【ဆောင်းပါး 】ကြောင်တစ်ကောင်နှင့်စကားစမြည်

【ဆောင်းပါး 】ကြောင်တစ်ကောင်နှင့်စကားစမြည်

တစ်ခုသော မနက်ခင်းတွင် ကျနော်အိပ်ယာထဲ ကွေးနေခဲ့သည်။ ပြင်ပတွင် မိုးက ခပ်ဖွဲ့ဖွဲ့ရွာနေသည်။

            “ဟေ့လူ …ထစမ်းပါဦး”

            ခပ်ဆတ်ဆတ်နိူးလိုက်သည့်အသံကြောင့် ကျနော်မျက်လုံးဖွင့်မိသည်။ ခေါင်းထဲလည်း ငါနေတဲ့ ၆ လွှာ ဒီအခန်းထဲမှာ ငါကလွဲပြီးဘယ်သူမှ မရှိပါဘူး။ ဘယ်သူများရောက်နေပါလိမ့်ဟု စောင်ကိုခွာချပြီး ခေါင်းထောင် ကြည့်သည်။ ဘယ်သူမှမတွေ့။

            ငါစိတ်ထင်တာပဲ ဖြစ်မည်။ ညက ချတာများသွားသည်။ ပြီးတော့ အသိတစ်ယောက်ပေးလိုက်သည့် ဆေးပေါ့လိပ်ကို တစ်ဖွာနှစ်ဖွာလောက် ဖွာခဲ့တာကြောင့် ယခုထိ စိတ်က နတ်ဘုံထိ ရောက်နေတာပဲဟု တွေး လိုက်သည်။ ဒီတော့ စောင်ပြန်ခြုံပြီး ပြန်အိပ်သည်။ သို့သော် အိပ်မရ။ ပြန်စဉ်းစာကြည့်တော့ ဒါသိပ်တော့ မဟုတ်။ နားနှင့် ရှင်းရှင်းလင်းလင်းကြားလိုက်ရတာ။

            ငါက အရက်လေးတစ်ပိုင်း၊ ဝိဒ်ပါသည့်ဆေးလိပ်တစ်ဖွာနှစ်ဖွာနှင့် ဖြစ်ရလောက်အောင် ကျန်းမာရေးက အညံကြီးမဟုတ်။

            “ဟေ့လူ..ထဦးလေ..ဟာဒီလူ သောက်ပျင်းကြီးတာပဲ”

            ဒီတစ်ခါတော့ နားကြားလွဲတာမဟုတ်နိုင်တော့။

            စောင်တောင်မခွာဘဲ ၀ုန်းကနဲ့ထသည်။ မတ်တပ်ရက်လိုက်တော့ စောင့်နှင့် ပုဆိုးတုပ်ကာ လူက အတွင်းခံ ဘောင်းဘီနှင့်။

            လားလား… ဧည်သည့်က ပထမငှားနေသူချန်ထားခဲ့သည့် ဘီဒိုအဟောင်းပေါ်မှ အကောင်။ ဘာအကောင်လဲဆို ကြောင်တစ်ကောင်။

            ကြောင်ဆိုတဲ့အကောင်က လူစကားပြောတာ ဒီတစ်ခါဘဲ မြင်ဘူးသည်။

            ဒီကောင်က ကျုပ်ဘက်လှည့်ပြီး ခေါင်းတဆတ်ဆတ်နဲ့..။

            “မင်းနဲ့ ငါအလုပ်စကားပြောရအောင်”

            ဒီကြောင်က အလာချည်း။  

            “ဘာ အလုပ်စကားလဲ ၊အလုပ်စကားပြောရအောင် အလုပ်လုပ်ရမှာစိုးလို့ ရှိတာထိုင်စားနေတာ ၊သောက်လုပ်မရှုပ်နဲ့ “

       `   ကျုပ်ဆီက ကလန့်စကားတွေထွက်လာတော့ ဒီကြောင်က လွှားခနဲ့ ကျုပ်ကုတင်ဘေးက စားပွဲပေါ် ရောက်လာသည်။

            ဒီစကားပြောတတ်တဲ့ကြောင်နဲ့ ငါတော့ သောက်ဂွဘဲ ရေရွတ်ပြီး အိပ်ယာဘေးက ရေတစ်ခွက် ယူသောက် လိုက်သည်။

