【ဆောင်းပါး】စိန်ခေါ်မှုကြီးလာသည့် ရေထုညစ်ညမ်းမှု

【ဆောင်းပါး】စိန်ခေါ်မှုကြီးလာသည့် ရေထုညစ်ညမ်းမှု

“ အဓိကတော့ ပလတ်စတစ်လို အမှိုက်တွေ ပိုများလာတာ၊ မြစ်၊ ချောင်းထဲ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေကြောင့်ပဲ။ နောက်တစ်ခုက စက်ရုံ၊ အလုပ်ရုံရဲ့ စွန့်ပစ်ရေတွေကြောင့်လည်းပါတာပေ့ါ။ ဒါတွေက တကယ့် အန္တရာယ်တွေပေါ့။ အခု နိုင်ငံရေးအခြေအနေကြောင့် ဒီအပိုင်းကို ဘယ်သူမှမလှည့်နိုင်တော့သလို၊ ဘယ်သူမှ စိတ်မဝင်စားနိုင်ကြသေးတော့ အန္တရာယ်က ပိုကြီးလာတယ်။”ဟု ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်နေသူ (အမည်မဖော်လိုသူ)တစ်ဦးက ပြောသည်။

ရန်ကုန်ကဲ့သို့ မြို့ကြီးများသည် စက်ရုံ၊ အလုပ်ရုံများစွာရှိသကဲ့သို့ လူဦးရေထူထပ်သည့်အတွက် စွန့်ပစ်အမှိုက်များသည်မှာ လူတိုင်းအသိဖြစ်သည်။ ထိုအချက်မှာလည်း ရေထုညစ်ညမ်းမှု၏ စိန်ခေါ်မှုမဖြစ်သေး။ စိန်ခေါ်မှုဖြစ်လာသည့်အချက်မှာ မြို့နယ်များနှင့် ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းနေသည့် ရေမြောင်းကြီးများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများဖြစ်သည်။ အဓိက ပလတ်စတစ်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုများသည် တစ်ရက်ထက် တစ်ရက်၊ တစ်လထက် တစ်လပို၍ပင် ဆိုးလာသည်ဟုဆိုရမည်။

“ပလတ်စတစ်အမှိုက်တွေတင်မကဘူး။ မီးဖိုချောင်ထွက် အပုပ်အစပ်တွေရော၊ ကြောင်သေ၊ ခွေးသေကောင်တွေ၊ ကြွက်အသေတွေကအစ ဒီအိမ်နောက်ရေမြောင်းကြီးထဲ လာခိုးခိုးပစ်နေကြတယ်။ ပြောမရ၊ ဆိုလည်းမရ၊ ရန်ပါဖြစ်ရတယ်။ မြောင်းက ရေစီးသိပ်မကောင်း၊ အပုပ်နံ့တထောင်းထောင်းနဲ့ဆိုတော့ ညဘက်ဆိုရင်  ခြင်တွေ ပျားအုံကျနေတာပဲ။ အခုက အမှိုက်ခိုးပစ်တာ ပိုပိုဆိုးလာတယ်။”ဟု ရန်ကုန်၊ လှိုင်မြို့နယ်၊ သမိုင်းလမ်းဆုံအနီး နေထိုင်သည့် ဒေါ်ကြည်ကြည်အေးက ပြောသည်။

ထိုသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများသည် တစ်ဦးတစ်ယောက်မဟုတ်၊ မြို့နယ်၊ ရပ်ကွက်အများစုတွင် ကြုံတွေ့ နေရသည့် ဖြစ်စဉ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံ ပြည်သူ ၁၅ ဦးခန့်မေးမြန်းရာတွင် ၁၂ ဦးခန့်က ထိုသို့ဆိုသည်။ ထိုပြဿနာသည် ရန်ကုန်မြို့တစ်မြို့တည်းသာ ကြုံနေရသည်လည်းမဟုတ်။ တစ်နိုင်ငံလုံးနီးပါးတွင် ကြုံတွေ့ နေသည့် ဖြစ်စဉ်လည်း ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက ဖြည့်စွက်ပြောသည်။

