
【 အလှအပနှင့်ကျန်းမာရေး 】Thalassaemia (သာလာဆီးမီးယား) သွေးရောဂါအကြောင်းသိကောင်းစရာ
သာလာဆီးမီးယားဆိုတာကတော့ မျိူရိုးဗီဇပြောင်းလဲမှုကြောင့်ဖြစ်တဲ့ သွေးရောဂါအမျိုးအစား ဖြစ်ပါတယ်။ ကျွန်မတို့ခန္ဓာကိုယ်မှာရှိတဲ့သွေးနီဥရဲ့အစိတ်အပိုင်းဖြစ်တဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်မှုမှာ ချို့ယွင်းမှုဖြစ်ပွားခြင်းကြောင့် သာလာဆီးမီးယားရောဂါဖြစ်စေပါတယ်။
သာလာဆီးမီးယားရောဂါမှာ -
( Alpha )အယ်လ်ဖာ အမျိုးအစားနဲ့
(Beta) ဘီတာ သာလာဆီးမီးယားဆိုပြီး အမျိုးအစား ၂မျိုးရှိပါတယ်။
ဒီအမျိုးအစား ၂ခုလုံးမှာ မျိုးရိုးဗီဇ ပေါ်မူတည်ပြီး အချို့သူတွေမှာရောဂါအခြေအနေပျော့သော( Thalassaemia minor) အုပ်စုနှင့် ရောဂါအခြေအနေပြင်းသော (Thalassaemia major) ဆိုပြီး ယေဘုယျအားဖြင့် ခွဲခြားနိုင်ပါတယ်။
သာလာဆီးမီးယားရောဂါဟာ သွေးနီဥရှိ ဟေမိုဂလိုဘင်တွင်ဖြစ်ပွားခြင်းကြောင့် သွေးအားနည်း ရောဂါကို အဓိကခံစားရစေပါတယ်။
ရောဂါအခြေအနေမပြင်းထန်တဲ့ (Thalassaemia minor)အုပ်စုတွေမှာတော့ ရောဂါလက္ခဏာမပြဘဲရှိနေနိုင်ပါတယ်။
သာလာဆီးမီးယားရောဂါရဲ့လက္ခဏာတွေကတော့
၁- ခေါင်းမူးခြင်း
၂- ပင်ပန်းနွမ်းနယ်ခြင်း
၃- အသားအရောင်ဖြူဖျော့ခြင်း
၄- မောခြင်း
၅- ရင်တုန်ခြင်း
၆- ဘေလုံးကြီးခြင်းကြောင့် ဝမ်းဗိုက်ဖောရောင်ခြင်း
၇- ကလေးငယ်များတွင်ကြီးထွားမှုနှုန်းနှေးကွေးခြင်း
၈- အရိုးပွခြင်း၊ မျက်နှာတွင် အရိုးတည်ဆောက်မှုပုံသဏ္ဌာန်ပြောင်းလဲခြင်း
၉- အသားဝါခြင်း
၁၀- ဆီးအရောင်ရင့်ခြင်း-စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
သာလာဆီးမီးယားရောဂါကိုဘယ်လိုကုသမှုခံယူမလဲ?
- သွေးသွင်းကုသခြင်း
(Thalassaemia minor အုပ်စုမှာတော့ သွေးသွင်းကုသရန်မလိုအပ်ပါဘူး။)
- မကြာခဏ သွေးသွင်းရခြင်းကြောင့်စုပုံလာသော သံဓါတ်ပမာဏများကို လျော့ချပေးသော Iron chelating agent ဆေးဝါးများဖြင့်ကုသခြင်း
- Folic acid
- ရိုးတွင်းချဉ်ဆီ အစားထိုးကုသခြင်း စတဲ့နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။
သာလာဆီးမီးယားရောဂါရှိသူတွေ လိုက်နာသင့်တဲ့အချက်တွေကတော့
- သံဓါတ်ပမာဏပါဝင်သော ဆေးဝါးများကို ရှောင်ကြဉ်ဖို့လိုပါတယ်။
(ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အားဆေးများ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။)
- သွေးရောဂါဆရာဝန်နဲ့ရက်ချိန်းပုံမှန်ပြသပြီး ရောဂါအခြေအနေကိုစစ်ဆေးဖို့လိုပါတယ်။
- သာလာဆီးမီးယားရောဂါရှိသူတွေဟာ သာမန်လူတွေထက်ပိုပြီး ရောဂါပိုးဝင်လွယ်ပါတယ်။ အထူးသဖြင့် ဘေလုံးခွဲစိတ်မှုခံယူထားတဲ့လူနာတွေမှာရောဂါပိုးဝင်နိုင်ချေပိုများပါတယ်။ ဒါကြောင့်
-လက်ကိုသန့်ရှင်းအောင်ဆေးကြောခြင်း
- ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်း
- တုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်း
- အဆုတ်အအေးမိနမိုးနီးယားရောဂါကာကွယ်ဆေးထိုးနှံခြင်း
- အသည်းရောင်အသားဝါ ကာကွယ်ဆေးထိုးနှံခြင်း
- အာဟာရပြည့်ဝအောင်စားသောက်ခြင်း စတာတွေကိုလိုက်နာသင့်ပါတယ်။
Dr.Phyu
Photo credit -freepik