【ဆောင်းပါး 】မြန်မာနိုင်ငံတစ်ဖက်ခြမ်းက စစ်ဆောင်ပန္နားဒေသ

【ဆောင်းပါး 】မြန်မာနိုင်ငံတစ်ဖက်ခြမ်းက စစ်ဆောင်ပန္နားဒေသ

စစ်ဆောင်ပန္နားဆိုတာကတော့ မြန်မာနိုင်ငံရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ်ထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖြစ်ပါတယ်။

စစ်ဆောင်ပန္နားဟာ လန်ချန်းမြစ်ဖြတ်သန်းစီးဆင်းရာ ဒေသတစ်ခုလည်းဖြစ်ပြီး မြန်မာနိုင်ငံနဲ့ တူတဲ့အချက်က အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ဒီဒေသမှာ နေထိုင်ကြသူအများစုက တိုင်(Dai ) လူမျိုးတွေဖြစ်ကြပါတယ်။ မြန်မာတွေကတော့ လူးရှမ်းတွေလို့ အခေါ်များပါတယ်။ လူးရှမ်းဆိုတာ ကျိုင်းတုံနယ်မှာနေထိုင်ကြတဲ့ ဂုံရှမ်းလူမျိုးများနဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတူညီကြတဲ့ လူမျိုးတွေလို့ ဆိုပါတယ်။

စစ်ဆောင်ပန္နားက တိုင်လူမျိုးတွေရဲ့ ဝတ်စားဆင်ယင်မှုဟာ ရှမ်းလူမျိုးတွေနဲ့ဝတ်စားဆင်ယင်မှုနဲ့ တော်တော်လေး တူကြပြီး ရင်ဖုံးအင်္ကျီလေးတွေနဲ့ မြန်မာလုံချည်လိုမျိုးပုံစံတွေ ဝတ်ဆင်ကြတာဖြစ်ပါတယ်။ ဒီတိုင်လူမျိုးတွေဟာ ရှမ်းလူမျိုးတွေနဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးစံကအစ တူနေတာလို့ ဆိုကြပါတယ်။

စစ်ဆောင်ပန္နားဟာ တရုတ်နိုင်ငံအနောက်တောင်ဘက် နယ်စပ်ဒေသ၊ အပူပိုင်းဒေသရဲ့ မြောက်ဘက်စွန်းမှာ တည်ရှိပါတယ်။ အနောက်တောင်ဘက်ဟာ မြန်မာနိုင်ငံ၊ အရှေ့တောင်ဖက်ဟာ လာအိုနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နဲ့လည်းနီးပါတယ်။

တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ စစ်ဆောင်ပန္နားဒေသဟာဆိုရင် လန်ချန်းမြစ်ဖြတ်သန်းစီးဆင်းရာနေရာလည်းဖြစ်ပါတယ်။ လန်ချန်းမြစ်ဟာ  ထိုင်း၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့ အထိ စီးဆင်းသွားတဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။

လန်ချန်းမြစ်က စစ်ဆောင်ပန္နားဒေသရဲ့ အလယ်ဗဟိုကနေဖြတ်သန်းစီးဆင်းနေတာမို့ လန်ချန်းမြစ်ကိုမဖြတ်လို့ မရအောင် ဗဟိုချက်ကျလှပါတယ်။ ညဘက်ဆို မြို့အနှံ့ရောင်စုံမီးတွေနဲ့ လန်ချန်းမြစ်တစ်လျှောက်မှာဖွင့်ထားတဲ့ ဆိုင်တန်းတွေက လန်ချန်းမြစ်နဲ့အပြိုင် စစ်ဆောင်ပန္နားရဲ့ အလှကိုပုံဖော်ပေးနေတာဖြစ်ပါတယ်။

ဒီနေရာတွေကို ပြင်ပခရီးသွားတွေလာကြသလို ဒေသခံမြို့သူမြို့သားတွေကလည်း လာလေ့ရှိကြပါတယ်။ ညဈေးမှာ အစားအသောက်တွေတင်မက အဝတ်အစားတန်း ၊ ကျောက်မျက်ပစ္စည်း စတဲ့ စျေးတန်းတွေလည်း ရှိပါသေးတယ်။

