【 ဆောင်းပါး 】ခက်ခဲစွာဖြတ်သန်းခဲ့ရသောကာလများ

【 ဆောင်းပါး 】ခက်ခဲစွာဖြတ်သန်းခဲ့ရသောကာလများ       

ဒီရက်ပိုင်း ဖျားကျနာကျသည့် သတင်းတွေကြားရသည်။ ဆေးခန်းမှာ လူတွေ ပြန်စည်လာသည်။ လမ်းပေါ်နှင့် ကားပေါ်  လူတွေ maskကို ပြန်တပ်လာကြသည်။ ကိုဗစ်ဆေးကို booster အဖြစ် ၃ ကြိမ် မြောက်၊ ၄ ကြိမ်မြောက်ထိုးနေကြသူတွေကို တွေ့လာရသည်။ နိုင်ငံတကာသတင်းတွေထဲ ကိုဗစ်မျိုးကွဲ အိုမီခရွန်‌၏ ဘီအေ ဖိုး၊ဖိုက်တွေကြောင့် ကူးစက်မှုပြန်မြင့်တက်လာသည့်  သတင်းတွေကိုဖတ်နေရသည်။

ဒီရက်ပိုင်း မိုးဆက်နေသဖြင့် ရပ်ကွက်ထဲ ဖျားတဲ့နာတဲ့သူတွေများသည်။  လဘက်ရည်ဆိုင်လဲ ယခင်က ထက် လူနည်းသည်မှာ ဖျားနာနေကြလို့လား ယခင်ကထက် ကျပ်တည်းလာနေကြလို့လားမသိ။  ကျနော်ထိုင် နေကျ လဘက်ရည်ဆိုင်မှာ ယခုရက်ပိုင်းအရောင်းက ထိုးကျသည်ဟုဆိုသည်။ ဆိုင်ရောင်းရငွေက တစ်ရက်ကို သုံးလေးသောင်းသာရှိသဖြင့် ဆိုင်ရှင်ကငြီးသည်။ စျေးလမ်းမှာ ရှိသည် ကျနော်ထိုင်နေကြ လဘက်ရည်ဆိုင်မှာ ယခင်က တစ်ရက်ကို နှစ်သိန်းသုံးသိန်းလောက်အသာလေးရောင်းရသည်။ ဒါက ဖျားခြင်းနာခြင်းကြောင့်တော့ အရောင်းကျစရာ သိပ်မရှိနိုင်။ လူတွေကျပ်တည်းလာတာက ပိုဖြစ်ဖို့ များသည်။ ဘာကြောင့်ဆို ကျနော်ကိုယ်တိုင် တောင် ကော်ဖီမစ် ပလိန်းကို လေးရာနှင့်စီးကရက်နှစ်လိပ်ပါ တစ်ပွဲ ငါးရာပေးရသည့်သည့်အချိန်တွင် လဖက်ရည် ဆိုင်သွားမည်အစား အိမ်မှာ ကော်ဖီမစ်ဝယ်သောက်သည်။ အိမ်က အိမ်ရှင်မက တီးမစ်ကို ဝယ်ကာ အိမ်မှာဖျော် သောက်သည်။ ဒီတော့ ကျနော်တို့လို အသုံးစရိတ်လျော့မှုကြောင့် ဆိုင်ရောင်းအားတွေ ထိုးကျတာလည်း ဖြစ်နိုင် သည်။ မနေ့က နေ့ခင်း လဖက်ရည်ဆိုင်ကို သွားထိုင်တော့ လမ်းထိပ်က ခြံဝန်းကြီးကိုငှားဖွင့်သည့် နာမည်ကြီး လဘက်ရည်ဆိုင်တောင် ဒီလကုန် ပိတ်မည်အသံ သဲ့သဲ့ကြားရသည်။

ပြီးခဲ့သည့် တနင်္ဂနွေက လမ်းထဲက အညာသားလဘက်ရည်ဆိုင်မှာ ထိုင်ရင်း လူပါးသဖြင့် ဆိုင်ရှင်နှင့် စကားထိုင်ပြော ဖြစ် သည်။ ဆိုင်ရှင် အညာသားက ထိုကိုဗစ် တတိယလှိုင်းဟု ခေါ်သည့်အသေ အပျောက် များ သည့်ကာလမတိုင်မီ မတ်လကတည်းက ရန်ကုန်ကနေ အညာကို ပြန်သွားခဲ့သူဖြစ်သည်။ ဒီတော့ ကိုဗစ်ပြင်း ထန် သည့်အချိန် သူတို့ ဒီမှာ မရှိ။ သူတို့ဆီမှာလည်း  ပြင်းထန်သည်ဆိုပေမယ့် လူနေကြဲပါးသဖြင့် သေဆုံးမှုက ရန်ကုန် နှင့် မန္တလေးလောက် မပြင်းထန်။ သူနှင့် စကားပြောပြီး ပြန်လာပြီးနောက် အိမ်တွင်ထိုင်ရင်း ထိုအချိန်ကာလ တွေ ကို ပြန်တွေးမိသည်။

