
【ဆောင်းပါး】“ မှန်သည်အတိုင်း ပြောရဲ ရပ်ရဲကြပါစေ ”
ယခင်လုပ်သည့် အလုပ်ထဲတွင် အသိနှစ်ယောက်ရှိသည်။တစ်ယောက်က စကားနည်းသည်။လက်တွေ့ အလုပ်လုပ်တာကို ပိုအားသန်သည်။
တစ်ယောက်ကမူ အပြောသမားဖြစ်သည်။ထိုနှစ်ယောက်မှာ ရာထူးလည်းတူသည်။အသက်ကလည်း မတိမ်းမယိမ်း။ အလုပ်ဝင်လာတာလည်းတူသည်။
စကားများသည့် အပြောသမားက ရုံးတွင်း နေရာတကာပါသည်။ရုံးသက်သာ၊ အစည်းအဝေးနှင့် မိတ်ဆုံ စားပွဲများတွင် ထင်ရှားသည်။
ထိုသူအသံချည်းသာ။နောက်တစ်ဦးကတော့ သူလုပ်စရာကို လှည့်ပြောစရာမလိုအောင် သေသေသပ်သပ် လုပ်ကိုင်တတ်သည်။သို့သော် စကားက လိုမှသာပြောသည်။သို့သော် ထိုအပြောသမားကိုတော့ ခင်သည်။ အပြော သမားကလည်း ထို ‘အလုပ်’ သမားနှင့် တွဲတာများသည်။
လဘက်ရည်ဆိုင်ထိုင်လျှင် အပြောသမားပြောသမျှကို အလုပ်ဘက်ပိုသန်သည့်သူက ထိုင်နားထောင်နေရတာကို တွေ့ရသည်။
တစ်ရက် တစ်ရက် ဘာတွေပြောကြလည်းဆိုသည် မသိ။စကားတွေပြောမကုန်။ထိုနှစ်ယောက်ကို ရုံးက တွဲလည်းတွဲတတ်တဲ့ နှစ်ယောက်ဟု ခေါ်ကြသည်။
သို့သော် အပြောသမားထက် ‘အလုပ်’ သမားက သူလုပ်စရာရှိသည်ကို မှန်မှန်လုပ်သွားသဖြင့် ကြာတော့ လုပ်ငန်းခွင်ထဲ နေရာပေါ်သည့်အခါ အရာရှိက နှစ်ဦးစလုံးကို အခွင့်အရေးပေးသည်။အပြောသမားက အလုပ်ထက် အပြောကို ဦးစားပေးသည့်အခါ အလုပ်မတွင်ကျယ်။ ‘အလုပ်’သမားကတော့ နောက်လှည့်ကြည့်စရာမလိုတော့ ထို နေရာမှာ ‘အလုပ်’ သမားအတွက် ဖြစ်သွားသည်။
နောက်တော့ ထိုနှစ်ယောက် သိပ်တွဲတာ မတွေ့ရ တော့။ထိုအခါ ရုံးထဲ စကားသံထွက်လာသည်။ “အလုပ် ဆိုတာ ပြောနေတာနဲ့မပြီး။ထလုပ်မှပြီးတာ” လို့။
ဆိုသည်က လူတွေ၏ နောက်ဆုံး ဆုံးဖြတ်မှုသည် အပြောထက် ‘အလုပ်’ ဖြစ်သည်။ ‘အလုပ်’ ဆိုသည်မှာ ဖွင့်ဆိုချက်အရ ‘ပြီးမြောက်မှု’ ဖြစ်သည်။
တစ်ခါက လူမှုကွန်ရက်တွင်ဖတ်ရသည့် နိုင်ငံ့မျက်နှာဖုံးလို့ခေါ်နိုင်သည့် သူဌေးတစ်ဦး၏ ဘ၀ဖြတ်သန်းမှု တွင် ငယ်စဉ်ကြိုးစားခဲ့စဉ်တုန်းက ကတိတည်ခဲ့သည့် အလေ့အထကို စွဲမြဲအောင်လုပ်ခဲ့သည့်အတွက် သူ့ဘ၀ တွင် ငွေအရင်းအနှီးအတွက် ဘယ်လိုလူတွေက ထောက်ပံ့ပေးခဲ့ ချေးငှားခဲ့သည်ကိုပြောတာ ဖတ်ခဲ့ရဖူးသည်။ထိုကိစ္စက လက်တွေ့တွင်လည်း အတော်လေးကို အလေးထားရသည့် မှန်ကန်သော အလေ့အထဖြစ်သည်။
ကတိတစ်ခုကို လွယ်လွယ်နှင့်မပေးတတ်သောသူသည် စကားကို လွယ်လွယ်နှင့်မပြောတတ်သောသူ ဖြစ်သည်မှာ သိပ်ဆန်းသည့်ကိစ္စမဟုတ်ပေ။စကားကိုလွယ်လွယ်မပြောသဖြင့် မုသာဝါဒကံကိုထိန်းရန် အခွင့်သာသည်။ကံထိန်းသဖြင့် ကံတက်သည်။ကံတက်သဖြင့် စီးပွားဖြစ်သည်။
ဆိုသည်မှာ စကားလွယ်လွယ်မပြောခြင်း၏ အကျိုးကျေးဇူးက နောင်လောကုတ္တရာတွင်သာမက လက်ရှိ လောကီတွင်ပင် အကျိုးပေးသည်ကို ထင်ထင်ရှားရှားမြင်သာခြင်းပင်ဖြစ်သည်။