“ စည်းကမ်းမဲ့တွေကြောင့်ပဲ။ စည်းကမ်းမဲ့ သစ်ပင်တွေ ခုတ်တယ်။ စည်းကမ်းမဲ့ အမှိုက်ပလတ်စတစ်တွေ ပစ်ကြတယ်။ စက်ရုံ စွန့်ပစ်ရေတွေ မြစ်ထဲချောင်းထဲ တိုက်ရိုက်ပစ်တယ်။ ဒါတွေက ရေထုညစ်ညမ်းမှုရဲ့ အဓိက မြစ်ဖျားခံပဲ။ ဒါတွေကနေစပြီး မထိန်းသိမ်းသမျှ ရေအရင်းအမြစ်က ဆုံးရှုံးနေဦးမှာပဲ။ ပိုဆိုးနေဦးမှာပဲ။ သတိထားသင့်နေပြီ။ တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းလိုက် ပြုပြင်ထိန်းသိမ်းကာကွယ်သင့်နေပြီ။”ဟု ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူ (အမည်မဖော်လိုသူ)က ပြောသည်။

ရေမြောင်းမှ ချောင်း၊ ချောင်းမှ မြစ်၊ မြစ်မှ ပင်လယ်ထဲ စသဖြင့် ထိုစွန့်ပစ်ပစ္စည်းများ၏ ရိုက်ခတ်မှုမှာ ကြီးနေသည်။ မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ပိုင်ဆိုင်မှု အာရှတိုက်၏ ၁၂ ရာခိုင်နှုန်းရှိသော်လည်း ယခုနှစ်များ နောက်ပိုင်း သစ်တောပြုန်းတီးမှု၏ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ လူဦးရေတိုးပွားလာခြင်း၊ စက်မှုဇုန်နှင့် စီးပွားရေးဇုန် တိုးတက်များပြားလာခြင်း စသည့်အချက်များ ပြောင်းလဲမှုဖြစ်လာနေသည်။ ထိုသို့ ပြောင်းလဲမှုများသည်  ရေအရင်းအမြစ် လိုအပ်ချက်ကြီးမားလာသကဲ့သို့ သုံးစွဲ၍ရသည့် ရေအရင်းအမြစ် ဖူလုံစွာရရှိနိုင်ရေးမှာ ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ်ဖြစ်လာနေကြောင်း ထိုအခြေအနေကို အလွှာပေါင်းစုံ အဖြေရှာဆောင်ရွက်သင့်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၉ ခုနှစ်အတွင်း  ဒုသမ္မတ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ပြောကြားခဲ့သည်များရှိသည်။

