
【 အလှအပနှင့် ကျန်းမာရေး 】 ကိုယ်ဝန်ဆိပ်တက်ခြင်း
ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်အလွန်အမင်းတက်ပြီး မိခင်ရော သန္ဓေသားကိုပါ အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါပဲဖြစ်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ ကိုယ်ဝန်အပတ် ၂၀ (၅ လ) ဝန်းကျင်မှာ စတင်ဖြစ်လေ့ရှိပါတယ်။
ကိုယ်ဝန်ဆိပ်တက်ရင် ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ -
- သွေးပေါင်တက်ခြင်း
- ခေါင်းကိုက်ခြင်း
- မျက်နှာ၊ ခြေလက်များ ဖောရောင်ခြင်း
- ဗိုက်ညာဖက်ခြမ်းအောင့်ခြင်း
- ပျို့အန်ခြင်း
- မျက်စိအမြင်အာရုံဝေဝါးခြင်း
- အသက်ရှူရခက်ခဲ၍မောခြင်း
စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -
၁။ လမစေ့ဘဲ ကလေးမီးဖွားခြင်း
၂။ ပေါင်ချိန်မပြည့်သော ကလေးမီးဖွားခြင်း
၃။ မီးမဖွားမီ အချင်းကွာခြင်း
၄။ တက်ခြင်း၊ သတိလစ်ခြင်း
၅။ ကျောက်ကပ်ပျက်စီးခြင်း
၆။ နှလုံးထိခိုက်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း
၇။ လေဖြတ်ခြင်း
၈။ ပြင်းထန်ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် မိခင်ရော သန္ဓေသားပါ အသက်ဆုံးရှုံးနိုင်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
ဘယ်လိုသူတွေမှာ ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်ခြေများပါသလဲ ?
- ယခင်ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆိပ်တက်ဖူးသူများ
- သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်များ
- အဝလွန်သူများ
- ကျောက်ကပ်ရောဂါရှိသူများ
- အမွှာပူးကိုယ်ဝန်ဆောင်မိခင်များ
- အသက် ၃၅ နှစ်အထက် ကိုယ်ဝန်ဆောင်မိခင်များ
စတဲ့သူတွေမှာ ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်ခြေများပါတယ်။
ကိုယ်ဝန်ဆိပ်တက်ခြင်းကို ဘယ်လိုကုသမှုခံယူပြီး ဘယ်အချက်တွေကို လိုက်နာဆောင်ရွက်သင့်ပါသလဲ ?
- ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်စရှိပြီဆိုတာနဲ့
သားဖွားမီးယပ်ဆရာဝန်နဲ့ မိမိကိုယ်ဝန်ကို
စောစီးစွာ သွားရောက်အပ်နှံပြသပြီး ပုံမှန်စစ်ဆေးမှုခံယူဖို့ လိုပါတယ်။
- ဒါမှသာ ရောဂါကို စောလျင်စွာသိရှိနိုင်ပြီး
အချိန်မီကုသမှုခံယူနိုင်မှာဖြစ်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး
သွေးပေါင်ကျဆေး အသုံးပြုပြီး ကုသနိုင်ပါတယ်။
- မိမိသဘောနှင့် သွေးပေါင်ကျဆေးများ အသုံးပြုခြင်းကို
ရှောင်ကြဉ်ဖို့လိုပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်ဖြစ်တာကြောင့် ပုံမှန်အသုံးပြုနေကျ
သွေးပေါင်ကျဆေးများဟာ သန္ဓေသားကို ထိခိုက်နိုင်တာဖြစ်လို့
ကိုယ်ဝန်ဆောင်ချိန်မှာ အသုံးပြုနိုင်တဲ့ သွေးပေါင်ကျဆေးကို
ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့လိုပါတယ်။
- ပြင်းထန်ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် လိုအပ်ပါက
အရေးပေါ်ခွဲစိတ်မီးဖွားကုသရတာမျိုးရှိနိုင်ပါတယ်။
- ဆရာဝန်ညွှန်ကြားချက်များကို သေချာစွာလိုက်နာပြီး
ပုံမှန်စစ်ဆေးကုသမှုခံယူနေဖို့ လိုပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မီးဖွားပြီးနောက်မှာလည်း
သွေးပေါင်ချိန် ပုံမှန်အတွင်းရှိမရှိ၊ ကျောက်ကပ်အခြေအနေ
စတာတွေကို ပြန်လည်စစ်ဆေးပြီး လိုအပ်ပါက
ကုသမှုခံယူဖို့ လိုပါတယ်။
- ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ စောစီးစွာသိရှိပြီး
အချိန်မီကုသမှုခံယူနိုင်မယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား
အသက်အန္တရာယ်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်မှာဖြစ်လို့
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိကျန်းမာရေးအခြေအနေကို
တတ်ကျွမ်းနားလည်တဲ့ သားဖွားမီးယပ်ဆရာဝန်ထံမှာ
ပုံမှန်စစ်ဆေးကုသမှု ခံယူဖို့ တိုက်တွန်းလိုပါတယ်။
DR.Phyu
Photo Credit - The Lancet