【 အလှအပနှင့်ကျန်းမာရေး 】ဆောင်းရာသီတွင်အဖြစ်များသော အအေးမိခြင်း

【 အလှအပနှင့်ကျန်းမာရေး 】ဆောင်းရာသီတွင်အဖြစ်များသော အအေးမိခြင်း

ဆောင်းတွင်းရောက်လာချိန်မှာရာသီဥတုပြောင်းလဲခြင်းကြောင့် နှာစေး၊အအေးမိ၊ချောင်းဆိုး၊ဖျားနာ စတဲ့ရောဂါလက္ခဏာတွေခံစားရလေ့ရှိပါတယ်။

ရောဂါလက္ခဏာတွေကတော့

  • နှာရည်ယိုခြင်း၊နှာပိတ်ခြင်း
  • ချောင်းဆိုးခြင်း
  • ခေါင်းကိုက်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း
  • ဖျားခြင်း
  • လည်ချောင်းနာခြင်း စတဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ်။

ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တဲ့အအေးမိခြင်း ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားလေ့ရှိပြီးရက်အနည်းအငယ်အတွင်းသက်သာနိုင်ပါတယ်။

အိမ်‌တွင်နွေးနွေးထွေးထွေးနေပြီး အနားယူခြင်း၊‌ ဆေးဆိုင်မှာအလွယ်တကူဝယ်ယူနိုင်တဲ့ Over The Counter (OTC)ဆေးများဖြစ်တဲ့ကိုယ်ပူကျ‌ဆေး၊ အအေးမိဖျားနာ‌ သောက်ဆေးများအသုံးပြုနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာဆရာဝန်ထံသွားရောက်ပြသဖို့လိုပါသလဲ?

  • ဆေးဆိုင်မှာအလွယ်တကူဝယ်ယူနိုင်တဲ့ Over The Counter (OTC)အအေးမိဖျားနာ‌ သောက်ဆေးများသောက်ပြီးနောက်မှာ ရောဂါမသက်သာလျှင်
  • ချောင်းဆိုးခြင်းနဲ့အတူ သလိပ် အစိမ်းရောင်၊သံချေးရောင်များထွက်ခြင်း၊ချောင်းဆိုးသွေးပါခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • မောခြင်း
  • အသက်ရှူမြန်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • အသက်ရှူချိန်တွင်ရွှီရွှီဟူသော အသံများမြည်ခြင်း
  • ကိုယ်အပူချိန် အလွန်မြင့်ခြင်း
  • ကိုယ်ခံအားနည်းသောသူများ(ဥပမာ- HIV/AIDS ရောဂါရှိသူများ၊ (ဆီးချို၊နှလုံး၊ကျောက်ကပ်၊အဆုတ်စတဲ့နာတာရှည်ရောဂါရှိသူများ)၊ကင်ဆာရောဂါခံစားနေရသူများ၊ ကိုယ်ခံအားကျစေသောဆေးဝါးများသုံးစွဲနေရသူများ၊ အသက်၆၅ နှစ်အထက်ရှိသူများ၊ ကလေးငယ်များ၊ကိုယ်ဝန်ဆောင်မိခင်များ)စတဲ့ အခြေအနေတွေမှာတော့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံသွားရောက်ပြသပြီး ကုသမှုခံယူဖို့လိုပါတယ်။

အအေးမိဖျားနာခြင်းဟာအဖြစ်များတဲ့ရောဂါဖြစ်ပြီး သာမန်အားဖြင့် ပြင်းထန်လေ့မရှိပေမယ့်ကိုယ်ခံအားနည်းသောသူများမှာတော့ ရောဂါအခြေအနေပြင်းထန်တတ်ပါတယ်။

 ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့

  • လက်ကိုသန့်ရှင်းအောင်ဆပ်ပြာ၊ရေဖြင့် ဆေးကြောပါ။
  • အာဟာရပြည့်ဝအောင်စားသောက်ပါ။
  • ဗိုက်တာမင်ကြွယ်ဝ‌သော သစ်သီး၊ဟင်းရွက် များကိုစားသုံးပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • တစ်ကိုယ်ရည်သန့်ရှင်းရေးနေ့စဉ်ပြုလုပ်ပါ။
  • ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြုလုပ်ပါ။
  • အပြင်ထွက်တိုင်း မျက်နှာ၊နှာခါင်းစည်း (mask) အသုံးပြုပါ။

စတဲ့နည်းလမ်းတွေနဲ့ကြိုတင်ကာကွယ်နိုင်ပါတယ်။

Dr.Phyu

Photo credit- Summit Health