【 အလှအပနှင့်ကျန်းမာရေး 】“ Tomato Flu (ခရမ်းချဉ်သီးတုပ်ကွေး)”

【 အလှအပနှင့်ကျန်းမာရေး 】“ Tomato Flu (ခရမ်းချဉ်သီးတုပ်ကွေး)”

ဒီအပတ်မှာတော့ ခရမ်းချဉ်သီးတုပ်ကွေးလို့ခေါ်ကြတဲ့ Tomato Flu အကြောင်းပြောပြပေးချင်ပါတယ်။

ဘာလို့ ခရမ်းချဉ်သီးတုပ်ကွေးလို့ခေါ်ရလဲဆိုတော့ ခန္ဓာကိုယ်ပေါ်မှာခရမ်းချဉ်သီးပုံစံနဲ့တူတဲ့ အနီရောင်အဖုလေးတွေပေါက်လာတာဖြစ်လို့ ခရမ်းချဉ်သီးတုပ်ကွေးလို့ခေါ်တာဖြစ်ပါတယ်။

ခရမ်းချဉ်သီးတုပ်ကွေးဟာအခု အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရောဂါဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခုက ကလေးတွေမှာစတင်ဖြစ်ပွားတာဖြစ်ပါတယ်။

ခရမ်းချဉ်သီးတုပ်ကွေးရဲ့ရောဂါလက္ခဏာတွေကတော့ သွေးလွန်တုပ်ကွေး၊ဆင်တုပ်ကွေး၊Hand-Foot-Mouth disease လို့ခေါ်တဲ့ ကလေးတွေမှာဖြစ်တဲ့ လက်ဖဝါး-ခြေဖဝါး-ပါးစပ် လို့ခေါ်တဲ့ရောဂါ စတဲ့ရောဂါလက္ခဏာတွေနဲ့ဆင်တူပါတယ်။

ရောဂါလက္ခဏာတွေကတော့

၁- ကိုယ်အပူချိန်မြင့်ခြင်း

၂- ပင်ပန်းနွမ်းနယ်ခြင်း

၃- ခန္ဓာကိုယ်တွင် နာကျင်သော အနီရောင်အရည်ကြည်ဖုများပေါက်ခြင်း

၄- ဝမ်းလျှောခြင်း

၅- အော့အန်ခြင်း

၆-ခန္ဓာကိုယ်ကိုက်ခဲခြင်း

၇- ခြေဆစ်လက်ဆစ်များရောင်ရမ်းခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

ခရမ်းချဉ်သီးတုပ်ကွေးဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီးကလေးတွေမှာအဓိက ကူးစက်ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ်။

 ခရမ်းချဉ်သီးတုပ်ကွေးဟာ အခြားတုပ်ကွေးရောဂါများကဲ့သို့ ပဲ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

ဒါကြောင့် ရောဂါလက္ခဏာခံစားနေရပြီဆိုရင်တော့ ၅ ရက် မှ ၇ ရက်ခန့် သီးခြားနေထိုင်ဖို့လိုပါတယ်။

ခရမ်းချဉ်သီးတုပ်ကွေးရောဂါကိုဘယ်လိုကုသရမလဲ?

ခရမ်းချဉ်သီးတုပ်ကွေးရာဂါကုသဖို့အတွက်သီးသန့်ဆေးဝါးရယ်လို့တော့မရှိပါဘူး။ ဆင်တုပ်ကွေးနဲ့သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ပဲ အနားယူခြင်း၊ ရေဓါတ်ဖြည့်တင်းပေးခြင်း၊အဖျားကျဆေးများပေးခြင်းစတဲ့

ရောဂါလက္ခဏာသက်သာစေတဲ့ နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။

ခရမ်းချဉ်သီးတုပ်ကွေးမကူးစက်အောင်ဘယ်လိုကာကွယ်ကြမလဲ?

ယခုအချိန်ထိတော့ခရမ်းချဉ်သီးတုပ်ကွေးရဲ့ကာကွယ်ဆေးတော့‌ မပေါ်ပေါက်သေးပါဘူး။

ရောဂါကူးစက်ပုံဟာ Hand-Foot-Mouth disease လို့ခေါ်တဲ့ ကလေးတွေမှာဖြစ်တဲ့ လက်ဖဝါး-ခြေဖဝါး-ပါးစပ် လို့ခေါ်တဲ့ရောဂါကူးစက်ပုံခြင်းဆင်တူပါတယ်။

ရောဂါကူးစက်မခံရအောင်

  • တစ်ကိုယ်ရည်သန့်ရှင်းရေးကိုနေ့စဉ်ပြုလုပ်ပါ။
  • ရောဂါကူးစက်ခံထားရသူများနှင့် ခပ်ခွာခွာနေထိုင်ပါ။
  •  ရောဂါဖြစ်‌ နေသူ၏ခန္ဓာကိုယ်ရှိအနီရောင်အဖုများကိုထိတွေ့ကိုင်တွယ်ခြင်းကိုရှောင်ကြဉ်ပါ။
  • ကလေးတွေမှာအဓိကဖြစ်ပွားတာဖြစ်လို့ရောဂါရှိနေသောကလေးငယ်၏ကစားစရာ၊အသုံးအဆောင်ပစ္စည်းများကိုထိတွေ့ခြင်းကို

ရှောင်ကြဉ်ပါ။

  • ရေများများသောက်ပါ။
  • အာဟာရပြည့်ဝအောင်စားသောက်ပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • ကလေးငယ်များ၏ကစားစရာ၊အသုံးအဆောင်ပစ္စည်းများကို မကြာခဏသန့်ရှင်းရေးပြုလုပ်ပေးပါ။

မိမိကလေးမှာခရမ်းချဉ်သီးတုပ်ကွေးရောဂါခံစားနေရတယ်လို့သံသယရှိပါက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံမှာသွားရောက်ပြသပြီး ကုသမှုခံယူပါလို့တိုက်တွန်းလိုပါတယ်။

 

Dr.Phyu

Photo credit-The Sun