
【 အလှအပနှင့်ကျန်းမာရေး 】ဝဲရောဂါ (ဝဲပေါက်ခြင်း)
ညအိပ်မရလောက်အောင် ခန္ဓာကိုယ်အနှံ့ အလွန်အမင်းယားယံမှုခံစားနေရပြီဆိုရင်တော့ ဝဲပေါက်နေပြီလားဆိုတာကို အရင်ဆုံးဆန်းစစ်ကြည့်သင့်ပါတယ်။
ဝဲရောဂါဆိုတာကတော့ ကူးစက်နိုင်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ ဝဲရောဂါဖြစ်ရတာကတော့ Sarcoptes scabiei ဆိုတဲ့ ပိုးကောင်ကြောင့်ဖြစ်ပါတယ်။
ပိုးကောင်ဟာခန္ဓာကိုယ်အရေပြားအနှံ့သွားလာပြီး ဥများကိုအရေပြားပေါ်မှာဥချခဲ့ခြင်းကြောင့် ခန္ဓာကိုယ်အနှံ့ယားယံခြင်းခံစားရတာဖြစ်ပါတယ်။
ဝဲပေါက်ရင်ဘယ်လိုရောဂါလက္ခဏာတွေခံစားရမလဲ?
လူတော်တော်များများသိထားကြတဲ့အတိုင်း ဝဲပေါက်ပြီဆိုရင် အဓိကခံစားရတဲ့ရောဂါလက္ခဏာကတော့ အရေပြားယားယံခြင်းဖြစ်ပါတယ်။
- လက်ချောင်းကြား၊ခြေချောင်းကြား
- ချိုင်း၊ ပေါင်ခြံ၊
- ခါး၊
- တံတောင်ဆစ်အတွင်းပိုင်း
- လက်ကောက်ဝတ်၊
- ခြေဖဝါး
- ရင်ဘတ်၊ ရင်သားအောက်ဖက်ခြမ်း
- လိင်အင်္ဂါတဝိုက်
- တင်ပါး စတဲ့ နေရာတွေမှာ အဓိကဖြစ်ပွားပြီး ညအိပ်ရာဝင်ခါနီးအချိန်မှာအရေပြားယားယံခြင်းကို
ပို၍ခံစားရလေ့ရှိပါတယ်။
-ခန္ဓာကိုယ်တွင်အလွန်အမင်းယားယံသောအနီရောင်အဖုများထွက်ခြင်း
- ဝဲကိုဖြစ်စေတဲ့ပိုးကောင်ဟာသေးငယ်လွန်းတဲ့အတွက် သာမန်မျက်စိနဲ့မမြင်နိုင်ဘဲပိုးကောင် တွင်းတူးပြီးသွားတဲ့လမ်းကြောင်းကိုတော့ ခန္ဓာကိုယ်ပေါ်မှာ မြင်နိုင်ပါတယ်။
ဘယ်လိုလူတွေမှာ ဝဲပိုပေါက်နိုင်သလဲ?
ဝဲရောဂါကတော့ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ရောဂါဖြစ်ပြီး
- တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းသူများ
- ကိုယ်ခံအားနည်းသောသူများ
(HIV/AIDS ရောဂါခံစားနေရသူများ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ကိုယ်ခံအားကျစေသောဆေးများသုံးစွဲနေရသူများ)
- အတူနေမိသားစုဝင်ထဲမှာဝဲရောဂါရှိသူများ
- ကလေးငယ်များ
- အသက်အရွယ်ကြီးသူများ
- လူဦးရေထူထပ်စွာနေထိုင်ရသူများ
(ဥပမာ- အဆောင်၊ဂေဟာများ၊ရိပ်သာ)စသောနေရာ များတွင်နေထိုင်သူများ စတဲ့အခြေအနေတွေမှာ ရောဂါဖြစ်နိုင်ချေပိုများပါတယ်။
ဝဲရောဂါကဘယ်လိုကူးစက်နိုင်ပါသလဲ?
ဝဲရောဂါကတော့ တစ်ဦးနဲ့တစ်ဦး ထိတွေ့ခြင်းကြောင့်ကူးစက်တာဖြစ်ပါတယ်။
- ဝဲရောဂါရှိသူနှင့်အင်္ကျီ၊အဝတ်အစား၊အိပ်ရာခင်းမျှဝေသုံးစွဲခြင်း
- တစ်ကိုယ်ရည်သုံးပစ္စည်းများမျှဝေသုံးစွဲခြင်း
- လက်ဆွဲနှုတ်ဆက်ခြင်း၊ပွေ့ဖက်ခြင်း၊လိင်ဆက်ဆံခြင်း စတဲ့ထိတွေ့ဆက်ဆံခြင်းကြောင့် ကူးစက်နိုင်ပါတယ်။
ဝဲရောဂါကိုဘယ်လိုကုသနိုင်သလဲ?
ဝဲရောဂါဟာ ပျောက်ကင်းအောင်ကုသနိုင်တဲ့ အရေပြားရောဂါဖြစ်ပါတယ်။
- ဝဲပိုးသေစေတဲ့ (permethrin၊ malathion)စသောလိမ်းဆေးများ
- ယားယံမှုသက်သာစေသောဆေးများ
- လိမ်းဆေးနဲ့မသက်သာတဲ့သူတွေမှာတော့သောက်ဆေးပါအသုံးပြုဖို့လိုပါတယ်။
သောက်ဆေးလိမ်းဆေးများအပြင်
- တစ်ကိုယ်ရည်သန့်ရှင်းရေးနေ့စဉ်ပြုလုပ်ခြင်း
- အဝတ်အစားများ၊အိပ်ရာခင်း၊ခေါင်းအုံး၊စောင်၊မျက်နှာသုတ်ပဝါ စတဲ့ ပစ္စည်းများကို ရေနွေးဖြင့် လျှော်၍ နေပူတွင်လှန်းခြင်း
- ဝဲရောဂါဟာ အလွန်အမင်းယားယံစေတဲ့ရောဂါဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်ကုတ်ခြင်းကနေ အရေပြားရောင်ရမ်း ပေါက်ပြဲမှုဖြစ်ကာ ရောဂါပိုးဝင်ရောက်နိုင်တာကြောင့် ပြင်းပြင်းထန်ထန်ကုတ်ခြင်းကို သတိပြုရှောင်ကြဉ်စေလိုပါတယ်။
Dr.Phyu
Photo credit – NHS