
【 အလှအပနှင့် ကျန်းမာရေး 】ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာ ဘာလဲ ?
ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်း သကြားဓာတ်များပြီး ဆီးချိုရောဂါစဖြစ်တာမျိုးကို ခေါ်တာဖြစ်ပါတယ်။
- ကိုယ်ဝန်ဆောင်ဆီးချိုဟာ ကိုယ်ဝန် ၂၄ ပတ်-၂၈ ပတ်ကြားမှာ
စဖြစ်ကြတာများပါတယ်။
ဘယ်လိုလူတွေမှာ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေများပါသလဲ ?
- ကိုယ်ဝန်မဆောင်မီ ဆီးချိုအကြိုအဆင့် ဖြစ်နေသူများ
- ယခင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်ဖူးသူများ
- ယခင်ကိုယ်ဝန်ဆောင်မီးဖွားချိန်တွင် ကလေး ကိုယ်အလေးချိန်
၉ ပေါင် အထက် ရှိသူများ
- မိသားစုမျိုးရိုးထဲတွင် ဆီးချိုရောဂါရှိသူများ
- အဝလွန်သူများ
- နှလုံးရောဂါရှိသူများ
- သွေးတိုးရောဂါရှိသူများ
- ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
- Polycystic Ovary Syndrome (PCOS) ဟုခေါ်သော
သားဥအိမ်တွင် ရေအိတ်များဖြစ်သော ရောဂါရှိသူများ စတဲ့သူတွေမှာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ခြေများပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်ပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ ?
- ကိုယ်ဝန်ဆောင် ဆီးချိုအများစုဟာ ရောဂါလက္ခဏာ
မပြတတ်ဘဲ သွေးတွင်းသကြားဓာတ်စစ်ဆေးမှုကတစ်ဆင့်
သိရှိကြတာများပါတယ်။
- ဆီးချိုရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့
- ဆီးမကြာခဏသွားခြင်း
- ရေငတ်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အနာမကျက်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ပြနိုင်ပါတယ်။
- ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ကို သားဖွားမီးယပ်ဆရာဝန်နဲ့ စောစီးစွာအပ်နှံပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချိုကြောင့် ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်သလဲ ?
- သန္ဓေသားကိုယ်အလေးချိန်များခြင်းကြောင့်
ခွဲစိတ်မီးဖွားရနိုင်ခြေများခြင်း
- လမစေ့ဘဲ ကလေးမီးဖွားခြင်း
- ကိုယ်ဝန်ဆောင်မိခင်တွင် သွေးပေါင်ချိန်တက်ခြင်း၊
သွေးဆိပ်တက်ခြင်း
- မိခင်တွင် မီးဖွားပြီးနောက် ဆီးချိုရောဂါဖြစ်နိုင်ခြေများခြင်း
- နောက်ထပ်ကိုယ်ဝန်ဆောင်ချိန်တွင်
ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ခြင်း
- မွေးကင်းစကလေးတွင် သွေးတွင်းသကြားဓာတ်ကျခြင်း
- မွေးကင်းစကလေးတွင် အသက်ရှူရခက်ခဲခြင်း၊
အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်နိုင်ခြင်း
- သန္ဓေသားသေဆုံးခြင်း
- ကလေးအရွယ်ရောက်လာချိန်တွင် အဝလွန်ခြင်း၊
ဆီးချိုရောဂါဖြစ်နိုင်ခြေများခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချိုကို ဘယ်လိုကုသနိုင်ပါသလဲ ?
- ပုံမှန်ဆီးချိုရောဂါမှာ အသုံးပြုလေ့ရှိတဲ့ ဆေးဝါးများဟာ
သန္ဓေသားကို ထိခိုက်နိုင်တာကြောင့်
ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို အဓိကအားဖြင့်
အင်ဆူလင်ထိုးဆေး အသုံးပြုပြီး ကုသမှုပြုလုပ်ကြတာများပါတယ်။
- ဆေးဝါးကုသမှုတွေအပြင် အစားအသောက်အနေအထိုင်
ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့လဲ အရေးကြီးပါတယ်။
- ချိုလွန်းသော၊ ဆီများလွန်းသော အစားအစာများကို
ရှောင်ကြဉ်ပါ။
- အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို
စားသုံးပါ။
- နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
(ကိုယ်ဝန်ဆောင်ချိန်ဖြစ်တာကြောင့် ပြင်းထန်တဲ့
အားကစားပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။ဆရာဝန်နဲ့ တိုင်ပင်ပြီး
မိမိနဲ့ကိုက်ညီမယ့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို
ပြုလုပ်နိုင်ပါတယ်။)
- မိမိရဲ့သားဖွားမီးယပ်ဆရာဝန်၊ ဆီးချိုဆရာဝန်နဲ့ တိုင်ပင်ပြီး
မိမိနဲ့သင့်တော်မယ့် ကုသမှုကိုရယူပြီး ပုံမှန်သွားရောက်ပြသ
စစ်ဆေးမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။
- ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိသူတွေဟာ မီးဖွားပြီးနောက်မှာ
ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေများတာကြောင့်
သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးနေဖို့
တိုက်တွန်းလိုပါတယ်။
DR.Phyu
Photo Credit - freepik