စစ်ဆောင်ပန္နားဒေသရဲ့ လမ်းမတွေ ၊အဆောက်အဦးတွေ၊ ဆိုင်တွေရှေ့မှာဆိုရင် ဆင်ရုပ်တွေ၊ ဒေါင်းရုပ်တွေကို ခမ်းခမ်းနားနား ကြီးကြီးမားမားထားတာကိုတွေ့ရပြီး သူတို့ဒေသမှာတော့ ဆင်ကိုကြည်ညိုစရာအဖြစ် အသိ အမှတ်ပြုထားကြသလို ဒေါင်းကိုလည်း ကျက်သရေမင်္ဂလာရှိတဲ့ အရုပ်အဖြစ်ထားကြတယ်လို့ ဆိုပါတယ်။

ဒီဒေသရဲ့ ထူးခြားမှုလည်းဖြစ်သလို မြန်မာလူမျိုးတွေလည်း အသိများတာကတော့ စစ်ဆောင်ပန္နားရဲ့ နှစ်သစ်ကူးပွဲတော်ပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့အတွက် သူတို့ဒေသနှစ်သစ်ကူးပွဲတော်နေ့မှာရုံးတွေ၊ ကျောင်းတွေ၊ ကုမ္ပဏီတွေ အကုန်ပိတ်ပါတယ်။ သူတို့ရဲ့ နှစ်သစ်ကူးပွဲတော်မှာ ဆင်နွှဲလေ့ရှိတာကတော့ ရေသဘင်ပွဲတော်ဖြစ်ပါတယ်။

မြန်မာနှစ်ကူးသင်္ကြန်လိုပဲ စစ်ဆောင်ပန္နားသင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေအသိများတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး စစ်ဆောင်ပန္နားဒေသရဲ့ နာမည်ကျော်ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာ့သင်္ကြန်လိုပဲ အားလုံးကဝတ်ကောင်းစားလှတွေဝတ်ပြီး ရေသဘင်ပွဲတော်ကိုဆင်နွှဲလေ့ရှိကြပါတယ်။ ရေသဘင်ပွဲတော်မှာ အချင်းချင်းရေပက်ဖြန်းကြသလို သန့်ရှင်းတဲ့ရေနဲ့ ဗုဒ္ဓဆင်းတုတော်ကို ရေသပ္ပာယ်လေ့ရှိ ကြပါတယ်။ စစ်ဆောင်ပန္နားဒေသရဲ့ နာမည်ကျော်ပွဲတော်တစ်ခုမို့ လူသိများလှပါတယ်။

စစ်ဆောင်ပန္နားဟာ ဂေဟဗေဒဆန်စွာလှနေပြီး စိမ်းလန်းစိုပြေနေပါတယ်။ ဒါဟာတရုတ်နိုင်ငံရဲ့ အပူပိုင်းဒေသ ဂေဟစနစ် ထိန်းသိမ်းမှုအကောင်းဆုံး နယ်မြေဖြစ်ပါတယ်။ တရုတ်တစ်နိုင်ငံလုံးရဲ့ တိရစ္ဆာန်မျိုးစိတ် လေးပုံတစ်ပုံ နဲ့ အပင်မျိုးစိတ် ခြောက်ပုံတစ်ပုံဟာ စစ်ဆောင်ပန္နားမှာ ရှိတာကြောင့် သူ့ကို “တိရစ္ဆာန်နဲ့အပင်တို့ရဲ့နတ်ဘုံဗိမ္မာန်” “မျိုးစိတ်ဗီဇဘဏ်” “သစ်တောပြတိုက်” “ရုက္ခဗေဒသုခဘုံရဲ့ အောင်မြင်မှုသရဖူပေါ်က ရတနာကျောက်” ဆိုပြီး တင်စားခေါ်ဝေါ်ကြပါတယ်။

ဒီဒေသမှာ တရုတ်သိပ္ပံအကယ်ဒမီ အပူပိုင်းရုက္ခဗေဒ ဥယျာဉ်လည်းတည်ရှိပြီး ဒီဥယျာဉ်ဟာ တရုတ်သိပ္ပံ အကယ်ဒမီလက်အောက်ရှိ သိပ္ပံနည်းပညာ သုတေသနမျိုးစိတ် ထိန်းသိမ်းခြင်းနဲ့ သိပ္ပံနည်းပညာတွင် ကျယ်လာစေရေးသင်ကြားမှုတို့ကို တစ်နေရာတည်းမှာ စုစည်းထားတဲ့ ဘက်စုံသုတေသန အဖွဲ့အစည်းဖြစ်သလို တရုတ်ပြည်တွင်း၊ ပြည်ပနာမည်ကျော် ရှုခင်းနေရာလည်းဖြစ်ပါတယ်။

