【 အလှအပနှင့်ကျန်းမာရေး 】ဆီးကျောက်တည်ခြင်း

【 အလှအပနှင့်ကျန်းမာရေး 】ဆီးကျောက်တည်ခြင်း

ဆီးကျောက်တည်တယ်ဆိုတာကတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်ဆီယမ် နဲ့အခြားသောသတ္တုဓါတ်တွေကကျောက်အဖြစ်အနည်ကျခြင်းကိုဆိုလိုပါတယ်။

ဆီးကျောက်ဟာ ကျောက်ကပ်၊ဆီးလမ်း‌ကြောင်း၊ဆီးအိမ်စတဲ့နေရာတွေမှာကျောက်တည်နိုင်ပါတယ်။

ဆီးကျောက်တည်ခြင်းဟာကျောက်ရဲ့တည်နေရာနဲ့အရွယ်အစားပေါ်မူတည်ပြီး အချို့သောသူတွေမှာလက္ခဏာမပြပဲရှိနိုင်ပါတယ်။

ဆီးကျောက်တည်စေတဲ့သတ္တုဓါတ်အမျိုးမျိုးရှိတဲ့အထဲက

ကယ်ဆီယမ်အောက်ဇလိပ် (Calcium oxalate) နဲ့ယူရစ်အက်ဆစ် ( Uric acid) ကြောင့်ဖြစ်တဲ့ကျောက်ကတော့အဖြစ်များပါတယ်။

 

ကျောက်ကပ်မှာကျောက်တည်ခြင်းရဲ့ရောဂါလက္ခဏာတွေကတော့

 

၁- ခါးအနောက်ဖက်နှင့် ဘေးဘက်တို့တွင်နာကျင်ခြင်း

၂- ပျို့အန်ခြင်း

၃- ဆီးထဲတွင်သွေးပါခြင်း

၄- ဆီးသွားချိန်တွင်နာကျင်မှုခံစားရခြင်း

၅- ဆီးသွားရခက်ခဲခြင်း

၆- မကြာခဏဆီးသွားချင်စိတ်ဖြစ်ခြင်း

၇- ဆီးကျောက်တည်ခြင်းကြောင့်ဆီးလမ်းကြောင်းပိုးဝင်ပါက ချမ်းတုန်ခြင်း

၈- ဆီးအနံ့နံခြင်း၊ ဆီးအရောင်နောက်ခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

 

ဘယ်လိုလူတွေမှာဆီးကျောက်တည်ခြင်းဖြစ်နိုင်ချေပိုများပါသလဲ?

 

၁- မိသားစုမျိုးရိုးထဲတွင်ဆီးကျောက်တည်ဖူးသောရာဇဝင်ရှိသူများ သို့မဟုတ် ယခင်တုန်းက ဆီးကျောက်တည်ဖူးသူများ

၂- ရေသောက်နည်းသူများ ကတော့ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဆီးကျောက်တည်ခြင်းဖြစ်နိုင်ချေပိုများပါတယ်။

၃- အဝလွန်သူများ

၄- သွေးတွင်း ကယ်ဆီယမ်ဓါတ်များသူများ (သွေးတွင်းကယ်ဆီယမ်များစေသောအစားအစာ၊ဆေးဝါးသောက်သုံးသူများ)

၅- ဆိုဒီယမ်၊ ကယ်ဆီယမ် နှင့် ပရိုတင်းဓါတ်များခြင်းကလည်း ဆီးကျောက်ကိုဖြစ်စေနိုင်ပါတယ်။

၆- နာတာရှည်အူလမ်းကြောင်းရောင်ရမ်းခြင်းဖြစ်စေသောရောဂါရှိသူများ

၇- အကြောင်းအမျိုးမျိုးကြောင့် အူလမ်းကြောင်းဖြတ်တောက်ခွဲစိတ်မှုခံယူထားသူများ စတဲ့သူ‌တွေမှာ ဆီးကျောက်တည်ခြင်းအဖြစ်များပါတယ်။

 

ဆီးကျောက်တည်ခြင်းကိုဘယ်လိုကုသနိုင်ပါသလဲ?

 

  • ဆီးကျောက်အရွယ်အစားနဲ့ နေရာပေါ်မူတည်ပြီး ဆေးဝါးနှင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ အသံလှိုင်းဖြင့်ကျောက်ချေခြင်းစတဲ့

ကုသနည်းတွေနဲ့ကုသနိုင်ပါတယ်

 

ဆီးကျောက်မဖြစ်အောင်ဘယ်လိုကာကွယ်ရပါမလဲ?

 

  • ရေများများသောက်ပါ။ ကျောက်ကပ်မှာ ကျောက်တည်ဖူးသူ‌ တွေအနေနဲ့ တစ်နေ့ကို ရေပမာဏ ၂လီတာခန့်သောက်သုံးဖို့လိုပါတယ်။
  • အောက်ဆယ်လိပ် (oxalate) ပါဝင်သော အစားအစာများဖြစ်သည့် ဟင်းနုနွယ်၊ ကန်စွန်းဥ၊ ချောကလက် ၊လက်ဖက်ရည်၊ချောကလက်၊မြေပဲနှင့်ပဲထွက်ကုန်များစတဲ့စားစရာများကို လျော့စားပါ။
  • ဆား နှင့် တိရစ္ဆာန်များမှရသော အသား များကိုလျော့စားပါ။

စတဲ့နည်းလမ်းတွေနဲ့ကာကွယ်နိုင်ပါတယ်။

 

Dr.Phyu

Photo credit-Navbharat Times