【 အလှအပနှင့်ကျန်းမာရေး 】“ ကျောက်ကပ်ဆေးခြင်း (Haemodialysis)”

【 အလှအပနှင့်ကျန်းမာရေး 】“ ကျောက်ကပ်ဆေးခြင်း (Haemodialysis)”

ဒီအပတ်မှာတော့ ကျောက်ကပ်ဆေးခြင်းအကြောင်းကိုပြောပြပေးချင်ပါတယ်။ကျွန်မတို့ခန္ဓာကိုယ်ရဲ့‌ သွေးထဲမှာရှိတဲ့ အညစ်အကြေးတွေကို‌ ကျောက်ကပ်ကပုံမှန်စွန့်ထုတ်ပေးပါတယ်။ကျောက်ကပ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်ဖြစ်တဲ့ အညစ်အကြေးဖယ်ရှားခြင်း မလုပ်ဆောင်နိုင်တဲ့အခါမှာတော့‌  ‌ ကျောက်ကပ်ပျက်စီးခြင်း ဆိုတဲ့ရောဂါကို ခံစားရပါတယ်။

ကျောက်ကပ်ပျက်စီးစေတဲ့ ရောဂါအမျိုးမျိုးရှိတဲ့ အထဲက အဖြစ်များတဲ့ရောဂါတွေဖြစ်တဲ့

၁- ဆီးချိုရောဂါ

၂- သွေးတိုးရောဂါ

၃- ကျောက်ကပ်ရောင်ရမ်းခြင်း

၄- ကျောက်ကပ်တွင် ရေအိတ်များတည်ခြင်း

စတဲ့ရောဂါတွေမှာ ကျောက်ကပ်ပျက်စီးတဲ့အဆင့် ရောက်ပြီဆိုရင်တော့ ကျောက်ကပ်ဆေးခြင်း နဲ့ကုသရပါတယ်။

 သွေးထဲမှာရှိနေတဲ့ အညစ်အကြေးများကို သွေးကြောမှတစ်ဆင့် ကျောက်ကပ်သန့်စင်ပေးတဲ့ စက်ဆီသို့ ပိုက်ကနေ သယ်ဆောင်သွားပြီးစက်ထဲမှာ သန့်စင်ခြင်းပြုလုပ်ပါတယ်။ အညစ်အကြေးများ ဖယ်ရှားပြီးသော‌‌ သန့်စင်ပြီး သွေးကို ပိုက်ကတစ်ဆင့် သွေးကြောထဲပြန်လည်ပို့ဆောင်ခြင်းကို ကျောက်ကပ်ဆေးတယ်လို့ ခေါ်ပါတယ်။

 

ကျောက်ကပ်ဆေးဖို့ဘာတွေလိုအပ်ပါသလဲ?

 

ကျောက်ကပ်ဆေးဖို့အတွက် သွေးကြောမွေးခြင်းပြုလုပ်ဖို့လိုအပ်ပါတယ်။

 သွေးထဲကအညစ်အကြေးတွေကို ကျောက်ကပ်သန့်စင်တဲ့စက်နဲ့ ဆက်သွယ်ဖို့အတွက် သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောကို ဆက်သွယ်ပြီးသွေးကြောမွေးခြင်းကို ပြုလုပ်ဖို့လိုပါတယ်။

သွေးကြောမွေးဖို့ အဆင်မပြေတဲ့သူများနဲ့ အရေးပေါ် ကျောက်ကပ်ဆေးဖို့ လိုအပ်သူတွေမှာတော့ လည်ပင်းသွေးပြန်ကြောကတစ်ဆင့် ဆက်သွယ်ပြီ းကျောက်ကပ်ဆေးခြင်းကို ပြုလုပ်နိုင်ပါတယ်။

ကျောက်ကပ်တစ်ခါဆေးမယ်ဆိုရင်တော့ ကြာချိန် ၃နာရီ မှ ၅ နာရီလောက် ကြာမြင့်နိုင်ပါတယ်။

ကျောက်ကပ်ဆေးတဲ့ အကြိမ်အရေအတွက်ကတော့ ၁ပတ်လျှင် ၃ကြိမ်ပြုလုပ်လေ့ရှိပါတယ်။ အကြိမ်အရေအတွက်ကတော့ အခြေအနေ ပေါ်မူတည်ပြီး တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။

 

ကျောက်ကပ်ဆေးရင်ဘာ‌ ‌‌ ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်ပါသလဲ?

