
【 အလှအပနှင့်ကျန်းမာရေး 】သတိပြုစရာစိတ်ကျန်းမာရေးပြဿနာ
လူတိုင်းကိုယ်စီမှာ စိတ်ပူပင်စရာ၊ဝမ်းနည်းစရာ ကိုယ်စီရှိကြပါတယ်။ဒီလိုပူပင်ဝမ်းနည်းမှုတွေကနေ စိတ်ဖိစီးမှု၊စိတ်ဓါတ်ကျခြင်း၊ အစိုးရိမ်လွန်ကဲခြင်း စတဲ့ စိတ်ကျန်းမာရေးပြဿနာတွေကိုဖြစ်စေပါတယ်။
မိမိခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုတွေကို သတိပြုမိပြီး၊ စိတ်ကျန်းမာရေးထိခိုက်လာပြီလို့ ခံစားရတဲ့အခါ၊ စောလျင်စွာ အကူအညီရယူဖို့ နဲ့၊ကုသမှုခံယူဖို့အရေးကြီးပါတယ်။
ဘယ်လိုလက္ခဏာတွေ ခံစားရရင် မိမိရဲ့စိတ်ကျန်းမာရေးကိုခြိမ်းခြောက်နေမှန်းသိနိုင်မလဲ?
၁- စိတ်ခံစားချက်ပြောင်းလဲ၊ပြင်းထန်လာခြင်း
(ဝမ်းနည်းလွယ်ခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ ဒေါသထွက်လွယ်ခြင်း၊စိတ်အပြောင်းအလဲ၊အတက်အကျမြန်ခြင်း)
၂- နေထိုင်မှု၊အပြုအမူ၊ အကျင့်စရိုက် ပြောင်းလဲလာခြင်း
( ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှုမရှိခြင်း၊
နေ့စဉ်လုပ်ငန်းဆောင်တာများတွင် စိတ်ပါဝင်စားမှုအားနည်းခြင်း၊
ပုံမှန်လုပ်ဆောင်နေကြ လုပ်ငန်းဆောင်တာများတွင် အာရုံစူးစိုက်မှုကျဆင်းခြင်း)
၃- အစားအသောက်ပျက်ခြင်း၊ အိပ်မပျော်ခြင်း၊
၄- အရက်အလွန်အကျွံသောက်သုံးခြင်း၊ မူးယစ်ဆေးဝါးများ အလွဲသုံးစားပြုလုပ်မိခြင်း
၅- အကြောင်းအရင်းမရှိဘဲ အမြဲပင်ပန်းနွမ်းနယ်မှုခံစားရခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ခေါင်းကိုက်ခြင်း
၆- စိတ်ဖိစီးမှု အရမ်းများခြင်း၊ စိတ်ဖိစီးမှု မဖြေလျော့နိုင်ခြင်း
၇- မိမိကိုယ်ကို အပြစ်တင်မှုများခြင်း၊မိမိကိုယ်ကို အသုံးမကျဖြစ်လာသည်ဟု ခံစားရခြင်း
၈- မိမိကိုယ်ကို အဆုံးစီရင်လိုသည့်စိတ်များဝင်ခြင်း၊
အဆုံးစီရင်ရန်ကြိုးပမ်းခြင်း
ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဘယ်လိုနည်းလမ်းတွေနဲ့စိတ်ကျန်းမာရေးပြဿနာတွေမဖြစ်ဖို့အတွက်ကြိုတင်ကာကွယ်နိုင်မလဲ?
မိမိရဲ့စိတ်ကျန်းမာရေးကောင်းမွန်ဖို့အတွက်လိုက်နာသင့်တဲ့အချက်တွေကတော့
၁- အိပ်ရေးဝအောင်အိပ်ပါ။
(အရွယ်ရောက်ပြီးသားသူတစ်ယောက်အတွက် အိပ်ချိန် ၇နာရီ မှ ၉နာရီ ခန့် လိုအပ်ပါတယ်)
၂- ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြုလုပ်ပါ။
(တစ်နေ့လျှင် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ပါ)
၃- အာဟာရပြည့်ဝအောင် စားသောက်ပါ။
(ဟင်းသီးဟင်းရွက်၊ သစ်သီး၊အသားငါး၊ပဲနှင့် အစေ့အဆံများကိုမျှတအောင်စားသောက်ပါ။
အရက်နှင့် ကေဖင်းဓါတ်များသော ကော်ဖီ၊လက်ဖက်ရည်၊အချိုရည်များအလွန်အကျွံ သောက်သုံးခြင်းကိုရှောင်ကြဉ်ပါ)
၄- စိတ်ဖိစီးမှုလျော့ချပေးသော လေ့ကျင့်ခန်းများပြုလုပ်ပါ။
(ဥပမာ- ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်း)
၅- မိသားစုဝင်များ၊အပေါင်းအသင်းဆွေမျိုးမိတ်ဆွေများနှင့် မကြာခဏ တွေ့ဆုံစကားပြောခြင်း ပြုလုပ်ပါ။
၆- အားလပ်ချိန်ထားပါ။
( ဝါသနာပါရာတစ်ခုခုကို အားလပ်ချိန်တွင် ပြုလုပ်ခြင်း ဖြင့်လည်း စိတ်ဖိစီးမှုကိုလျော့ချနိုင်ပါတယ်။ ဥပမာ- စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း)
၇- မိမိကိုယ်တိုင် စိတ်ဖိစီးမှုကို မဖြေလျော့နိုင်ဘဲ စိတ်ဓါတ်ကျခြင်း လက္ခဏာများ ခံစားရပါက တတ်ကျွမ်းနားလည်တဲ့
ဆရာဝန်နဲ့တိုင်ပင်ပြီး ထိရောက်စွာကုသမှုခံယူပါ။
Dr.Phyu
Photo credit - freepik