            “ဟေ့ လူဆိုတဲ့ အကောင်၊ မင်းက လူကြီးလူကောင်းဆန်ဆန် ပြောတဲ့ ငါ့ကို ကြောင်မို့လို့ မထီလေးစား လုပ်တာလားကွ။ ငါက နှယ်နှယ်ရရမဟုတ်ဘူး။ ငါက လူစကားပြောတတ်တဲ့တစ်ကောင်တည်းသော ကြောင်ကွ”

            ဒီစောက်ကြောင် အရေးထဲ ဂုဏ်ကမောက်နေပြန်ပြီ။

            “မင်းဘာသာ ဘာကောင်ပဲ ဖြစ်နေနေ သောက်ဂရုမစိုက်ဘူး။ ဒါနဲ့နေပါဦး ငါအခန်းထဲ ဘယ်အပေါက် ကနေ ဝင်လာတာလဲ”

            “ဖြစ်မှဖြစ်ရလေကွာ၊ မင်းအခန်းလောက် တိုးလျှိုးပေါက်ဖြစ်နေတဲ့ အခန်းရှိသေးလား။ ငါတို့ ကြောင်တွေ အတွက် ဝင်မရတဲ့ အခန်းဆိုတာမရှိပါဘူးကွ။ တချို့ဆို ငါတို့ ရှိရင် ကျက်သရေရှိလို့ ဝယ်ထားပြီး ငါတို့ စွန့်သမျှ အညစ်အကြေးကိုတောင် ကျုံးပေးနေကြတာ။ မင်းမှဘဲ ခါးခါးသီးသီး”

            ဒီကြောင် သောက်စကားများလှသည်။ ဖမ်းရိုက်သတ်ပြီး တိုက်ပေါ်ကနေ ပစ်ချပစ်ရင် ကောင်းမလားဟု တွေးမိသည်။

            ကျုပ်အတွေးကို စားပွဲကနေ အဝတ်ဘီဒိုပေါ် ပြန်ခုန်တက်သည်။

            “နေပါဦး ကြောင်ရ”

            “မနေပါဘူး။ မင်းငါကို တစ်ခုခုလုပ်မှာ ”

            ဒီကြောင်က ကြောင်လည်။

            “မလုပ်ပါဘူး။ ဒါနဲ့ မင်းဘာလို့ ဒီလောက်လူစကားတတ်ပြီး သောက်စကားများနေရတာလဲ။ ကြောင်က ကြောင်လို့နေပါလား။”

            “အေးအဲတာ မင်းတို့လူတွေ လုပ်တာ။ ငါဘာသာ အေးအေးနေတာကို စကားတွေလာပြော။ လူလို နေတတ် အောင်သင်။ အခု ငါစကားပြောတတ်တော့ မင်းတို့လူတွေက သောက်ဖက်မလုပ် ၊ ကြောင်က ကြောင်လိုမနေဘူးပြော။ လူစကားပြောတတ်တာ  ငါလာအပြစ်မတင်နဲ့ ၊ တင်ချင်းတင် မင်းတို့လူတွေကိုဘဲတင်”

            ဒီကြောင် စကားပြောတာ တော်တော်လည်လည်ပတ်ပတ်ရှိသည်။ ရှေ့နေလားမသိ။  ကျုပ်လည်း တစ် ယောက် တည်း ပျင်းနေ တာနဲ့ အတော်။ ဘာပဲ ဖြစ်ဖြစ် လူစကားပြောတတ်တဲ့ကြောင်ဆိုတော့ ဒီကောင်နဲ့ ပြောချင် ရာပြောလို့ရပြီ။ လူတွေလို စကားအရောင်းအဝယ်တော့ မလုပ်တန်ကောင်းရဲ့။  

            “မင်းဘယ်လိုလုပ် ဒီ၆ လွှာထိရောက်လာရတာလဲ”

            “ဒီလိုကွ ငါ့လူရ၊ မနေ့ညက မင်းအထပ်ကနေ ဝိဒ်ရှုတယ်မဟုတ်လား၊ ငါဟို ဘက် အမိုးပေါ်မှာ ဒီအနံရ တော့ ဘယ်အခန်းလဲ လိုက်ရှာတာ။ မင်းက ဆေးလိပ်ဖွာလက်စတန်းလန်းနဲ့ အိပ်ပျော်နေတာ။ အဲဒီမှာ ငါစဉ်းစားမိတယ်။ မင်းနဲ့ငါပေါင်းပြီး ဝိဒ်ပုံမှန်ရှုလို့ရအောင် လုပ်ကြမလားလို့ ၊ ငါဝိဒ်ရှာလာမယ် ။ မင်းက ရှု။ငါက အနားမှာနေမယ်။ ဘယ်လိုလဲ”

