
【 အလှအပနှင့်ကျန်းမာရေး 】ဆေးလိပ်စွဲလန်းခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ
ဆေးလိပ်၊ဆေးပေါ့လိပ်၊အီးစီးကရက် (Vape) စတာတွေအကုန်လုံးမှာတူညီတာကတော့ စွဲလန်းမှုကို ဖြစ်စေပြီး လူ့ခန္ဓာကိုယ်ကို ရောဂါဖြစ်စေတာပဲဖြစ်ပါတယ်။
အခုနောက်ပိုင်း လူအများစုကဆေးလိပ်ဖြတ်ပြီး Vape လို့ခေါ်တဲ့ အီးစီးကရက်ပြောင်းသောက်ကြတာ တွေများလာပါတယ်။အီးစီးကရက်ဟာလဲ ဆေးလိပ်နည်းတူ အဆုတ်နဲ့အသက်ရှူလမ်းကြောင်းကို ဒုက္ခပေး ပါတယ်။
ဆေးလိပ်၊အီးစီးကရက်၊ဆေးပေါ့လိပ်တွေက ဘာကြောင့်စွဲလန်းမှုကိုဖြစ်စေတာလဲ?
- စီးကရက်၊ဆေးပေါ့လိပ်၊အီးစီးကရက် စတာတွေမှာပါဝင်တဲ့ နီကိုတင်းဟာလူ့ခန္ဓာကိုယ်မှာစွဲလန်းမှုကိုဖြစ်စေပါတယ်။
- ဒီစွဲလန်းမှုကို Nicotine dependence (နီကိုတင်းစွဲလန်းမှု)လို့ခေါ်ပါတယ်။
- ခန္ဓာကိုယ်မှာနီကိုတင်းထိတွေ့မှုများလေ စွဲလန်းမှုများလေဖြစ်ပါတယ်။
- ဆေးလိပ်မသောက်ရရင်မနေနိုင်ခြင်း၊ ဆေးလိပ်ဖြတ်ပြီးနောက် ဂနာမငြိမ်ခြင်း၊စိတ်ဓါတ်ကျသလိုခံစားရခြင်း၊အိပ်မပျော်ခြင်း စတဲ့လက္ခဏာတွေဟာ နီကိုတင်းစွဲလန်းခြင်းကြောင့်ဖြစ်ပါတယ်။
- ဆေးလိပ်သောက်သူအများစုဟာ ဆေးလိပ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကိုသိကြပေမယ့် စွဲလန်းမှုကို မလွန်ဆန်နိုင်လို့ဆေးလိပ်ဖြတ်ဖို့ ခက်ခဲနေရတာဖြစ်ပါတယ်။
စီးကရက်၊ဆေးပေါ့လိပ် စတာတွေရေရှည်သုံးစွဲမယ်ဆိုရင် ဘယ်လိုရောဂါတွေဖြစ်စေနိုင်ပါသလဲ?
စီးကရက်၊ဆေးပေါ့လိပ် စတာတွေမှာပါဝင်တာကတော့ နီကိုတင်းအပြင် ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်း များစွာပါဝင်ပါတယ်။
- နှလုံးသွေးကြောကျဉ်းရောဂါ၊နှလုံးကြွက်သားပုပ်ခြင်း
- လေဖြတ်ခြင်း
- အဆုတ်ပွ၊အဆုတ်လေပြွန်ကျဉ်း၊ အဆုတ်ရောင်ရောဂါ
- အဆုတ်ကင်ဆာ၊ အသံအိုးကင်ဆာ
- လျှာကင်ဆာ၊ အစာပြွန်ကင်ဆာ
- ဆီးချိုရောဂါ
- မျက်စိမှုန်ခြင်း၊မျက်စိတွင်တိမ်စွဲခြင်း
- အမျိုးသမီးများတွင် ကလေးမရနိုင်ခြင်း၊အမျိုးသားများတွင် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကျဆင်းခြင်း
- သွားနှင့်သွားဖုံးများပျက်စီးခြင်း
ကိုယ်ဝန်ဆောင်မိခင်များတွင်ဆေးလိပ်သောက်သုံးပါက
- သားအိမ်ပြင်ပတွင်သန္ဓေတည်ခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- ကလေးအသေမွေးခြင်း
- ကလေးတွင်မွေးရာပါကိုယ်အင်္ဂါချို့တဲ့မှုဖြစ်နိုင်ခြင်း
- ကိုယ်အလေးချိန်မပြည့်သောကလေးမွေးခြင်း စတဲ့ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။
Vape လို့ခေါ်တဲ့ အီးစီးကရက်သောက်ရင် ဆေးလိပ်သောက်သလိုဆိုးကျိုးတွေမရှိဘူးဆိုတာဟုတ်ပါသလား?
