတယ်။
  • ရောဂါလုံးဝပျောက်ကင်းသွားမှသာ လိင်ဆက်ဆံခြင်းပြုလုပ်သင့်ပါတယ်။
  • အရေးကြီးတဲ့အချက်ကတော့ ကာလသားရောဂါကို

မိမိတစ်ယောက်ထဲကုသမှုခံယူရမှာမဟုတ်ပါဘူး၊မိမိနဲ့လိင်ဆက်ဆံမှုရှိတဲ့သူ ၊မိမိရဲ့အိမ်ထောင်ဖက်ကို ပါ‌ ရောဂါရှိမရှိစစ်ဆေးပြီး ကုသမှုခံယူဖို့လိုတဲ့ရောဂါဖြစ်ပါတယ်။

Dr.Phyu

Photo credit- The New England Journal of Medicine