
【 အလှအပနှင့် ကျန်းမာရေး 】 သန်ကောင်ကြောင့် ဖြစ်တတ်သော ကျန်းမာရေးပြဿနာများ
သန်ကောင်လို့ခေါ်ကြတဲ့ အဓိကအားဖြင့် သန်ပြားကောင် (Tapeworm) တွေဟာ လူကြီးလူငယ်အရွယ်မရွေး ကူးစက်ခံရနိုင်ပြီး ဗိုက်အောင့်ခြင်းကစလို့ ကြီးမားတဲ့ ရောဂါပြဿနာတွေ ပေးနိုင်ပါတယ်။
သန်ပြားကောင်ဟာ အကောင်အဆင့် (Adult Tapeworm) နှင့် သားလောင်းအဆင့်အိတ်ပုံစံ (Larval Cyst) ဆိုပြီး ပုံစံ ၂ မျိုးနဲ့ လူ့ခန္ဓာကိုယ်ထဲမှာ နေထိုင်နိုင်ပြီး ရောဂါဖြစ်စေပါတယ်။
သန်ပြားကောင်တွေဟာ အဓိကအားဖြင့် လူတွေရဲ့ အူအတွင်းမှာနေထိုင်ပြီး အူနံရံကနေ အစာအာဟာရတွေကို စုပ်ယူပါတယ်။
သန်ပြားကောင်ကြောင့်ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ ...
- ဗိုက်အောင့်ခြင်း
- ဝမ်းပျက်ဝမ်းလျှောခြင်း
- ပျို့အန်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- ဆာလောင်ခြင်း
- အစားအသောက်ပျက်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
သန်ပြားကောင်ကြောင့်ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ...
- သွေးအားနည်းခြင်း
- သန်ကောင်များကြောင့်အူလမ်းကြောင်း
ပိတ်ဆို့ခြင်း
- ခန္ဓာကိုယ်တွင် ယားယံပြီး ဓာတ်မတည့်မှုဖြစ်ခြင်း
- သန်ကောင်သားလောင်းအိတ်များ ဦးနှောက်သို့ရောက်ရှိပါက
- ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
- တက်ခြင်း
- ဦးနှောက်ရောင်ရမ်းခြင်း
- သတိလစ်ခြင်း
- ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း
- သန်ကောင်သားလောင်းအိတ်များ အဆုတ်၊ နှလုံးနှင့် အသည်းသို့ရောက်ရှိပါက ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ အသည်းရောဂါဖြစ်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
သန်ကောင်ကူးစက်ခြင်း မခံရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ...
- အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များကို သန့်ရှင်းစွာ ဆေးကြောပါ။
- အသား၊ ငါးများကို သေချာစွာကျက်အောင် ချက်ပြုတ်ပါ။
- အသား၊ ငါးများ အစိမ်းစားသုံးခြင်းကို ရှောင်ကြဉ်ပါ။
- မီးဖိုချောင်သုံးပစ္စည်းများကို သန့်ရှင်းစွာ ဆေးကြောပါ။
- လက်ကို သန့်ရှင်းစင်ကြယ်စွာထားပါ။
- အစာမစားမီ၊ အစားအသောက်များမကိုင်တွယ်မီ၊ အိမ်သာတက်အပြီးတွင် လက်ကို ရေနှင့် ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။
- သန့်ရှင်းသော သောက်ရေကို အသုံးပြုပါ။ (ရေကိုကျိုချက်သောက်ပါ။)
- ယင်လုံအိမ်သာအသုံးပြုပါ။စတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။
သန်ကောင် ကူးစက်ခံရပါက ဘယ်လိုကုသနိုင်ပါသလဲ ?
ရောဂါအခြေအနေပေါ်မူတည်ပြီး သန်ချဆေးနဲ့ ကုသနိုင်ပါတယ်။မိမိမှာ သန်ကောင်ကူးစက်ခံရတယ်လို့ သံသယရှိပါက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။
သန်ချဆေးကို ဘယ်လောက်တစ်ခါ သောက်သုံးသင့်ပါသလဲ ?
သန်ချဆေးကို အသက် ၂ နှစ်မှစပြီး တစ်နှစ်လျှင် ၂ ကြိမ် (၆ လ တစ်ကြိမ်) သောက်သုံးနိုင်ပါတယ်။
DR.Phyu
Photo Credit - freepik