ထိုကာလက ရန်ကုန်တွင် ကာဖျူးဆိုသည့် ည ၈နာရီ မနက် ၄ နာရီ အပြင်မထွက်ရဟု သတ်မှတ်ထား သည့် ကာလ။ အိမ်တိုင်းမှာ ကိုဗစ်ကူးစက်ခံထားရသည့်သူတွေ ရှိသည်။  ညဘက်ဆို အိမ်တိုင်းအိမ်တိုင်း အထိတ် ထိတ်အလန့်လန့်။ ကူးစက်ခံနေရသူ ညဘက်တစ်ခုခုထဖြစ်ပါက ဘာလုပ်လို့ လုပ်ရမယ်မှန်းကိုမသိ။ ဆရာဝန် ဆိုတာရွှေထက်ရှားသည်။ ရပ်ကွက်ထဲ ဆေးခန်းလာဖွင့်သည့် ဆရာဝန်မက ညနေ ၆နာရီကျော်ပြီဆို ပိတ်ကာ မြို့ထဲ ပြန်သည်။ ဒီတော့ ညနေ ၆ နာရီကျော်၊၇ နာရီ ဆို ဆရာဝန်ခေါ်မရတော့။ ည ၈ နာရီ ကာဖျူးနှင့် အောက် ဆီဂျင်လိုသည့် ပြဿနာဖြစ်ပါက အရပ်လည်းမကူနိုင်၊ အမျိုးအဆွေလည်းမကူနိုင်။ ဘယ်သွားလို့ ဘယ်လာ ၊ဘယ်သူဆီမှာ အကူအညီ ရမယ်မှန်းကိုမသိ။ ညစဉ် လူမမာဘေးမှာနေပြီး လာမည့်သေဘေးကို လည်စင်းခံနေရသည့် ကိုယ်ချစ်သည့်ခင်သည့်သူတွေကို မြင်တွေ့နေရသည်မှာ ဘယ်တော့မှ မေ့နိုင်ဖွယ်မရှိသည့် အခင်းအကျင်းပင်။ ကိုဗစ်ကြောင့် လူနာ အသက်ရှုကျပ်လာပြီဆိုပါက လူမမာတော့ ဘယ်လိုနေမလဲမသိ။ ဘေးကလူတွေမျက်နှာမှာတော့ ဆောက် တည်ရာမရ။ အနည်းငယ်သက်သာသည့်အခါ လူနာမသိအောင် တင်းထားသည့် စိတ်ကိုလျော့ချရ သည်။ ထိုတဒင်္ဂသက်သာမည့်အရေးအတွက် အောက်ဆီဂျင်တန်းစီရသည့်နေရာတွင် အောက်ဆီဂျင်ရအောင် ယူပေးပါက ဘယ်သူမဆို ယူချင်ရာယူ၊လုပ်ချင်ရလုပ်ဆို သည့်အထိဇောကပ်ခဲ့ရသည့်အဖြစ်တွေက ထိုကာလမှာ မကြားချင်ဆုံးအဖြစ်တွေ။  

ဒီကာလမှာ မကြားချင်ဆုံးက ဖုန်းသံတွေ ဖြစ်သည်။ ဖုန်းသံတွေမှာ အကူအညီတောင်းသံ၊ သေဆုံး ကြောင်း သတင်းတွေ။ ညဘက် ၀ရန်တာမှ အပြင်ကိုကြည့်သည့်အခါ ကာဖျူးသတ်မှတ်ထားချိန်မှာ သုတ်သုတ် ၊သုတ်သုတ်ဖြင့်အပူသည်တွေ၊ တချို့က မိဘအတွက်မျက်ရည်စစ၊တချို့က သားသမီးအတွက် မျက်ရည်စစ။ တစ် ယောက်မျက်ရည်တစ်ယောက်မမြင်နိုင်သည့်အထိ အားလုံးအပူကြီးရသည်အဖြစ်တွေ။ လမ်းထဲ ကားအဖြူ တွေ မီးနီတန်းနဲ့ အသံတိတ်ဝင်လာတိုင်း တစ်ယောက်တော့ သွားလေပြီ။ ဘယ်သူလဲ။ဒီအချိန်မှာ အသက်အရွယ်နဲ့ ငယ် ရွယ်မှုလည်း မဆိုင်တော့။ အားလုံးက ရက်စက်သည့် ကာလအောက်မှာ အတုံးအရုံး လည်စင်းခံပေး လိုက်ရ သည်။ ထိုထဲ ကျနော်တို့လည်းမလွတ်ခဲ့။

