
【 အလှအပနှင့် ကျန်းမာရေး 】 အိပ်ပျော်နေချိန် အသက်ရှူပိတ်သောရောဂါ (Obstructive Sleep Apnea)
Obstructive Sleep Apnea (OSA) လို့ခေါ်တဲ့ ရောဂါကတော့ အိပ်ပျော်သွားချိန်မှာ အသက်ရှူလမ်းကြောင်း ပိတ်သွားတဲ့ ရောဂါဖြစ်ပါတယ်။
ဘာကြောင့် အိပ်ပျော်သွားချိန်မှာ အသက်ရှူပိတ်ရတာလဲ ?
အိပ်ပျော်သွားချိန်မှာ လည်ပင်းကြွက်သားတွေ ပြေလျော့သွားပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ခြင်းကြောင့်ဖြစ်ရတဲ့ ရောဂါဖြစ်ပါတယ်။ဒီလိုမျိုးအသက်ရှူပိတ်ခြင်းဟာ အိပ်ပျော်နေစဉ် အကြိမ်အရေအတွက်များစွာ ဖြစ်နိုင်ပါတယ်။အိပ်ပျော်စဉ် အသက်ရှူပိတ်ရောဂါကြောင့် ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့
၁ - အိပ်နေစဉ်တွင် ဟောက်ခြင်း၊ ရုတ်တရက် အသက်ရှူရပ်သွားခြင်း
(အဓိကအားဖြင့် အတူနေ မိသားစုဝင်များ သတိပြုမိနိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။)
၂ - အိပ်နေစဉ် အသက်ရှူပိတ်ခြင်းကြောင့် အသက်ရှူကြပ်ကာ ရုတ်တရက်လန့်နိုးခြင်း
၃ - အိပ်ရာနိုးလာချိန်တွင် လန်းဆန်းမှုမရှိဘဲ ပင်ပန်းနွမ်းနယ်ခြင်း
၄ - အိပ်ရာနိုးချိန်တွင် ခေါင်းကိုက်ခြင်း၊ အာခေါင်များခြောက်ခြင်း
၅ - နေ့ခင်းအချိန်တွင် အိပ်ငိုက်ခြင်း
၆ - သွေးပေါင်တက်ခြင်း
၇ - စိတ်ဓါတ်ကျခြင်း
၈ - လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဘယ်လိုသူတွေမှာ အိပ်ပျော်နေချိန် အသက်ရှူပိတ်သောရောဂါ ပိုဖြစ်နိုင်ပါသလဲ ?
- အဝလွန်သူများ
- အသက်အရွယ်ကြီးသူများ
- လေပြွန်ကျဉ်းသူများ (အသက်ရှူလမ်းကြောင်းတွင်
အာသီးအလုံးကြီးသူများ)
- ဆေးလိပ်သောက်သူများ
- ဆီးချိုရောဂါရှိသူများ
- ရင်ကြပ်ရောဂါရှိသူများ
- မိသားစုမျိုးရိုးထဲတွင် အိပ်ပျော်ချိန် အသက်ရှူပိတ်သော ရောဂါရှိသူများ စတဲ့သူတွေမှာ ရောဂါခံစားရနိုင်ခြေများပါတယ်။
အိပ်ပျော်ချိန် အသက်ရှူပိတ်သောရောဂါ ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ ?
- Polysomnography လို့ခေါ်တဲ့ အိပ်ပျော်နေချိန် အသက်ရှူနှုန်း၊ အောက်ဆီဂျင်ပမာဏ၊ အဆုတ်၊ နှလုံးနှင့် ဦးနှောက်အခြေအနေကို လေ့လာတဲ့စက်နဲ့ တိုင်းတာပြီး သိရှိနိုင်ပါတယ်။ Polysomnography စစ်ဆေးစမ်းသပ်မှုကို Sleep laboratory လို့ခေါ်တဲ့ အိပ်ပျော်နေချိန် စမ်းသပ်မှုပြုလုပ်တဲ့ ဆေးရုံ၊ ဆေးခန်းများမှာ တိုင်းတာနိုင်ပါတယ်။
- နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ Home Sleep Apnea Testing ဖြစ်ပါတယ်။မိမိအိမ်မှာပဲ ညအိပ်ချိန်မှာ စက်တပ်ဆင် အိပ်စက်ပြီး အိပ်ပျော်ချိန် အသက်ရှူရပ်ခြင်း ရှိ၊ မရှိ သွေးတွင်း အောက်ဆီဂျင်ပမာဏ စတာတွေကို တိုင်းတာနိုင်ပါတယ်။
အိပ်ပျော်ချိန် အသက်ရှူပိတ်ရောဂါ ခံစားနေရပြီဆိုရင် ဘယ်လိုကုသမှုခံယူရမလဲ ?
စစ်ဆေးစမ်းသပ်မှုတွေပြုလုပ်ပြီးပြီဆိုရင်တော့ အသက်ရှူပိတ်တဲ့အခြေအနေကို သိရှိနိုင်ပြီဖြစ်ပါတယ်။
အသက်ရှူပိတ်ခြင်း အဆင့်သတ်မှတ်ချက် AHI (Apnea - Hypopnea Index) ပေါ် မူတည်ပြီး ကုသမှုကို သတ်မှတ်ပါတယ်။
အသက်ရှူပိတ်ခြင်း ပထမအဆင့်
AHI ၅ မှ ၁၅
အသက်ရှူပိတ်ခြင်း အသင့်အတင့်အဆင့်
AHI ၁၅ မှ ၃၀
အသက်ရှူပိတ်ခြင်း အပြင်းထန်ဆုံးအဆင့်
AHI ၃၀ အထက် စသဖြင့် ခွဲခြားနိုင်ပါတယ်။
ရောဂါအခြေအနေပေါ်မူတည်၍
- ကိုယ်အလေးချိန်ချခြင်း
- အိပ်ပျော်ချိန် လေပြွန်ခေါက်ခြင်း၊ ပိတ်ခြင်း မဖြစ်စေရန် ပက်လက်မအိပ်ဘဲ ခေါင်းအုံးခုခြင်း
- (Continuous Positive Airway Pressure) CPAP စက် တပ်ဆင်ပြီး အိပ်ခြင်း
- လေပြွန်ကို ဖွင့်ပေးသော mouth piece ပါးစပ်တွင် ကိရိယာတပ်ဆင်ပြီး အိပ်ခြင်း
- အိပ်ပျော်ချိန် လျှာခေါက်ခြင်းကို ကာကွယ်ရန် အာရုံကြော လှုံ့ဆော်ပေးသောကိရိယာ တပ်ဆင်ခြင်း
- ခွဲစိတ်ကုသခြင်း (မေးရိုးခွဲစိတ်ခြင်း၊ အာသီးခွဲစိတ်ကုသခြင်း) စတဲ့ နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။
အိပ်ပျော်ချိန် အသက်ရှူပိတ်ရောဂါဟာ နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။
- နှလုံးအားနည်းခြင်း
- နှလုံးခုန်နှုန်းမမှန်ခြင်း
- ရုတ်တရက်နှလုံးရပ်ခြင်း
- သွေးတိုးရောဂါ
- ဆီးချိုရောဂါ
စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် အိပ်ပျော်ချိန် အသက်ရှူပိတ်ရောဂါ ခံစားနေရပြီလို့ သံသယရှိလျှင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်ပြသပြီး သေချာစွာ စစ်ဆေးကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo Credit - vecteezy