
【 အလှအပနှင့် ကျန်းမာရေး 】 ဆီးချိုအကြိုအဆင့်နဲ့ ဆီးချိုရောဂါက အတူတူပဲလား ?
ဆီးချိုအကြိုအဆင့်ဆိုတာကတော့ ဆီးချိုရောဂါမဖြစ်ခင် ကြားကာလအဆင့်ကို ခေါ်တာဖြစ်ပါတယ်။
သွေးတွင်းသကြားဓာတ်က ပုံမှန်ရှိသင့်တဲ့ပမာဏထက် များပေမယ့် ဆီးချိုရောဂါဖြစ်တဲ့အဆင့်ထိ မရောက်သေးတဲ့ ကြားအခြေအနေကို ဆီးချိုအကြိုလို့ ခေါ်ကြတာဖြစ်ပါတယ်။
ဆီးချိုအကြိုအဆင့်မှာ ဆေးဝါးများနဲ့ကုသဖို့ မလိုသေးဘဲ နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲခြင်းနဲ့ အဓိက ကုသလေ့ရှိပါတယ်။
သွေးတွင်းသကြားဓာတ်ပမာဏ ဘယ်လောက်ရှိရင် ဆီးချိုအကြိုအဆင့်လို့ သတ်မှတ်တာပါလဲ ?
မနက်စာမစားမီ သွေးတွင်းသကြားဓာတ် ၁၀၀ - ၁၂၅ ကြား၊
နေ့လယ်စာ/ညစာစားပြီး ၂ နာရီအကြာတွင်ရှိသော သွေးတွင်းသကြားဓာတ် ၁၄၀-၁၉၉ ကြား၊ HbA1c - ၅.၇-၆.၄ ကြား ပမာဏကို ဆီးချိုအကြိုအဆင့်လို့ သတ်မှတ်ပါတယ်။
ဆီးချိုအကြိုအဆင့်မှာ ဘယ်လိုလက္ခဏာတွေ ပြနိုင်သလဲ ?
ဆီးချိုအကြိုအဆင့် အခြေအနေဟာ များသောအားဖြင့် လက္ခဏာမပြတတ်ဘဲ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း၊ သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်းကနေ သိရှိကြတာများပါတယ်။
ဆီးချိုအကြိုအဆင့်ကနေ ဆီးချိုရောဂါဖြစ်ပြီဆိုရင်တော့ -
- ဆီးမကြာခဏသွားခြင်း
- ရေငတ်ခြင်း၊ ရေမကြာခဏသောက်ခြင်း
- များများစားသော်လည်းဆာလောင်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခြေ၊ လက်များ ထုံကျဉ်ခြင်း
- အနာမကျက်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- မျက်စိအမြင်အာရုံဝေဝါးခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဘယ်လိုလူတွေမှာ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ခြေများပါသလဲ ?
- အသက်အရွယ်ကြီးသူများ
- အဝလွန်သူများ
- ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
- မိသားစုမျိုးရိုးထဲတွင် ဆီးချိုရောဂါရှိသူများ
- ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်ဖူးသူများ
- Polycystic Ovary Syndrome (PCOS) လို့ခေါ်တဲ့
သားဥအိမ်တွင် အရည်အိတ်ရှိသူများ
- Obstructive sleep apnea (OSA) လို့ခေါ်တဲ့ အိပ်တဲ့အချိန်မှာ
အသက်ရှူပိတ်သောရောဂါရှိသူများ
- ဆေးလိပ်သောက်သူများ
- သွေးတိုးရောဂါ၊ သွေးတွင်းအဆီများခြင်း စသော ရောဂါရှိသူများ
- သွေးတွင်း သကြားဓာတ်များစေသော ဆေးဝါးများ သောက်သုံးနေသူများ (ဥပမာ - စတီးရွိုက်ပါသော ဆေးများ) စတဲ့သူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။
ဆီးချိုအကြိုအဆင့်ကို ဘယ်လိုကုသမှုခံယူရမလဲ ?
ဆီးချိုအကြိုအဆင့်ဖြစ်နေသူတွေအနေနဲ့ အစားအသောက်၊ အနေအထိုင် ပြုပြင်ပြောင်းလဲမှု ပြုလုပ်မယ်ဆိုရင်တော့ ဆီးချိုရောဂါအဖြစ် မပြောင်းသွားအောင် ထိန်းထားနိုင်ပါတယ်။
ဒါကြောင့် -
- ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ။
- ချိုသောအစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
- ဟင်းသီးဟင်းရွက် များများစားပါ။
- အဝမလွန်အောင် ဂရုစိုက်ပါ။
- သွေးတွင်းအဆီများသူများ၊ သွေးတိုးရောဂါရှိသူများအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပါ။
- ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ။
- OSA လို့ခေါ်တဲ့ အိပ်ချိန်မှာ အသက်ရှူပိတ်တတ်သောရောဂါရှိသူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပါ။
- မိမိရဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို မကြာခဏစစ်ဆေးပါ။
- ဆီးချိုအကြိုအဆင့်ရှိသူတွေဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေများသူများဖြစ်လို့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး စစ်ဆေးမှုခံယူနေဖို့ လိုပါတယ်။
- အစားအသောက် အနေအထိုင်ပြောင်းလဲပြီးတဲ့နောက်မှာ သွေးတွင်း သကြားဓာတ်မထိန်းနိုင်ဘူးဆိုရင်တော့ ဆေးဝါးကုသမှု လိုအပ်မှာဖြစ်ပါတယ်။
Dr.Phyu
Photo Credit - freepik