【 အလှအပနှင့်ကျန်းမာရေး 】“ ရင်သားအလုံးအကျိတ် နှင့် ရင်သားကင်ဆာ”

【 အလှအပနှင့်ကျန်းမာရေး 】“ ရင်သားအလုံးအကျိတ် နှင့် ရင်သားကင်ဆာ”

ရင်သားမှာအလုံးအကျိတ်စမ်းမိတာနဲ့ ရင်သားကင်ဆာလို့ယူဆရမှာတော့ မဟုတ်ပါဘူး၊ရင်သားမှာ ကင်ဆာမဟုတ်တဲ့အကျိတ် တွေလည်းရှိပါတယ်။ Fibroadenoma လို့ခေါ်တဲ့ကင်ဆာမဟုတ်တဲ့အလုံး အကျိတ်မျိုး ရင်သားမှာလည်းဖြစ်တတ်ပါတယ်။အများအားဖြင့် အပျိုဖော်ဝင်စ၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာ‌ တွေ့ရများပါတယ်။ရင်သားကင်ဆာလား ရိုးရိုးအလုံးအကျိတ်လား သေချာစွာသိဖို့ကတော့အသားစစ်ဆေးခြင်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။

မိမိ ရင်သားမှာအလုံးအကျိတ်စမ်းမိပြီဆိုတာနဲ့ ဆရာဝန်ထံမှာပြသစစ်ဆေးဖို့ လိုအပ်ပါတယ်။အကယ်၍ ရိုးရိုး အလုံးအကျိတ် မဟုတ်ပဲကင်ဆာအကျိတ်ဖြစ်နေပါက စောစီးစွာကုသခြင်းဖြင့် သက်တမ်းစေ့နေနိုင်မှာဖြစ်ပါတယ်။ရှက်ကြောက်ပြီးမကုသပဲထားပါက ကင်ဆာပျံ့နှံ့သွားနိုင်ပြီး မလိုလားအပ်တဲ့အသက်ဆုံးရှုံးမှု တွေဖြစ်နိုင်ပါတယ်။

ရင်သားကင်ဆာ ဖြစ်နိုင်ချေများတဲ့ အချက်တွေကတော့.......

၁.ကိုယ်လက်လှုပ်ရှားမှုမရှိသူ၊အဝလွန်သူများ

၂ အသက် ၅၀ ကျော်အမျိုးသမီးများ

၃.ဟော်မုန်းဆေးသောက်သုံးနေသူများ

၄.အသက် ၃၀ကျော်တွင်ပထမဆုံးကိုယ်ဝန်ဆောင်သူများ

၅.အ‌ကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်နိုင်‌သောမိခင်များ

၆.မိသားစုထဲတွင်  ရင်သားကင်ဆာမျိုးရိုးရှိသူများ

၇.အရက်သောက်သုံးခြင်း တို့ပဲဖြစ်ပါတယ်

 

ရင်သားကင်ဆာရဲ့လက္ခဏာတွေဖြစ်တဲ့........

၁. ရင်သားတွေ အလုံးအကျိတ်စမ်းမိခြင်း၊ အကျိတ်အရွယ်အစားကြီးထွားလာခြင်း

၂.နို့သီးခေါင်းမှ သွေးထွက်ခြင်း၊နို့သီးခေါင်း ပုံစံပြောင်းလဲလာခြင်း

၃.ရင်သားအရွယ်အစား၊ပုံသဏ္ဌာန်ပြောင်းလဲလာခြင်း

၄.ရင်သားတစ်ဝိုက် အရေပြားချိုင့်ခြင်းနီခြင်းစသော ပုံမှန်မဟုတ်ပြောင်းလဲခြင်း စတာ တွေသတိထားမိပြီဆိုလျှင် ဆေးရုံ၊ဆေးခန်းကို စောလျင်စွာသွားပြီး ထိရောက်တဲ့ကုသမှုပြုလုပ်ဖို့လိုပါတယ်။

အမျိုးသမီးများ အနေနဲ့ မိမိရင်သားကို လစဉ်မိမိကိုယ်တိုင်စမ်းသပ်စစ်ဆေးခြင်းဖြင့်

မိမိရင်သားပြောင်းလဲမှုကို စောစီးစွာသိရှိနိုင်ပြီး ကုသမှုခံယူနိုင်မှာဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်တယ်လို့ သိရှိပြီ ဆိုရင်လည်း စိတ်ဓါတ်ကျဖို့မလိုအပ်ပါဘူး၊ ရင်သားကင်ဆာကို စောစောသိလေ၊ထိရောက်တဲ့ ကုသမှုခံယူမယ် ဆိုရင် ပုံမှန်လူတစ်ယောက်လို သက်တမ်းစေ့နေနိုင်မှာ  ဖြစ်ပါတယ်။

 

Dr.Phyu