
【 အလှအပနှင့်ကျန်းမာရေး 】ခါးနာခြင်း (Back Pain)
ခါးနာတယ်ဆိုတာကတော့လူတော်တော်များများခံစားဖူးကြပါတယ်။
ခါးနာရခြင်းအကြောင်းရင်းအမျိုးမျိုးရှိပါတယ်။လူအများစုကတော့ ရက်အနည်းငယ် အနားယူလိုက်တာမျိုး၊အကိုက်အခဲ ပျောက်ဆေး သောက်လိုက်ရုံနဲ့ ခါးနာခြင်း ဝေဒနာသက်သာသွားတာများပြီး အချို့သောအခြေအနေတွေမှာတော့ခွဲစိတ်ကုသဖို့လိုအပ်တာမျိုးအထိရှိနိုင်ပါတယ်။
ခါးနာစေတဲ့ အကြောင်းအရင်းတွေကတော့
- ကြွက်သား သို့မဟုတ် အရွတ်တွင်ဒဏ်ရာရခြင်း
- ခါးကျောရိုးအဆစ်ပြားကျွံခြင်း
- ခါးရိုးအဆစ်ရောင်ရမ်းခြင်း
- အရိုးပွခြင်း
- ခါးအရိုးကင်ဆာဖြစ်ခြင်း စတဲ့အရိုးနဲ့ကြွက်သားပြဿနာတွေကြောင့်ခါးနာနိုင်သလို
- ကျောက်ကပ်ရောဂါ
- ဆီးလမ်းကြောင်း နှင့်လိင်အင်္ဂါတွင်ဖြစ်သောရောဂါများ
- အာရုံကြောညပ်ခြင်း၊ကျောရိုးအာရုံကြောမ တွင်ဖြစ်သောရောဂါများ
စတဲ့ ရောဂါများမှာလည်း ခါးနာခြင်းခါးကိုက်ခြင်းဝေဒနာ
ခံစားရနိုင်ပါတယ်။
ခါးနာခြင်းမဖြစ်အောင်ဘယ်လိုကာကွယ်လို့ရပါသလဲ?
- ခါးကြွက်သားတွေသန်မာစေဖို့အတွက်နေ့စဉ် မပြင်းထန်တဲ့လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ရာမှာခါးရိုးကိုမထိခိုက်တဲ့နည်းစနစ်မှန်မှန်ပြုလုပ်ဖို့လိုပါတယ်။
- အဝမလွန်အောင် ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။
- အလေးအပင်မရာမှာခါးကိုဝန်မပိစေဖို့ ကိုယ်ဟန်အနေအထားမှန်မှန်နဲ့သယ်ယူပါ။
(ခါးကိုကုန်း၍ပစ္စည်းကောက်ခြင်း မပြုလုပ်ဘဲ ခါးရိုးကိုတည့်မတ်စွာထား၍ ဒူးခေါင်းကိုကွေး၍ ပစ္စည်းကိုမတင်ခြင်းပြုလုပ်ခြင်းဖြင့် ခါးနာခြင်းမဖြစ်အောင်ကာကွယ်နိုင်ပါတယ်)
- နေ့စဉ်အထိုင်များတဲ့သူတွေအတွက် ခါးရိုးပုံသဏ္ဌာန် စနစ်တကျဖြစ်အောင် ခါးကိုတည့်မတ်စွာထားပြီး ထိုင်ဖို့လိုပါတယ်။
- မတ်တပ်ရပ်ချိန်မှာလည်း ခါးရိုးကိုတည့်မတ်စွာထားပြီး ပုံသဏ္ဌာန် မှန်မှန်ဖြစ်အောင် ပြုမူနေထိုင်ပါ။
- ညအိပ်ရာဝင်ချိန်မှာခါးရိုးကိုပုံမှန်ဖြစ်စေဖို့ ဒူးခေါင်းအောက်တွင်ခေါင်းအုံး အနိမ့် ထား၍အိပ်ခြင်း သို့မဟုတ် ဘေးတစောင်းအိပ်၍ ဒူးနှစ်ဖက်ကြားတွင်ခေါင်းအုံးခံ၍အိပ်ခြင်း ဖြင့် ခါးကိုဝန်မပိအောင်ကာကွယ်နိုင်ပါတယ်။
- ဒေါက်မြင့်လွန်းသောဖိနပ်များဝတ်ဆင်ခြင်းကိုရှောင်ကြဉ်ပါ။
- ဆေးလိပ်သောက်ပါကဆေးလိပ်ဖြတ်ပါ။
စတဲ့နည်းလမ်းတွေနဲ့ ခါးနာခြင်းမဖြစ်အောင်
ကြိုတင်ကာကွယ်နိုင်ပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာဆရာဝန်နဲ့သွားရောက်ပြသဖို့လိုပါသလဲ?
- ပြင်းထန်သောထိခိုက်ဒဏ်ရာရမှုကြောင့် ခါးနာခြင်း
(ဥပမာ- ယာဉ်တိုက်မှု၊ အမြင့်မှပြုတ်ကျခြင်း)
- ရက်သတ္တပတ် ၁ပတ်-၂ပတ်ကျော်သည်အထိခါးနာခြင်း
- ခြေထောက် ခြေချောင်းများထုံကျဉ်ခြင်း
- ခြေထောက်လှုပ်ရှားရာတွင်အားမရှိခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- အစားအသောက်ပျက်ခြင်း
- ဖျားခြင်း
- ဆီးလမ်းကြောင်း၊ဝမ်းလမ်းကြောင်းဆိုင်ရာလက္ခဏာများခံစားရခြင်း
- လိင်အင်္ဂါပိုင်းဆိုင်ရာလက္ခဏာများခံစားရခြင်းစတဲ့ ရောဂါလက္ခဏာတွေခံစားရပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။
Dr.Phyu
Photo credit- eMedicineHealth