ရေညစ်ညမ်းမှုနှင့် ပတ်သက်၍  ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂ဝ၁၉ ခုနှစ် ဇွန်လအထိ သန့်မြန်မာအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့်သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI) ဧရာဝတီမြစ်တစ်လျှောက် ကွင်းဆင်းလေ့လာမှုများအရ ကမ္ဘာပေါ်ရှိ အညစ်ညမ်းဆုံးမြစ်များထဲတွင် ဧရာဝတီမြစ်သည် နံပါတ် ၉ အဆင့်တွင် ရှိနေကြောင်း ထုတ်ပြန်အသိပေးခဲ့သည်။ အညစ်ညမ်းဆုံးမြစ်များမှာ အာရှအတွင်း၌ရှိသော မြစ်များသာဖြစ်ပြီး နံပါတ် ၁ အညစ်ညမ်းဆုံးမြစ်မှာ တရုတ်နိုင်ငံရှိ ယန်ဇီမြစ်၊ နံပါတ် ၂ မှာ အိန္ဒိယရှိ ဂင်္ဂါမြစ်ဖြစ်ပြီး ထိုမြစ်များကို မှီခိုနေထိုင်ကြသည့် လူဦးရေ သန်း ၅ဝဝ နီးပါးရှိကြောင်းဆိုသည်။ ထိုရေထုညစ်ညမ်းမှုဒဏ်သည် လူသားများသာမက ဂေဟစနစ်တစ်ခုလုံး ပျက်စီးစေရန် ဦးတည်နေခြင်းဖြစ်သည့်အတွက် တစ်ဦးတစ်ယောက်ချင်း ထိန်းသိမ်းကာကွယ်ကြရန် အသိနှင့် သတိရှိရန်လည်း လိုနေပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သကဲ့သို့ ကမ္ဘာ့အင်အားကြီး စက်မှု၊ နည်းပညာဖွံ့ဖြိုးမှုမြင့်မားနေသည့် တရုတ် နိုင်ငံကို ကြည့်မည်ဆိုလျှင်လည်း ထိုရေထုညစ်ညမ်းမှုပြဿနာမှာ ရှိနေသည်။ အထက်ဖော်ပြပါအတိုင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့်သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI) ထုတ်ပြန်ချက်တွင် “နံပါတ် ၁ အညစ်ညမ်းဆုံး မြစ်မှာ တရုတ်နိုင်ငံရှိ ယန်ဇီမြစ်ဖြစ်သည်” ဆိုသည့်အချက်မှာ သက်သေခံနေသည်။ ရေထု ညစ်ညမ်းမှုပြဿနာမှာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသာမဟုတ်၊ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီး နိုင်ငံများအားလုံးတွင် အဓိကကြုံနေကြရသည့် ပြဿနာတစ်ရပ်လည်း ဖြစ်သည်။ သို့သော် တရုတ်အပါအဝင် ထိုနိုင်ငံများသည် ရေအရင်းအမြစ် ညစ်ညမ်းမှု ပြဿနာကို အဖြေရှာ၍ နည်းလမ်းမျိုးစုံသုံးကာ ဖြေရှင်းနေကြပြီ ဖြစ်သည်။ “အနာရှိက ဆေးရှိရမည်”ဆိုသည့်အတိုင်း သူတို့နိုင်ငံ၏ ရေအရင်းအမြစ် ထိခိုက်မှုများကို အဖြေရှာ ဖြေရှင်း နေကြသည်။ ဆိုလိုသည်မှာ ပျက်စီးနေခြင်းသည် အဓိကမကျ၊ ပျက်စီးမှုကို ဖြေရှင်းကာကွယ်ရန်သာ အဓိကကျကြောင်း ဆိုချင်သည်။

တရုတ်နိုင်ငံအစိုးရပိုင်းသည် တရုတ်နိုင်ငံဖွံ့ဖြိုးမှုဆိုင်ရာ ၁၁ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း ရေထုညစ်ညမ်းမှု ထိန်းသိမ်းရေးအတွက် တရုတ်ယွမ်ငွေ ၃၀၀ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံခဲ့သဖြင့် “ အဓိက ထိန်းချုပ်ဒေသ” ရေထုညစ်ညမ်းကာကွယ်ရေးလုပ်ငန်းများတွင် အောင်မြင်မှုများရခဲ့သည်။ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ် နိုင်ငံတော်အဆင့် တိုင်းထွာစစ်ဆေးမှုရှိသည့် ဧရိယာအတွင်း ရေအရည်အသွေးမှာ III အဆင့်နှင့် အထက်ရှိ ဧရိယာ ၁၃ ဒသမ ၄ ရာခိုင်နှုန်းတိုးလာခဲ့ပြီး V အဆင့်အောက်ရှိ ဧရိယာ ၁၆ ဒသမ ၉ ရာခိုင်နှုန်း နည်းသွားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၂ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း ရေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် တရုတ်ယွမ် ၅၀၀ ဘီလီယံကျော် ထပ်မံရင်းနှီးမြှုပ်နှံအသုံးပြုကာ ညစ်ညမ်းမှု ပိုမိုဆိုးရွားနေသည့် ဒေသများတွင် တရုတ်အစိုးရနှင့် အဖွဲ့အစည်းများက အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပြန်သည်။ ထိုသို့ ရေထုညစ်ညမ်းမှု ဖြေရှင်းနေစဉ်ကာလအတွင်း အကြီးစား သတ္တုနှင့် ဩဂဲနစ်ညစ်ညမ်းမှုများအပေါ် စောင့်ကြည့်မှုကိုလည်း ပိုမိုလုပ်ဆောင်ခဲ့ကြသည်ဟု တရုတ်တာဝန်ရှိသူများက ပြောကြားခဲ့မှုများရှိသည်။

