
【 အလှအပနှင့်ကျန်းမာရေး 】ဆီးချိုနှင့်ခြေထောက်အနာ
ဆီးချိုရောဂါရှိသူတွေဟာသာမန်လူတွေထက်ဒဏ်ရာဖြစ်လျှင် ရောဂါပိုးဝင်လွယ်ပြီး အနာဖြစ်ပါက သာမန်လူများထက်အနာကျက်နှုန်း နှေးတတ်ပါတယ်။
ဆီးချို ရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့အာရုံကြောထိခိုက်မှုဖြစ်တဲ့အခါ ခြေဖဝါး၊လက်ဖဝါးထုံကျဉ်ခြင်း၊ သွေးလည်ပတ်မှုမကောင်းခြင်းစတာတွေ ကြောင့် ခြေထောက်တွင်အနာဖြစ်လွယ်ပါတယ်။ အခန့်မသင့်ရင် ခြေချောင်း၊ခြေထောက်ဖြတ်တောက်ရခြင်းမျိုးပါ ပြုလုပ်ရနိုင်ပါတယ်။
ဒါကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ ခြေထောက်အနာမဖြစ်အောင်ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကိုပြောပြပေးလိုပါတယ်။
၁- ဆီးချိုရောဂါရှိသူတွေအနေနဲ့မိမိခြေထောက်ကိုနေ့စဉ်ကြည့်ရှုစစ်ဆေးဖို့လိုပါတယ်။
(ခြေထောက်တွင် နီရဲရောင်ရမ်းနေခြင်း၊အရည်ကြည်ဖုများထွက်ခြင်း ခြေဖဝါးအက်ကွဲခြင်းများ၊ အသားမာများ ရှိ/မရှိကို နေ့စဉ်ပုံမှန်စစ်ဆေးပါ။
ခြေထောက်နှင့်ခြေသည်းတွင်ဒဏ်ရာရှိမရှိကိုလည်းနေ့စဉ်စစ်ဆေးဖို့လိုပါတယ်။)
၂- သွေးတွင်းသကြားဓါတ်ကိုပုံမှန်ပမာဏအတွင်းရှိနေအောင်ထိန်းသိမ်းပါ။
(မနက်စာမစားခင် ဆီးချိုပမာဏ ၈၀ မှ ၁၂၀ mg/dl ကြား
အစာစားပြီး ဆီးချိုပမာဏ ၁၂၀ မှ ၁၈၀ mg/dl ကြား ရှိမယ်ဆိုရင်တော့ ဆီးချိုပမာဏပုံမှန်ဖြစ်ပါတယ်။)
၃- ဘယ်သွားသွားဖိနပ်စီးပါ။
(မိမိခြေထောက်နဲ့ကိုက်ညီသော၊သက်သောင့်သက်သာရှိသောဖိနပ်ကိုစီးပါ။ကြပ်လွန်းသောဖိနပ်များ၊ဒေါက်မြင့် လွန်းသောဖိနပ်များ၊ကြပ်လွန်းသောခြေအိတ်များဝတ်ဆင်ခြင်းကိုရှောင်ကြဉ်ပါ။)
၅- ခြေထောက်ကိုသန့်စင်အောင် နေ့စဉ်ဆေးကြောပါ။
(ခြေထောက်အစိုဓါတ်ထိန်းပေးသော Moisturizer/Lotion ပုံမှန်လိမ်းပေးခြင်းဖြင့် ခြေဖဝါးအက်ကွဲခြင်းကို ကာကွယ်နိုင်ပါတယ်။)
၆- ခြေထောက်တွင်အသားမာများရှိပါကမိမိဖာသာကုတ်ဖဲ့ခြင်း၊လှီးထုတ်ခြင်းမပြုလုပ်ပါနှင့်။
၇- ဆေးလိပ်မသောက်ပါနှင့်။
၈- ခြေသည်းညှပ်ချိန်မှာ ဒဏ်ရာမရအောင် ဂရုစိုက်ပါ။
ခြေထောက်တွင်အနာတရဖြစ်လာပြီဆိုရင်လည်း တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံ သွားရောက်ပြသပြီး စောလျင်စွာကုသမှုခံယူခြင်းအားဖြင့် ဆီးချိုအနာမကျက်ခြင်းကြောင့် ခြေချောင်း၊ခြေထောက်များ ဖြတ်တောက်ရ ခြင်းမျိုး ဖြစ်မလာအောင်ကာကွယ်နိုင်မှာဖြစ်တဲ့အကြောင်း အသိပညာဖြန့်ဝေလိုက်ရပါတယ်။
Dr.Phyu
Photo credit- Midwest Institute for Non-Surgical Therapy