ဥယျာဉ်တစ်ခုလုံးမှာ သက်ရှိအပင်မျိုးစိတ်ပေါင်း ၁၃၀ဝ၀ ကျော်ရှိပြီး အပင်မျိုးကွဲဧရိယာ ၃၈ ခုခွဲခြားထားပါတယ်။ ဟက်တာ ၂၅၀ရှိတဲ့ သဘာဝအပူပိုင်းမိုးသစ်တောတစ်ခုကို ထိန်းသိမ်းကာကွယ်ထားပါတယ်။ ဒါဟာတရုတ်နိုင်ငံ ရဲ့ ဧရိယာအကျယ်ဆုံး၊ စုစည်းထားတဲ့ မျိုးစိတ်အကြွယ်ဝဆုံး၊ အပင်မျိုးကွဲ ဧရိယာအများဆုံး ရုက္ခဗေဒဥယျာဉ် ဖြစ်သလို ကမ္ဘာပေါ်မှာ ပြင်ပဧရိယာမှာ ထိန်းသိမ်းထားတဲ့ အပင်မျိုးစိတ်အများဆုံးနဲ့ အများပြည်သူကိုပြသထားတဲ့ အပင်အုပ်စုအရေအတွက် အများဆုံးရှိတဲ့ ရုက္ခဗေဒဥယျာဉ်ဖြစ်ပါတယ်။

စစ်ဆောင်ပန္နား အပူပိုင်းမိုးသစ်တော အမျိုးသားဥယျာဉ်၊ ကညင်နီပင် ရှုခင်းသာဧရိယာဟာ ကမ္ဘာရဲ့မြောက်လတ္တီတွဒ် ၂၁ဒီဂရီမှာရှိတဲ့ တစ်ခုတည်းသော အိုအေစစ်ဖြစ်ပြီး တရုတ်ရဲ့ကမ္ဘာ့အသိအမှတ်ပြု တစ်ခုတည်းသော အပူပိုင်းသစ်တောဖြစ်ပါတယ်။

အပူပိုင်းမိုးသစ်တောအပြင် လန်ချန်းမြစ်ဟာလည်း စစ်ဆောင်ပန္နားမှာ မဖြစ်မနေသွားကြည့်ရမယ့် သဘာဝအလှ ဖြစ်ပါတယ်။ လန်ချန်းမြစ်ဟာ ချင်းဟိုင်းကုန်းပြင်မြင့်က ထန်းကူလားတောင်ကနေ မြစ်ဖျားခံလာတာဖြစ်ပါတယ်။ စစ်ဆောင်ပန္နားကို ဖြတ်သန်းပြီး ပြည်ပကိုရောက်သွားတဲ့ အချိန်မှာ သူ့ကိုမဲခေါင်မြစ်လို့ ခေါ်ကြပါတယ်။

ယူနန်ကို ရောက်ပြီး စစ်ဆောင်ပန္နားကို မရောက်ရင် ယူနန်ရောက်ခဲ့တယ်လို့ မပြောနိုင်၊ စစ်ဆောင်ပန္နားရောက်ပြီး လန်ချန်းမြစ်ကို လှေစီးပြီးမလည်ဘူးရင် စစ်ဆောင်ပန္နား ရောက်တယ်လို့မဆိုနိုင်၊ လှေနဲ့လန်ချန်းမြစ်ကို လည်ပတ်ချိန်မှာ တောင်ပေါ်တက်ပြီး ချိုင့်ဝှမ်းဒေသတစ်လျှောက်က အလှအပကို မကြည့်ဖူးဘူးဆိုရင် တိုင် တိုင်းရင်းသား ရွာရဲ့ မှင် သက်ဖွယ်အလှကို မမြင်နိုင်ဘူး” လို့ လည်း ဆိုရိုးရှိပါတယ်။

ခန့်မောင်