ထိုသို့ လုပ်ဆောင်မှုကြောင့် ၂၀၁၅ ခုနှစ်တွင် အဓိက ထိန်းချုပ် ဒေသများအတွင်း အဓိက စွန့်ပစ်ညစ်ညမ်းပစ္စည်း အရေအတွက်နှင့် မြစ်အတွင်းဝင်ရောက်မှု အရေအတွက် နည်းပါးသွားခဲ့ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု စုစုပေါင်းပမာဏမှာလည်း ၁၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ထိုနှစ် နောက်ပိုင်းမှ လက်ရှိအထိလည်း နည်းလမ်းအမျိုးမျိုးဖြင့် ရေထုညစ်ညမ်းမှုလျော့ကျရေးအတွက် တရုတ်က ဖြေရှင်းကာကွယ်နေဆဲဖြစ်သည်။ ထိုင်းအပါအဝင် အခြားနိုင်ငံများလည်း ပြည်သူအခြေပြုစနစ်များဖြင့် ထိုသို့ ရေထုညစ်ညမ်းမှု ပြဿနာကို အဖြေရှာ ဖြေရှင်းနေကြသည်။

အိမ်နီးချင်းနိုင်ငံများက ထိုသို့ လုပ်ဆောင်နေမှုများမှာ မြန်မာနိုင်ငံအတွက် အတုယူစရာဖြစ်သကဲ့သို့ အားကျစရာလည်းဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံထားသည့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် ရေအရင်းအမြစ်လိုအပ်ချက်များမှာ တစ်နှစ်ထက်တစ်နှစ် ပိုတိုး၍လာသည်။ ရေထုညစ်ညမ်းမှု အခြေအနေမှာလည်း ပြည်သူတစ်ဦး၊ တစ်ယောက်ချင်း ထိန်းသိမ်းမှုမရှိသ၍ လက်ရှိထက် ရေထုညစ်ညမ်းမှု မြင့်တက်လာဦးမည်ဖြစ်သည်။ (ဥပမာ- ထိန်းသိမ်းရန် နည်းလမ်းများမှာ အမှိုက်ကို စည်းကမ်းမဲ့မပစ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်ရေများကို မြစ်ချောင်းအတွင်း တိုက်ရိုက်စွန့်ပစ်ခြင်းကို အဖြေရှာလုပ်ဆောင်ခြင်း၊ သစ်ပင်များ စည်းကမ်းမဲ့ ခုတ်ခြင်း စသဖြင့်)။ ထိုသို့ ထိန်းသိမ်းမှုမရှိသ၍ ရေထုညစ်ညမ်းမှု၏ ဆိုးကျိုးနောက်ဆက်တွဲများကို အနည်းနှင့် အများ၊ အနှေးနှင့်အမြန် ခံစားကြရဦးမည်သာ ဖြစ်သည်။

“ အခု မြန်မာနိုင်ငံအခြေအနေက သိတဲ့အတိုင်း။ ရေထုညစ်ညမ်းမှုဆိုတာကို ထိန်းသိမ်းဖို့နေနေသာသာ စားဝတ်နေရေးတောင် မနည်းရုန်းနေကြရတာ။ ဒီအကြောင်းတွေလည်း စိတ်မဝင်စားအားသေးဘူး။ ဖြစ်လာရင်လည်း ရင်စည်းခံရမှာပေါ့။ ဒါပေမယ့် အနည်းဆုံး တစ်ဦး၊ တစ်ယောက်ချင်းထိန်းသိမ်းလို့ရတာကတော့ အမှိုက်တွေကို တွေ့တဲ့နေရာမပစ်ဘဲ သတ်မှတ်တဲ့နေရာမှာ ပစ်တာမျိုး၊ မြစ်၊ ချောင်း၊ မြောင်းနီးတဲ့နေရာတွေမှာနေတဲ့သူတွေလည်း အမှိုက်တွေကို ချောင်းထဲ မြောင်းထဲ အလွယ်မပစ်ဘဲ စည်းကမ်းရှိရှိ အမှိုက်ပစ်တဲ့နေရာ ပစ်ကြတာမျိုး လုပ်လို့ရပါတယ်။ အနည်းဆုံးကိုယ့်ဝန်းကျင်တော့ ရှင်းသွားတာပေါ့။”ဟု ရန်ကုန်၊ လှိုင်မြို့နယ်၊ သမိုင်းလမ်းဆုံအနီး နေထိုင်သည့် ဒေါ်ကြည်ကြည်အေးက သူ့အမြင်ကို ပြောလေသည်။

ဘုန်းမြတ်(အုန်းတောမြေ)