【 အလှအပနှင့်ကျန်းမာရေး 】မေးခိုင်ရောဂါအကြောင်းသိကောင်းစရာ

【 အလှအပနှင့်ကျန်းမာရေး 】မေးခိုင်ရောဂါအကြောင်းသိကောင်းစရာ

မေးခိုင်ရောဂါဆိုတာကတော့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲကို မေးခိုင်ပိုးဝင်ရောက်ပါက မေးရိုးမှာရှိတဲ့ကြွက်သားများတောင့်သွားခြင်းကြောင့် မေးခိုင်ရောဂါလို့ခေါ်ကြတာဖြစ်ပါတယ်။

မေးခိုင်ပိုးဝင်‌ရောက်ပါက ခန္ဓာကိုယ်အတွင်းရှိ အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။မေးခိုင်ပိုးကြောင့် ကြွက်သားများကိုတောင့်သွားစေနိုင်ပြီး အသက်ရှူကြွက်သားများကို ထိခိုက်ခြင်းကြောင့် အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

မေးခိုင်ရောဂါရဲ့လက္ခဏာတွေကတော့

  • ခေါင်းကိုက်ခြင်း
  • မေး‌ရိုးရှိကြွက်သားများတောင့်ခြင်းကြောင့်မေးရိုးလှုပ်မရခြင်း
  • လည်ပင်းရှိကြွက်သားများတောင့်ခြင်း
  • အစာမျိုပြွန်ရှိကြွက်သားများတောင့်ခြင်းကြောင့် အစာမျို၍မရခြင်း
  • ဝမ်းဗိုက်ကြွက်သားများတောင့်ခြင်း
  • တက်ခြင်း
  • အသက်ရှူရခက်ခဲခြင်း-စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

မေးခိုင်ရောဂါ ဘယ်လိုကနေကူးစက်နိုင်သလဲ?

မေးခိုင်ရောဂါပိုးဟာ အောက်ဆီဂျင်မရှိသော အခြေအနေမှာပွားများနိုင်တဲ့ရောဂါပိုးအမျိုးအစားဖြစ်ပါတယ်။

မေးခိုင်ပိုးကူးစက်နိုင်တဲ့အခြေအနေတွေကတော့

 

  • ခန္ဓာကိုယ်ရှိ ဒဏ်ရာတွင်မြေကြီး၊ရွှံ့စသော အညစ်အကြေးများဝင်ရောက်ခြင်း
  • သံစူးခြင်းကဲ့သို့သောခန္ဓာကိုယ်တွင်နက်သောဒဏ်ရာ၊ကြီးမားသောဒဏ်ရာရခြင်း
  • တိရစ္ဆာန်အကိုက်ခံရခြင်း (ခွေးကိုက်ခံရခြင်း)
  • မီးလောင်ဒဏ်ရာ
  • ခန္ဓာကိုယ်အပြင်ဘက်သို့‌ဖောက်၍အရိုးကျိုးခြင်း
  • မသန့်ရှင်း‌သောခွဲစိတ်ကုသမှုမှတစ်ဆင့်မေးခိုင်ပိုးဝင်ခြင်း
  • မသန့်ရှင်းသောသွားကုသခြင်းကြောင့် ‌မေးခိုင်ပိုးဝင်ခြင်း
  • မွေးကင်းစကလေးငယ်များတွင် ချက်ကြိုးမှမေးခိုင်ပိုးဝင်ခြင်း
  • မသန့်ရှင်းသောဆေးထိုးအပ်၊ဆေးထိုးပြွန်များသုံးစွဲခြင်း စတာတွေကြောင့် မေးခိုင်ရောဂါကူးစက်နိုင်ပါတယ်။

မေးခိုင်ရောဂါဖြစ်ပြီဆိုပါက အသက်ရှူကြွက်သားများထိခိုက်ခြင်းကြောင့် အသက်အန္တရာယ်ဆုံးရှုံးရနိုင်ပါတယ်။

ဒါကြောင့် မေးခိုင်ပိုးမဝင်အောင်ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။

မေးခိုင်ပိုးမဝင်ရောက်အောင်

  • ကလေးငယ်များတွင်မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း
  • ကိုယ်ဝန်ဆောင်မိခင်ကို မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း
  • ခန္ဓာကိုယ်တွင်ကြီးမားသောနက်‌သောဒဏ်ရာများနှင့်၊‌ မေးခိုင်ရောဂါပိုးဝင်ရောက်နိုင်သောအခြေအနေများတွင် မေးခိုင်ကာကွယ်ဆေးထိုးနှံရန်လိုအပ်ပါတယ်။

သတိပြုရမယ့်အချက်တွေကတော့

  • မိမိခန္ဓာကိုယ်တွင်ဒဏ်ရာရရှိပါက ရေနှင့်ဆပ်ပြာအသုံးပြု၍ ဒဏ်ရာကိုသေချာစွာဆေးကြောသန့်စင်ပါ။
  • ဒဏ်ရာကို သန့်ရှင်းသောပတ်တီးစဖြင့်ဖုံးအုပ်၍နီးစပ်ရာ ဆေးရုံ၊ဆေးခန်းသို့သွားရောက်ပြသပြီးကုသမှုခံယူပါ။
  • ဒဏ်ရာအတွင်းသို့ အခြားသောအရည်များ၊ဆီများလောင်းခြင်း၊ အမှုန့်များသိပ်ခြင်း ကိုရှောင်ကြဉ်ပါ။

(ဒဏ်ရာအတွင်းသို့ မေးခိုင်ပိုးသာမက၊အခြားသောဘက်တီးရီးယားပိုးမွှားများဝင်ရောက်နိုင်တာဖြစ်လို့ရှောင်ကြဉ်ဖို့လိုပါတယ်။)

Dr.Phyu

Photo credit - freepik