【 အလှအပနှင့်ကျန်းမာရေး 】စားချဉ့်ပြန်ခြင်း(Gastroesophageal reflux disease)

【 အလှအပနှင့်ကျန်းမာရေး 】စားချဉ့်ပြန်ခြင်း(Gastroesophageal reflux disease)

ဒီတစ်ပတ်မှာ‌တော့ စားချဉ့်ပြန်ခြင်း(Gastroesophageal reflux disease) အကြောင်းကို ပြောပြ ပေးချင်ပါတယ်။

လူတိုင်းနီးပါးခံစားဖူးတဲ့အစာလေချဉ်တက်တယ်လို့ လူတွေကြားအပြောများတဲ့ စားချဉ့်ပြန်ခြင်းဆိုတာ အစာအိမ်ကထွက်တဲ့ အက်ဆစ်တွေအစာပြွန်အထက်သို့ ဆန်တက်ခြင်းကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။

အက်ဆစ်ရဲ့တိုက်စားမှုကြောင့် အစာပြွန်ရောင်ရမ်းမှုဖြစ်တဲ့အခါ ရင်ခေါင်းပူခြင်းဟူသော လက္ခဏာ ကို စတင်ခံစားရပါတယ်။‌

‌အစာလေချဉ်ပြန်ခြင်းရဲ့လက္ခဏာတွေကတော့

၁- အစာချဉ်ပြန်ခြင်းဟာအစာစားပြီးချိန်နှင့်ညအိပ်ရာဝင်ချိန်တွင် အက်ဆစ်ပြန်တက်မှုအများဆုံးဖြစ်တတ်ပြီး ရင်ပူခြင်း၊ရင်ဘတ်အောင့်ခြင်းကို ခံစားရတတ်ပါတယ်။

(*သတိပြုရမှာကတော့ ရင်ဘတ်အောင့်ခြင်းဟာနှလုံးသွေးကြောကျဉ်းရောဂါမှာလည်း ခံစားရတတ်တာကြောင့် ရင်ဘတ်အောင့်ခြင်းခံစားရပါက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်)

၂- စားပြီးသောအစာများ‌‌ လေပြန်တက်ချိန်တွင်ပါလာခြင်း

၃-လည်ချောင်းထဲတွင်တစ်ခုခုတစ်စို့နေသည်ဟုခံစားရခြင်း

၄- အစာမျိုရခက်ခဲခြင်း စတဲ့လက္ခဏာများကို ခံစားရတတ်ပါတယ်။

ဘယ်လိုလူတွေမှာအဖြစ်ပိုများပါသလဲ?

၁- အဝလွန်သူများ

၂- ကိုယ်ဝန်ဆောင်များ

၃- ဆေးလိပ်သောက်သူများ

၄- အရက်အလွန်အကျွံသောက်သူများ

၅-ကော်ဖီ၊လက်ဖက်ရည် သောက်သုံးမှုများသူများ

၆- အဆီများလွန်းသော၊ဆီကြော်စာများအစားများသူများ

၇- အကိုက်အခဲပျောက်ဆေးများကိုရေရှည်စွဲသောက်နေရသူများ စသူတို့မှာအဖြစ်များပါတယ်။

နောက်ဆက်တွဲလက္ခဏာများ

အစာချဉ်ပြန်ခြင်းဟာ ပုံမှန်ထက်ပိုပြီးဆိုးဆိုးဝါးဝါးခံစားနေရပြီဆိုလျှင် ထိထိရောက်ရောက်ကုသဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ အစာချဉ်ပြန်ခြင်းကြောင့် နောက်ဆက်တွဲလက္ခဏာတွေဖြစ်တဲ့

၁- အစာပြွန်ကျဉ်းခြင်း

၂- အစာပြွန်အနာဖြစ်ခြင်း

၃- အစာပြွန်ကင်ဆာ စတဲ့ပြင်းထန်တဲ့ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကုသမလဲ?

လူအများစုကတော့ အစား‌အသောက်‌ နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲခြင်း၊ အက်ဆစ်ထွက်ခြင်းကို‌ လျော့ချပေးနိုင်တဲ့ဆေးများသောက် သုံးခြင်းဖြင့် အစာလေချဉ်ပြန်ခြင်းကိုကုသနိုင်ပါတယ်။

ဘယ်လို‌အစားအသောက်နေထိုင်မှုပုံစံကိုပြောင်းလဲမလဲ?

၁-ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထိန်းသိမ်းပါ။

၂-ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ။

၃- ညအိပ်ချိန်တွင် ခေါင်းရင်းပိုင်းကို အနည်းငယ်မြှင့်၍ အိပ်ပါ။

၄-အစာစားပြီးပြီးခြင်း လဲလျောင်းခြင်း မလုပ်ပါနဲ့။

၅-အစာကိုဖြေးဖြေးနှင့် သေချာစွာ ကျေညက်အောင် ဝါး‌စားပါ။

၆-ကော်ဖီ၊လက်ဖက်ရည်၊ရေနွေးကြမ်းစသော ကေဖင်းဓါတ်များသော အစားအစာများ၊ အဆီများလွန်းသော အစားအစာများကို ရှောင်ကြဉ်ပါ။

အစား‌အသောက်နေထိုင်မှုပြောင်းလဲခြင်း နဲ့ မသက်သာရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu

Photo crd - medanta.org