 

၁-သွေးပေါင်ချိန်ကျခြင်း၊

၂- ကြွက်တက်ခြင်း

၃- ခေါင်းမူးခြင်း

၄- ခေါင်းကိုက်ခြင်း

၅-ယားယံခြင်း

၆- သွေးကြောမွေးထားသောနေရာတွင်ပိုးဝင်ခြင်း၊ သွေးခဲခြင်း စတာတွေဖြစ်နိုင်ပါတယ်။

 

ကျောက်ကပ်ဆေးတဲ့သူတွေကဘယ်လိုအစားအစာ တွေကိုစားသင့်ပါသလဲ?

 

 ပိုတက်ဆီယမ်ဓါတ်များလွန်း‌သော အရည်ရွှမ်းလွန်းသော အသီးအနှံများ၊ဟင်းသီးဟင်းရွက်များ၊

ဆိုဒီယမ် များလွန်းတဲ့ ငန်လွန်း‌သောအစားအစာများ၊ ဖော့စဖရက်များလွန်းသော ကိုယ်တွင်းကလီစာအသားများ၊ ပင်လယ်စာများကို‌ အလွန်အကျွံစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ကျောက်ကပ်ဆေးနေရတဲ့ လူနာတွေအတွက် အစားအသောက်ကိုတော့ သတ်မှတ်ပမာဏအချိုးအစားတိုင်း စားဖို့လိုအပ်သလို၊ရေပမာဏကိုလည်း သတ်မှတ်ပမာဏအတိုင်း သောက်သုံးဖို့လိုပါတယ်။

မိမိရဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး အစားအသောက်ကို ပုံမှန်အချိုးအစားအတိုင်း စားသောက်ဖို့ ‌အရေးကြီးပါတယ်။

ကျောက်ကပ်ဆေးခြင်းဟာ ကုန်ကျစရိတ်များတဲ့ ကုသမှုတစ်ခုလည်းဖြစ်ပါတယ်။ ‌ဒါကြောင့် မိမိကျောက်ကပ်ကို ပျက်စီးတဲ့အချိန်မရောက်ခင် သေချာစွာစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

အထူးသဖြင့်ဆီးချိုသမားတွေအနေနဲ့ မိမိသွေးတွင်းသကြားဓါတ်ကို

ပုံမှန်ထိန်းသိမ်းဖို့ လိုပါတယ်။ သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့လည်း သွေးပေါင်ကို ပုံမှန်ထိန်းသိမ်းဖို့လိုပါတယ်။

ဒါကြောင့်ဆေးပုံမှန်သောက်ပါ။ပုံမှန်ကျန်းမာရေးစစ်ဆေးပါ။

ချိုလွန်းသော၊ငန်လွန်းသော၊အဆီများလွန်းသောအစားအစာများကိုရှောင်ကြဉ်ပါ။

ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြုလုပ်ပါ။

ကာကွယ်ခြင်းကကုသခြင်းထက်ထိရောက်တာဖြစ်တဲ့အတွက်

မိမိကျောက်ကပ် ကျန်းမာဖို့ မိမိကိုယ်တိုင်ထိန်းသိမ်းစောင့်ရှောက် ကြပါလို့တိုက်တွန်းလိုပါတယ်။

Dr.Phyu

Photo crd.practicalpainmanagement.com