【 အလှအပနှင့်ကျန်းမာရေး 】“ ဆင်ရေယုန်(Herpes Zoster) ”

【 အလှအပနှင့်ကျန်းမာရေး 】“ ဆင်ရေယုန်(Herpes Zoster) ”

ဆင်‌ရေယုန်လို့ အများကသိကြတဲ့ ရေယုန် ရောဂါဟာ ရေကျောက်ရောဂါလို့ အများသိကြတဲ့ varicella zoster လို့ခေါ်တဲ့ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ရောဂါပါ။ ရေကျောက်ဖြစ်ဖူးတဲ့သူ‌ တွေမှာဆင်ရေယုန် ဖြစ်နိုင်ပါတယ် ။ ရေကျောက်ရောဂါပိုးဖြစ်ပြီးနောက် ဗိုင်းရပ်ဟာ လူ့ခန္ဓာကိုယ်ရဲ့အာရုံကြောအဖွဲ့အစည်းမှာနှစ်‌ပေါင်းများစွာလက္ခဏာမပြပဲ ခိုအောင်းနေနိုင်ပါတယ်။

ကိုယ်ခံအားကျဆင်းတဲ့အချိန်၊အသက် ၅၀ကျော်သူ၊ကင်ဆာဆေးသွင်းနေရသူ၊(HIV/AIDS) ကဲ့သို့သော ခုခံအားကျဆင်းမှုရောဂါဖြစ်နေသောသူတွေမှာ ခိုအောင်းနေတဲ့ ရေယုန်ဟာပြန်ကြွလာပြီး ဆင်ရေယုန် ကိုဖြစ်စေပါတယ်။

ဆင်ရေယုန်ကကူးစက်နိုင်ပါသလား?

ဆင်‌ရေယုန်က လူတစ်ဦးမှတစ်ဦးကူးစက်နိုင်ပါတယ်။ ဆင်ရေယုန်ရောဂါဖြစ်နေတဲ့သူရဲ့ အနာ၊ ရေကြည် ဖုတွေ ကနေ ရေကျောက်ရောဂါမဖြစ်ဖူးတဲ့သူဆီကို ကူးစက်နိုင်ပါတယ်။ ထိုသို့ကူးစက်ခံရပါက ဆင်‌ရေယုန် မဟုတ်ဘဲ ရေကျောက်ရောဂါဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်မိမိမှာဆင်ရေယုန်ဖြစ်နေပြီဆိုလျှင် ရေကျောက်‌မဖြစ်ဖူးသူ၊ကိုယ်ခံအားနည်းသူ၊‌ မွေးကင်းစကလေး၊ကိုယ်ဝန်ဆောင်မိခင်တွေဆီ အလွယ်တကူ ကူးစက်နိုင်တာကြောင့် ရောဂါဖြစ်နေချိန်မှာသီးခြား နေထိုင်သင့်ပါတယ်။

ဆင်ရေယုန်ရဲ့ရောဂါလက္ခဏာတွေကတော့

၁- အာရုံကြောကိုတိုက်ခိုက်တဲ့ ဗိုင်းရပ်ဖြစ်တာ‌ကြောင့် မီးစဖြင့်ထိုးသလိုနာခြင်း၊ပူစပ်စပ်ခံစားရခြင်း၊ တဆစ်ဆစ် ကိုက်ခြင်း

(ဆင်ရေယုန်ဟာအနာမဖြစ်ခင်ကတည်းက အာရုံကြောတစ်လျှောက်မှာ နာကျင်မှုကို စတင်ခံစားရနိုင်ပြီး၊ ထိုသို့ နာကျင်ပြီးနောက်မှ ဆင်ရေယုန်အနာ ပေါက်လေ့ရှိပါတယ်)

ဆင်ရေယုန်ဟာ အာရုံကြော နေရာတောက်လျှောက်မှာ ဖြစ်ပွားနိုင်ပြီး ဖြစ်ပွားတဲ့နေရာပေါ်မူတည်ပြီး ခါးတစ်ဝိုက်တစ်ပတ်လည်ဖြစ်လျှင် ခါးပတ်ရေယုန်လို့ခေါ်ကြပါတယ်။ အခြားမျက်နှာ၊ပေါင်ခြံအစရှိသဖြင့် အာရုံကြော သွားရာလမ်းကြောင်းမှာ

နာကျင်ခြင်း၊ပူစပ်စပ်ခံစားရခြင်းတို့ စတင်ခံစားရလေ့ ရှိပါတယ်။

၂.အနာတစ်လျှောက်တွင်နီရဲ‌ သောရေကြည်ဖုများ‌ ပေါက်ကာ ယားယံခြင်း၊နာခြင်း

၃.ကိုယ်အပူချိန်တက်ခြင်း၊ခေါင်းကိုက်ခြင်း

၄.ပင်ပန်းနွမ်းနယ်ခြင်း တို့ဖြစ်ပါတယ်။

နောက်ဆက်တွဲလက္ခဏာများ

၁.အချို့သောသူတွေမှာဆင်ရေယုန်ဖြစ်ပြီး ၁လ-၂လကြာသည်အထိ နာခြင်း၊ယားယံခြင်းကို ခံစားရနိုင်ပါတယ်။

၂.မျက်စိနားတစ်ဝိုက်တွင်ဖြစ်သော ဆင်ရေယုန်မှတစ်ဆင့် အမြင်အာရုံဆုံးရှုံးမှုအထိ ဖြစ်နိုင်ပါတယ်။

၃.ရေယုန်အနာကို သေချာစွာမကုသလျှင်လည်း အနာကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်နိုင်ပါတယ်။

၄.ရေယုန်ပိုးဟာအာရုံကြောကို တိုက်ခိုက်တာဖြစ်တဲ့အတွက် အာရုံကြောရောင်ရမ်းခြင်း၊ ဦးနှောက် အမြှေးပါး ရောင်ရမ်းခြင်း၊မျက်နှာအာရုံကြော ရောင်ရမ်းခြင်း စတာတို့ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မိမိမှာရေယုန်ဖြစ်နေပြီလို့ သံသယရှိရင် ဆရာဝန်ထံပြသပြီး ထိရောက်တဲ့ ကုသမှုရယူကြဖို့ တိုက်တွန်းလိုပါတယ်။

 

Dr.Phyu

 

photo credit: Verywell Health