- အီးစီးကရက်ဟာ ယနေ့ခေတ်မှာအသုံးပြုလာကြတာဖြစ်လို့ ဆေးလိပ်လိုမျိုး နောက်ဆက်တွဲ ဆိုးကျိုး ရှိ/မရှိ ကို လေ့လာတွေ့ရှိမှုနည်းပါတယ်။
- ဒါပေမယ့်အီးစီးကရက်မှာလည်း ဆေးလိပ်လိုပဲနီကိုတင်းနှင့် ဓါတုပစ္စည်းများပါဝင်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊အဆုတ်ရောဂါ စတဲ့ ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။
- ဒါ့အပြင် အီးစီးကရက်မှာပါတဲ့ ဓါတုပစ္စည်းတွေကိုရှူရှိုက်ခြင်းကနေ အဆုတ်ကို ဆိုးဝါးစွာပျက်စီးစေနိုင်ပြီး အဆုတ်တွင်အမာရွတ်များဖြစ်ခြင်း စတာတွေကိုတွေ့ရှိလာရပြီး အီးစီးကရက် ခေါ် Vape ကြောင့် ဖြစ်သော အဆုတ်ပျက်စီးခြင်း ( E-cigarette or Vaping products associated Lung Injury)
EVALI လို့ခေါ်တဲ့ပြင်းထန် အဆုတ်ပျက်စီးခြင်းကနေ အသက်ဆုံးရှုံးမှုရှိတဲ့ ဖြစ်စဉ်တွေတော်တော် များများ ကိုတွေ့လာရပါတယ်။
- ဒါကြောင့် ဆေးလိပ်ဖြတ်မယ်ဆိုပြီး အီးစီးကရက်ပြောင်းသောက်ခြင်း၊ စတိုင်ကျတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အီးစီးကရက်သောက်ခြင်းဟာလည်း မှန်ကန်တဲ့ရွေးချယ်မှုမဟုတ်ပါဘူး။
နီကိုတင်းစွဲလန်းမှုကိုဘယ်လိုဖြတ်ကြမလဲ?
- ဆေးလိပ်ဖြတ်မယ့်ရက်ကိုကြိုတင်သတ်မှတ်ထားပြီး စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုပြုလုပ်ခြင်းအားဖြင့် ဆေးလိပ်ဖြတ်ဖို့ အထောက်အကူပေးပါတယ်။
- မိသားစုဝင်၊ သူငယ်ချင်းများအား မိမိဆေးလိပ်ဖြတ်မည့်အကြောင်းပြောပြ၍ ကူညီအားပေးမှုရယူပါ။
- နီကိုတင်းအစားထိုး သကြားလုံး၊ငုံဆေးများကို အသုံးပြုနိုင်ပါတယ်။
- ကိုယ်လက်လှုပ်ရှား၊အားကစားတစ်ခုခုပြုလုပ်၍ တက်ကြွစွာနေထိုင်ပါ။
- ဆေးလိပ်သောက်ချင်စိတ်ကိုဖြတ်နိုင်ဖို့ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ယောဂလေ့ကျင့်ခန်းပြုလုပ်ချင်း၊တရားထိုင်ခြင်းစတာတွေပြုလုပ်နိုင်ပါတယ်။
- ရေများများသောက်ပြီး၊ရေဓါတ်ခမ်းခြောက်မှုမရှိအောင်နေထိုင်ပါ။
- ဆေးလိပ်ဖြတ်မယ်လို့စိတ်ပိုင်းဖြတ်ပြီးပြီဆိုရင်တော့ ဘယ်အကြောင်းပြချက်မှမထားဘဲ စိတ်ရှည်ရှည်ထားပြီး မိမိစိတ်ကို ပိုင်နိုင်စွာချမှတ်ထားဖို့လိုပါတယ်။
- လိုအပ်ပါကတတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံမှအကူအညီရယူပါ။