【 အလှအပနှင့်ကျန်းမာရေး 】သွေးကင်ဆာ (Leukemia)အကြောင်းသိကောင်းစရာ

【 အလှအပနှင့်ကျန်းမာရေး 】သွေးကင်ဆာ (Leukemia)အကြောင်းသိကောင်းစရာ

ကျွန်မတို့ခန္ဓာကိုယ်မှာ ရှိတဲ့သွေးဆဲလ်တွေထဲကအဓိက ၃မျိုးကတော့ သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးမွှား ဥ ပဲဖြစ်ပါတယ်။Leukemia (လူကီးမီးယား) ဆိုတာကတော့သွေးဖြူဥများသောသွေးကင်ဆာ အမျိုးအစားကို ခေါ်ခြင်းဖြစ်ပါတယ်။

သွေးဖြူဥရဲ့အဓိကအလုပ်ကတော့ကျွန်မတို့ရဲ့ခန္ဓာကိုယ်ကို ရောဂါများဝင်‌ ရောက်ခြင်းကိုကာ ကွယ် ပေးပြီး၊ ရောဂါပိုး‌တွေဝင်ရောက်လာပါကလည်း ပြန်လည်တိုက်ထုတ်ပေးတဲ့ အလုပ်ကိုလုပ်ဆောင်ပါတယ်။

သွေးကင်ဆာ(Leukemia)ရောဂါမှာတော့ ရိုးတွင်းချဥ်ဆီမှ သွေးဖြူဥများကိုအလွန်အကျွံထုတ်လုပ်‌‌ပါတယ်။ သွေးဖြူဥပမာဏများသော်လည်း ရောဂါကိုကာကွယ်မပေးနိုင်တဲ့ တနည်းအားဖြင့် အရည်အသွေးမပြည့်မီ သော သွေးဖြူဥဆဲလ်များရိုးတွင်းချဉ်ဆီမှ အလွန်အကျွံထုတ်ခြင်းကြောင့်သွေးကင်ဆာဖြစ်ရခြင်းဖြစ်ပါတယ်။

သွေးဖြူဥများသောသွေးကင်ဆာအမျိုးအစားများစွာရှိပါတယ်။အချို့သောသွေးကင်ဆာများဟာ ကလေးတွေမှာအဖြစ်များပြီး အချို့အုပ်စုတွေကတော့ လူကြီးတွေမှာအဖြစ်များပါတယ်။

ရောဂါလက္ခဏာတွေကတော့

  • မကြာခဏဖျားခြင်း၊အဖျားရက်ရှည်ခြင်း
  • မကြာခဏရောဂါပိုးဝင်ခြင်း
  • အစား‌အသောက်ပျက်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • နှာခေါင်းသွေးလျှံခြင်း၊သွားဖုံးသွေးယိုခြင်း၊
  • ခန္ဓာကိုယ်တွင်‌သွေးခြေဥလွယ်ခြင်း၊အနီစက်များထွက်ခြင်း
  • ခန္ဓာကိုယ်တွင်ပြန်ရည်ကြောအကြိတ်များကြီးခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း၊မောပန်းခြင်း
  • အရိုးအဆစ်များနာကျင်ခြင်း
  • ညဖက်တွင်ချွေးစေးများထွက်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

သွေးကင်ဆာရောဂါ ခံစားရနိုင်ချေများတဲ့သူတွေကတော့

  • ကင်ဆာရောဂါတစ်ခုခုကြောင့် ကင်ဆာဆေး(Chemotherapy)သွင်းဖူးသူများ၊ ဓါတ်ရောင်ခြည်ကုထုံး (Radiotherapy)ကုသမှုခံယူဖူးသူများ
  • မိသားစုမျိုးရိုးထဲတွင် သွေးကင်ဆာရောဂါရှိသူများ
  • ဆေးလိပ်သောက်သူများ
  • ကင်ဆာဖြစ်စေသောဓါတုပစ္စည်းများထိ‌တွေ့ကိုင်တွယ်နေရသူများ(ဥပမာ- Benzene၊ Formaldehydeအစရှိသောဓါတုပစ္စည်းများ)
  • အချို့‌သောမျိုးရိုးဗေဒစနစ်ကြောင့်ဖြစ်သောရောဂါများ

 (ဥပမာ- Down Syndrome ၊ Klinefelter Syndrome) အစရှိသောရောဂါခံစားနေရသူများ စတဲ့သူ တွေမှာ သွေးကင်ဆာရောဂါခံစားရနိုင်ချေပိုများပါတယ်။

သွေးကင်ဆာ (Leukemia) ရောဂါရှိမရှိဘယ်လိုသိနိုင်မလဲ?

သွေးကင်ဆာရောဂါကို ရောဂါရာဇဝင်စစ်ဆေးမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများအပြင်

  • သွေးဆဲလ်များစစ်ဆေးခြင်း
  • ရိုးတွင်းချဉ်ဆီစမ်းသပ်စစ်ဆေးခြင်း
  • ရောဂါအခြေအနေပေါ်မူတည်၍ဓါတ်မှန်(X-ray)၊ ကွန်ပျူတာဓါတ်မှန် (CT scan)၊ သံလိုက်စက်ကွင်းဓါတ်မှန် (MRI) စစ်ဆေးခြင်း စတဲ့နည်းလမ်းများနဲ့ရောဂါရှာဖွေနိုင်ပါတယ်။

သွေးကင်ဆာရောဂါကို ကုသနိုင်တဲ့နည်းလမ်းတွေကတော့

  • ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
  • ဓါတ်ရောင်ခြည်ကုထုံးဖြင့်ကုသခြင်း (Radiotherapy)
  • ရိုးတွင်းချဉ်ဆီအစားထိုးကုသခြင်း (Bone marrow transplant)
  • ကိုယ်ခံအားစနစ်ဖြင့်ကုသခြင်း (Immunotherapy) စတဲ့နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။

သွေးကင်ဆာရောဂါဟာ ရောဂါအမျိုးအစားအမျိုးမျိုးရှိပြီး ရောဂါတစ်ခုနဲ့တစ်ခု ကုသမှု နည်းစနစ် မတူသလို ရောဂါပျောက်ကင်းနှုန်းလည်းမတူကြပါဘူး။

ဒါကြောင့် သွေးကင်ဆာရောဂါခံစားနေရသူတွေအနေနဲ့ စိတ်ဓါတ်မကျဘဲ ရောဂါကိုသေချာစွာ စမ်းသပ်စစ်ဆေးပြီး ကုသမှုခံယူဖို့တိုက်တွန်းလိုပါတယ်။

 

Dr.Phyu

Photo credit - Cancer Health