【 အလှအပနှင့်ကျန်းမာရေး 】သိုင်းရွိုက်ဟော်မုန်းများခြင်း(Hyperthyroidism )

【 အလှအပနှင့်ကျန်းမာရေး 】သိုင်းရွိုက်ဟော်မုန်းများခြင်း(Hyperthyroidism)

သိုင်းရွိုက်ဂလင်း (Thyroid Gland)ဆိုတာကတော့ လည်ပင်းအရှေ့မှာရှိပြီး  သိုင်းရွိုက်ဟော်မုန်း (Thyroid Hormone)ထုတ်လုပ်ပေးတဲ့ လိပ်ပြာပုံသဏ္ဌာန် အင်္ဂါအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းကတော့ခန္ဓာကိုယ် အပူချိန်၊သွေးဖိအား၊နှလုံးခုန်နှုန်း စတဲ့ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ပေးတဲ့ဟော်မုန်းအမျိုးအစားဖြစ်ပါတယ်။

သွေးထဲမှာရှိတဲ့ သိုင်းရွိုက်ဟော်မုန်းပမာဏဟာ ပုံမှန်ထက်ပိုများနေမယ်ဆိုရင်တော့ သိုင်းရွိုက်ဟော်မုန်းများသော  ရောဂါဖြစ်စေပါတယ်။

ရောဂါလက္ခဏာတွေကတော့

  • နှလုံးခုန်နှုန်းမြန်ခြင်း၊ရင်တုန်ခြင်း
  • လက်တုန်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အစားစားချင်စိတ်များခြင်း၊အလွန်အမင်းစားသောက်ခြင်း
  • ရာသီဥတုပူသောဒဏ်ကိုခံနိုင်ရည်မရှိခြင်
  • အလွန်အမင်းချွေးထွက်ခြင်း
  • လက်ဖဝါးပူနွေးစိုစွတ်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း၊ကြွက်သားများအားနည်းခြင်း
  • အမျိုးသမီးများတွင်ဓမ္မတာမမှန်ခြင်း
  • စိတ်တိုလွယ်၊ဒေါသထွက်လွယ်ခြင်း
  • ဝမ်းမကြာခဏသွားခြင်း
  • ပုံမှန်ထက်ပို၍မျက်လုံးပြူးလာခြင်း
  • လည်ပင်းကြီးခြင်း

(လည်ပင်းရှိသိုင်းရွိုက်အရွယ်အစားကြီးလာပါက အသက်ရှူလမ်းကြောင်းကိုဖိခြင်းကြောင့် အသက်ရှူရ ခက်ခဲခြင်း၊အစာပြွန်ကိုဖိခြင်းကြောင့် အစာမျိုရခက်ခဲခြင်း) စတဲ့ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများသောရောဂါကိုစစ်ဆေးဖို့အတွက်

  • ရောဂါရာဇဝင်မေးမြန်းခြင်း၊စမ်းသပ်စစ်ဆေးခြင်းများအပြင်
  • သွေးတွင်းသိုင်းရွိုက်ဟော်မုန်းပမာဏတိုင်းတာခြင်း
  • သိုင်းရွိုက်ဂလင်းကို အာထရာဆောင်းရိုက်ခြင်း
  • ရေဒီယိုအိုင်အိုဒင်းသိုင်းရွိုက် (Radioiodine Scan)စစ်ဆေးခြင်း စတဲ့နည်းလမ်းတွေနဲ့စစ်ဆေးနိုင်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါကိုဘယ်လိုကုသမလဲ?

သိုင်းရွိုက်ဟော်မုန်းများခြင်းကို

  • ဆေးဝါးများဖြင့်ကုသခြင်း
  • ရေဒီယိုအိုင်အိုဒင်း( Radioiodine)ဖြင့်ကုသခြင်း
  • ခွဲစိတ်ကုသခြင်း စတဲ့နည်းလမ်းတွေနဲ့ကုသနိုင်ပါတယ်။

သိုင်းရွိုင်ဟော်မုန်းများသောရောဂါကိုမကုသဘဲထားပါက

  • နှလုံးခုန်နှုန်းမမှန်ခြင်း၊နှလုံးအားနည်းခြင်း
  • လေဖြတ်ခြင်း
  • အရိုးပွခြင်း
  • မျက်စိအမြင်အာရုံထိခိုက်ခြင်း စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

အရေးကြီးတဲ့အချက်ကတော့ သိုင်းရွိုက်ဟော်မုန်းဟာများလွန်းလျှင်လည်းရောဂါဖြစ်စေနိုင်သလို နည်းလွန်းလျှင်လည်းရောဂါဖြစ်စေနိုင်ပါတယ်။ဒါကြောင့် သိုင်းရွိုက်ရောဂါရှိသူတွေအနေနဲ့ မိမိရဲ့သိုင်းရွိုက်ဟော်မုန်းပမာဏကို ပုံမှန်အတွင်းရှိစေဖို့ ဆေးပုံမှန်သောက်ပြီး၊ဟော်မုန်းဆရာဝန်နဲ့‌‌ပုံမှန်စစ်ဆေးကုသမှုခံယူ ဖို့လိုပါတယ်။

 

Dr.Phyu

 

Photo credit- Houston Sinus Surgery