            ဟိုက် ဒီကြောင်က ဘိန်းစားကြောင်ဘဲ

            “ လွယ်လှချည်လား၊ မင်းအတွက် ငါကရှုပေးရဦးမယ်။ ငါအခန်းထဲ လာရှုတော့ ဒီအနံတွေနဲ့ လာဖမ်းရင် ငါခံရမှာ၊ မင်းဘာသာ ကြောင်မတွေကို လိုက်ဂေါ်စမ်းပါကွာ။တစ်လက်စတည်းပြောရဦးမယ်။ ညဘက် ညဘက် ဖိုသံပေးအော်နေတာ မင်းလား၊သောက်သံက ဆိုးလိုက်တာ။ တော်ရုံတန်ရုံအော်ကွ၊အိပ်ရေးပျက်တယ်။

            ကျုပ်အပြစ်တင်တာကြောင့် ဒီကြောင် ဘီဒိုပေါ်ကနေ ခုန်ဆင်းချလိုက်တယ်။ ပြီးတော့ ကျုပ်ဘက် လျှောက်ပြီး သူရှေ့လက်ကို ကျုပ်အခန်းနဲ့ မျက်နှာချင်းဆိုင် အခန်းကို ထိုးပြတယ်။

            “မင်းလည်း ဒီအခန်းက သူများမိန်းမကို ပိုးပြီး ဂစ်တာတီးတီးနေတာ ဘယ်လောက်ဆိုးလဲ။ အသံလည်း မကောင်း၊ တီးတာလည်းမကောင်း။ ဒါတောင် ငါတို့ကြောင်တွေက ဘာပြောလို့လဲ။ အထာ ထားစမ်းပါကွ”

            ပြောပြီး ၀ရန်တာဘက် လျှောက်သွားသည်။ အပေါက်၀ရောက်မှ ၀ရံတာတန်းပေါ် တက်ပြီး

            “ငါအခုပြောတာ စဉ်းစားထား။မင်းငြင်းမှာ မဟုတ်ပါဘူး။ ဘာလိုဆို့ ငါမှာ မင်းမငြင်းလောက်တဲ့ အခြား ကမ်းလှမ်းမှုတွေ ရှိသေးတယ်ကွ။ဥပမာ- လမ်းထဲက ဘယ်သူဘာလုပ်နေတယ်၊ ဘယ်သူက ဘာရှိပြီး ဘာတွေ ဖွက်ထားတယ်ဆိုတာပေါ့။ ငါကမ်းလှမ်းချက်ကို လက်ခံရင်  မင်းအတွက် ဘ၀က သာသာယာယာချည်းဘဲ ဖြစ် သွားမှာ။ အေး .. ငါကို မင်းတို့လူတွေစောက်ကျင့်လို့ ချောက်ချမယ်မကြံနဲ့။ ဒီကြောင် လူစကားပြောတတ်တယ် ဆိုပြီး သွားပြောလည်း ဘယ်သူမှ မင်းစကား ယုံမှာမဟုတ်ဘူး။ ကြောင်ဆိုတာ လူမှ မဟုတ်တာ။ ဒါကြောင့် မင်းကို ဆေးကြောင်နေတယ်ဆိုပြီးတောင် ဖမ်းမှာ”

            ၀ရံတာပေါ်ကနေ အောက်ကို လွှားခနဲ့ခုန်ချသွားသည်။ ကျနော် ကမန်းကတမ်း ၀ရံတာအောက်ဘက် ကြည့်လိုက်သည်။ ဒီကြောင် အောက်က ကတ္တရာလမ်းပေါ် ကျပြီး ကျိုးသွားပြီလားဟု။

            နောက်မှ သတိရသည်။ ကြောင်ဆိုတာ ကြောင်ကျကျတာရှိတာပဲဟု။

            ကျနော်အခန်း၀ရံတာမှ အောက်သို့အကြည့်တွင် လူစကားပြောသော ကြောင်အစား လူကြီးလူကောင်းပုံစံ နှင့် လူကြီးတစ်ယောက်က ကျနော်ကို လက်လှမ်းပြနေသည်ကို  ခပ်ရေးရေးမြင်ရလေသည်။

 လင်းနိုင်ကျော်စိုး