ကျနော် ဆွေမျိုးထဲ ကိုဗစ်တတိယလှိုင်းမှာ အတော်ပါသွားသည်။ လမ်းထဲမှာ လည်း မနည်း။ အမဝမ်း ကွဲမိသားစုဆို ညတွင် ယောက်ဖဖြစ်သူပါကာ မနက်တွင် ယောက္ခမပါသည်။ညနေဘက်တွင် သားဖြစ်သူ ထပ်ပါ သည်။ မိသားစု ၅ ယောက်ရှိသည့်အထဲ  အမနှင့်သူ့သမီးဖြစ်သူသာ  ၂ ဦးတည်း ကျန်ခဲ့သည်။ ယခု အမက သူအ မေအိမ်တွင် ပြန်နေသည်။ ထိုညတွေကို အမဝမ်းကွဲဖြစ်သူ ဘယ်လိုဖြတ်သန်းရသလဲဆိုတာ ယခုထိတိုင် ကျနော် မမေးရဲ။ ယခုထိ အမဖြစ်သူ ငေးငေးငိုင်ငိုင်။ ထိုကာလအတွင်း ကျနော်အိမ်ဘေး ၊အိမ်ရှေ့၊ လမ်းထဲ ၀ှိုက်ဘုတ် ဖြူ ဖြူလေးတွေ မကြာခဏ မြင်ရသည်။ ထိုအရာတွေမြင်တိုင်း ဘောလုံးပွဲမှာ အပြစ်ရှိသူကို အနီကဒ်ဖြင့် ထုတ်သလို မျိုး၊ ဒီမှာတော့ ဒီလိုမဟုတ်။ အပြစ်ကင်းသည့်သူတွေကို စောစောစီးစီး အဖြူကဒ်ပြပြီး လောကထဲကနေ ထုတ် လိုက်သလို။ ကျန်သူတွေက ဖြစ်လာသမျှ ရက်စက်မှုကို သူတပြန်ကိုယ်တပြန်ချမည့်သူတွေကိုသာ ချန် ထားခဲ့ ခြင်းလားဟု။ အမေကတော့ ပြောသည်။ သေတဲ့သူတွေက စိတ်ရင်းကောင်းတဲ့သူတွေချည်းဘဲ။ နှမြောလိုက် တာ ဟု..။ တကယ်ဆို ကျန်ရစ်သူမိသားစုတွေအတွက် ထို့ထက်ပိုပေမည်။  

ထိုကာလမှာ လူတိုင်းသေရမှာကိုလည်း မကြောက်တော့။ အိမ်တိုင်းမသေဘူးသည့်အိမ်က နည်းလှသည်။ တစ်ယောက်နှစ်ယောက်။  သေရတာ ဘာလဲဆိုတာထက် သေသူ ကို ရှင်သူက မနာလိုရသည့် အဖြစ် ကျန်ရစ်သူ တွေက အားကျနေရသည့်အဖြစ် ။

ကျနော်ထိုင်နေကျ လဘက်ရည်ဆိုင်တွင် ထိုင်နေကြ၀ိုင်းထဲက နှစ်ယောက်ပါသွားသည်။ ကျနော်တို့မှာ အခုထိ ထိုနှစ်ယောက်ကို အခါတိုင်းသတိရနေဆဲ။ သို့သော် ထိုကာလကို ထပ်မကြုံချင်တော့။ ရွေးချယ်စရာမရှိ သည့် ခေတ်ကာလတွင် ရက်စက်သည့်နေ့တွေက  အဆီးအတားမရှိ ကျနော်တို့ ဘ၀ထဲ တိုးလျှိုးပေါက်ဝင်ရောက် လာသည့်အခါ  ရက်တိုင်းက သတိရနာကျင်စရာ၊နာကြည်းစရာတွေအပြည့်နှင့်။

ထိုကာလတွေကို ပြန်တွေးတိုင်း ကျနော်တို့ ကူရာမဲ့ကယ်ရာမဲ့ ရက်စက်သည့်နေ့များကို ကျော်ဖြတ်ခဲ့ ရတာပါလားဟု တွေးမိသည်။နောင်လည်းတွေးနေမိဦးမည်ဖြစ်သည်။ ဘယ်တော့မှ ၂၀၂၁ ခုနှစ် ဇူလိုင်လကို မေ့မည် မဟုတ်ပေ။

ရိုက်မောင်း