
【 အလှအပနှင့်ကျန်းမာရေး 】အသည်းရောင်အသားဝါစီရောဂါ
အသည်းရောင်အသားဝါစီရောဂါဟာ အသည်းရောင်အသားဝါစီပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။
အသည်းရောင်အသားဝါစီပိုးဟာအသည်းကိုဆိုးဝါးစွာပျက်စီးစေနိုင်ပြီးအသည်းခြောက်ခြင်း၊ အသည်း ရောင်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းစတာတွေဖြစ်စေနိုင်ပါတယ်။
အသည်းရောင်အသားဝါစီပိုးကူးစက်ခံရသူတွေဟာရောဂါစတင်ကူးစက်ခံရချိန်မှာရောဂါလက္ခဏာမပြဘဲ နှစ်ပေါင်းများစွာရှိနေနိုင်ပြီး အသည်းကို တိုက်ခိုက်ခံရပြီဆိုချိန်မှာရောဂါလက္ခဏာပြလေ့ရှိပါတယ်။
ရောဂါလက္ခဏာတွေကတော့
- အသားဝါခြင်း
- ဆီးအရောင်ရင့်ခြင်း
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- သွေးမတိတ်ခြင်း
- သွေးခြေဥလွယ်ခြင်း
- ဝမ်းဗိုက်ရေဖျင်းဆွဲခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
အသည်းရောင်အသားဝါစီပိုးကဘယ်လိုကူးစက်နိုင်ပါသလဲ?
- အသည်းရောင်အသားဝါစီပိုးရှိသောသွေးသွင်းမိခြင်း
- အသည်းရောင်အသားဝါစီပိုးရှိသောသူနှင့် မူးယစ်ဆေးကို ဆေးထိုးအပ်တစ်ခုထဲမျှ၍သုံးစွဲခြင်း၊ စီပိုးရှိသောသူသုံးစွဲထားသောအပ်ဖြင့်တက်တူးထိုးခြင်း၊ ဘလိပ်ဓါးတစ်ခုထဲသုံးစွဲခြင်း၊ နားပေါက်ဖောက်ခြင်း စသဖြင့်ခန္ဓာကိုယ်မှ သွေးထွက်စေနိုင်သောကိရိယာများကို မျှဝေသုံးစွဲခြင်းကနေ ကူးစက်နိုင်ပါတယ်။
- အသည်းရောင်အသားဝါစီပိုးရှိသူနှင့်လိင်ဆက်ဆံခြင်း စတာတွေကနေကူးစက်နိုင်ပါတယ်။
အသည်းရောင်အသားဝါစီပိုးရှိမရှိဘယ်လိုသိနိုင်ပါသလဲ?
အသည်းရောင်အသားဝါစီပိုးရှိမရှိကိုသွေးဖောက်စစ်ဆေးခြင်းဖြင့်သိရှိနိုင်ပါတယ်။
အသည်းရောင်အသားဝါစီပိုးကိုပျောက်ကင်းအောင်ကုသနိုင်ပါသလား?
အသည်းရောင်အသားဝါစီပိုးကို ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။ အသည်းရောင်အသားဝါစီပိုးသေဆေးကိုရောဂါအခြေအနေပေါ်မူတည်ပြီး ၂လ မှ ၇လ သောက်ဖို့လိုပါတယ်။
အသည်းရောင်အသားဝါစီပိုးရဲ့နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ အသည်းခြောက်ခြင်း၊အသည်းကင်ဆာ တို့မဖြစ်ခင်စီပိုးသေဆေးကိုသောက်ခြင်းဖြင့် ရောဂါကိုလုံးဝပျောက်ကင်းအောင်ကုသနိုင်ပါတယ်။
အသည်းရောင်အသားဝါစီပိုးကူးစက်မခံရအောင်ဘယ်လိုကာကွယ်နိုင်ပါသလဲ?
အသည်းရောင်အသားဝါစီပိုးကတော့ ဘီပိုးလိုမျိုးကာကွယ်ဆေးမရှိပါဘူး။
- လိင်ဆက်ဆံရာမှာအကာအကွယ်ကွန်ဒုံးအသုံးပြုခြင်းဖြင့်လည်း အသည်းရောင်အသားဝါစီပိုးသာမက၊ အသည်းရောင်အသားဝါဘီရောဂါ ၊HIV၊ကာလသားရောဂါစသဖြင့် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
- ဆေးထိုးအပ်၊ဘလိပ်ဓါးစသဖြင့် သွေးထွက်စေနိုင်တဲ့ကိရိယာတွေကို မျှဝေသုံးစွဲခြင်းကိုရှောင်ကြဉ်ခြင်း စတဲ့နည်းလမ်းတွေနဲ့အသည်းရောင်အသားဝါစီပိုးကူးစက်ခြင်းကနေကာကွယ်နိုင်ပါတယ်။
အသည်းရောင်အသားဝါစီပိုးကိုမကုသဘဲထားပါကနောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း တို့ကြောင့် အသက်ဆုံးရှုံးနိုင်ပါတယ်။
အသည်းရောင်အသားဝါစီပိုးဟာ ပျောက်ကင်းအောင်ကုသလို့ရတဲ့ရောဂါဖြစ်လို့ ရောဂါပိုးရှိမှန်းသိပြီဆိုတာနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံမှာ ထိရောက်တဲ့ ကုသမှုခံယူကြဖို့တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo credit- Kauvery Hospital