ဘာသာရေးအရ မုသာဝါဒကို လုံး၀ရှောင်ရှားရန်သာ အဆုံးအမရှိသည်။ မြတ်စွာဘုရားဂုဏ်တော် တွေထဲ မှာ စကားပြောခြင်းနှင့်ပတ်သက်ပြီး သုဂတောဂုဏ်တော်ဆိုတာရှိသည်။ အဓိပ္ပာယ်က ကောင်းသော စကားကို ဆိုတတ်သောလို့ ဆိုပါတယ်။ကောင်းသောစကားဆိုရာမှာ ဘုရားဟောခဲ့တဲ့လူတွေ ပြောပြောနေတဲ့ စကားကြီး ခြောက်ခွန်းဆိုတာရှိပါတယ်။ဒီထဲမှာ ဘုရားက စကားနှစ်ခွန်းသာ ပြောသင့်တယ်လို့ ဟောခဲ့ပါတယ်။
သိမှတ်လွယ်အောင်ပြောရရင် စကားကြီးခြောက်ခွန်းမှာ -
၁။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်ဘူး”။
၂။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တယ်”။
၃။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးမရှိဘူး၊ သူတစ်ပါး မကြိုက်ဘူး”။
၄။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးမရှိဘူး၊ သူတစ်ပါး ကြိုက်တယ်”။
၅။ “မဟုတ်ဘူး၊ မမှန်ဘူး၊ အကျိုးမရှိဘူး၊ သူတစ်ပါး မကြိုက်ဘူး”။
၆။ “မဟုတ်ဘူး၊ မမှန်ဘူး၊ အကျိုးမရှိဘူး၊ သူတစ်ပါး ကြိုက်တယ်”။ လို့ ရှိသည်။
ဒီထဲမှ ဘုရားက စကားနှစ်ခွန်းသာပြောသင့်သည်ဟု ဆိုပြီး ထိုစကားနှစ်ခွန်းကိုပင် အချိန်ကာလကို ကြည့်ပြီး ပြောရမယ်လို့ ဟောခဲ့သည်။ ထိုစကားက -
၁။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်ဘူး”။
၂။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တယ်”။ ဆိုတဲ့ စကားနှစ်ခွန်းဖြစ်သည်။
ငယ်ငယ်က ကလေးများ စကားများများပြောသည်ကို လူကြီးတွေက မကြိုက်ကြပေ။ စကားများခြင်း ဆိုတာ လိမ်လည်ခြင်း၊ မုသားစကား လွယ်လွယ်ပြောတတ်ခြင်းရဲ့ လမ်းစအဖြစ် ယူဆထားကြသည်။ ယနေ့ ခေတ်တွင် မမှန်စကားနဲ့ အသက်မွေးရတဲ့သူတွေ၊ မမှန်ပဲ သက်သေခံခြင်းတွေ၊ မမှန်တဲ့ ပြောဆိုခြင်း ပြုသူတွေ အဖို့ မုသာဝါဒကံအကြောင်းမသိသေးလို့သာ ရဲနေကြ လုပ်ရဲနေကြခြင်းဖြစ်သည်။
ဗဟုသုတ အဖြစ် မုသာဝါဒကံ ကျူးလွန်ခြင်း၏ အပြစ်ကို မှတ်ဖွယ် ဖော်ပြလိုက်ပါသည်။
မုသာဝါဒကံကို လွန်ကျူးမိပါက -
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ်ရှိခြင်း၊
(၃) နား မချမ်းသာသော အသံရှိခြင်း၊
(၄) ဝလွန်း ဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေရှိခြင်း၊
(၉) ခံတွင်း ပါးစပ် ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့ မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ စကားမပီရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲတွေဝေခြင်း၊
(၁၅) ဉာဏ်ပညာနည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း
စတဲ့ ဆိုးကျိုးများအပြင် သေလွန်သည့်အခါ အပါယ်လေးပါးသို့ ရောက်ရခြင်းဆိုတဲ့ ဆိုးကျိုးများစွာကို ရစေတတ်ပါသည်။
ဖြိုးဝေလှ