【 အလှအပနှင့်ကျန်းမာရေး 】“ တုပ်ကွေးကာကွယ်ဆေးထိုးရမှာလား?”

【 အလှအပနှင့်ကျန်းမာရေး 】“ တုပ်ကွေးကာကွယ်ဆေးထိုးရမှာလား?”

အခုတော်တော်များများပြောနေကြတဲ့ တုပ်ကွေးကာကွယ်ဆေးထိုးသင့်/မထိုးသင့်ဆိုတဲ့အကြောင်း ကိုပြောပြ ပေးချင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးပြီ တုပ်ကွေးကာကွယ်ဆေး ထပ်ထိုးရဦးမှာလားလို့ လူတော်တော်များများ သိချင်နေကြတဲ့ တုပ်ကွေးကာကွယ်ဆေးအကြောင်း ပြောပြပေးချင်ပါတယ်။

တုပ်ကွေးရောဂါဆိုတာ influenza ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး နှစ်တိုင်း မိုးတွင်းဆောင်းတွင်းတိုင်းမှာ လူတိုင်းနီးပါးခံစားရတတ်တဲ့ ရာသီအကူးအပြောင်း တုပ်ကွေးရောဂါကို ဖြစ်စေတဲ့ ရောဂါပဲဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ဟာ ကိုယ်ခံအားကောင်းသူတွေမှာတော့ သာမန်အအေးမိနှာစေးကိုက်ခဲမှုသာခံစားရစေပေမယ့် ကိုယ်ခံအားနည်းတဲ့သူတွေမှာတော့ ပြင်းထန်စွာခံစားရနိုင်ပြီး၊ အဆုတ်ရောင် ရောဂါအထိခံစား ရနိုင်ပါတယ်။

ဒါကြောင့် မိမိဟာကာကွယ်ဆေးထိုးသင့်တဲ့အုပ်စုထဲပါ/မပါကြည့်ကြရအောင်။

တုပ်ကွေးကာကွယ်ဆေးထိုးသင့်တဲ့သူတွေကတော့...

၁- ကိုယ်ဝန်ဆောင်မိခင်များ၊

၂- အသက်အရွယ်ကြီးသူများ၊အဓိကအားဖြင့် အသက် ၆၀ကျော်သူများ၊

၃- ကိုယ်ခံအားနည်းသူများ ၊အိပ်အိုင်ဗီ၊အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များ၊

၄- နာတာရှည်ရောဂါအခံများဖြစ်တဲ့ သွေးတိုး၊နှလုံး၊ဆီးချို၊ ရင်ကျပ်ရောဂါရှိသူများ၊ အဆုတ်လေပြွန်ကျဉ်းရောဂါရှိသူများ၊ ကျောက်ကပ်ရောဂါရှိသူများ၊

၅- ကင်ဆာရောဂါဝေဒနာရှင်များ၊ကင်ဆာဆေးသွင်းနေရသူများ၊

၆- ကလေးငယ်များ စသူတွေမှာ တုပ်ကွေးကာကွယ်ဆေးထိုးဖို့အင်မတန်မှအရေးကြီးပါတယ်။

အပေါ်ကပြောတဲ့အုပ်စုထဲမပါရင်ထိုးလို့မရဘူးလား?

မဟုတ်ပါဘူး၊ တုပ်ကွေးကာကွယ်ဆေးကို အသက် ၆ လ အထက် ရှိသူတိုင်း ကာကွယ်ဆေးမထိုး သင့်တဲ့ အချက်တွေမရှိဘူးဆိုရင် ထိုးနိုင်ပါတယ်။

ကာကွယ်ဆေးမထိုးသင့်တဲ့သူတွေကတော့

၁- အရင်ကတုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက် ဓါတ်မတည့်ဖူးသူများ၊

၂- အသက် ၆လအောက်ကလေးငယ်များ၊

၃- ကြက်ဥနှင့်ဓါတ်မတည့်သူများ၊

၄- ယခင်ကာကွယ်ဆေးတစ်မျိုးမျိုးဓါတ်မတည့်ဖူးသူများ အနေနဲ့ကတော့ ကာကွယ်ဆေးမထိုးသင့်ပါဘူး။

ကာကွယ်ဆေးထိုးရင်ဘာကောင်းကျိုးတွေရမလဲ?

ရာသီတုပ်ကွေးရောဂါကို အထိုက်‌အ‌လျောက် ကာကွယ်ပေးနိုင်ပြီး၊ဖြစ်ခဲ့ရင်လည်း ပြင်းထန်အဆင့်ထိမရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကဘာတွေလဲ?

၁- ဆေးထိုးထားတဲ့လက်မောင်းတစ်ဝိုက်နာခြင်း၊ရောင်ခြင်း၊

၂- ခေါင်းကိုက်ခြင်း၊ခြေလက်ကိုက်ခဲခြင်း၊

၃- ဖျားခြင်း ၊

၄- ဆေးကိုဓါတ်မတည့်တဲ့သူတွေမှာတော့ ဓါတ်မတည့်တဲ့ အဆင့်ပေါ်မူတည်ပြီးယားယံခြင်း၊ အပိန့်များထွက် ခြင်း၊ ပြင်းထန်ရင်တော့ အသက်ရှူကျပ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ယခင် ကာကွယ်ဆေးဓာတ်မတည့်ခြင်းဖြစ်ဖူးသူတွေ၊ ကြက်ဥနဲ့ ဓါတ်မတည့်သူတွေ၊ အခြားဓါတ်မတည့်ခြင်း တစ်ခုခုရှိမယ်ဆိုရင် ဆေးမထိုးခင်သေချာစွာ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့ တိုက်တွန်းလိုပါတယ်။

ဆေးမထိုးချင်ဘူး၊တခြားနည်းနဲ့ရောကာကွယ်လို့ရလား?

လူငယ်လူရွယ်တွေ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးဖြစ်သူတွေ အနေနဲ့ကတော့ လူထူထပ်သောနေရာများသွားလာခြင်းမှရှောင်ကြဉ်ခြင်း၊မတ်စ်တပ်ခြင်း၊ လက်ဆေးခြင်း ၊အာဟာရပြည့်ဝ အောင်စားသုံးခြင်းတို့နဲ့ ကာကွယ်နိုင်ပါတယ်။

နှာချေ၊ချောင်းဆိုးတိုင်း ပါးစပ်ကို အုပ်ပြီးဆိုးတဲ့ အလေ့အကျင့်၊ တံတွေးကိုလမ်းမ‌ပေါ် လက်လွတ်စပယ်မထွေးပဲ၊ ကျန်းမာရေးအသိ နဲ့နေထိုင်ခြင်းကတော့ မိမိကိုယ်တိုင်သာမက၊ မိမိပတ်ဝန်းကျင်ရှိလူတိုင်း ကျန်းမာအောင် စောင့်ရှောက်ခြင်းတစ်မျိုးဖြစ်တာကြောင့် လိုက်နာ‌နိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။

Photocrd.  eehealth.org

Dr.Phyu