【 ဆောင်းပါး 】တရုတ်ထုတ် လျှပ်စစ်ပစ္စည်းအသုံးပြုမှုနဲ့ မြန်မာ

【 ဆောင်းပါး 】တရုတ်ထုတ် လျှပ်စစ်ပစ္စည်းအသုံးပြုမှုနဲ့  မြန်မာ

ကမ္ဘာသည် ဆန်းသစ်သော လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်အသုံးပြုလျက်ရှိနေပြီး အသုံးပြုသူနှင့် စျေးကွက်အနေဖြင့်လည်း ယင်းပစ္စည်းများသည်ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပျံ့နှံ့လျက်ရှိနေကြောင်း တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမြို့ကြီးများတွင် ပြည်ပနိုင်ငံခြားအမှတ်တံဆိပ် လျှပ်စစ်ပစ္စည်းအစုံအလင်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ သို့ရာတွင် မြန်မာ့စျေးကွက်အတွင်း အသုံးများသည်မှာ အိမ်နီးချင်းတရုတ်နိုင်ငံမှ ထုတ်ကုန်များဖြစ်ကြောင်း လက်လှမ်းမှီရာ လျှပ်စစ်ပစ္စည်းတင်သွင်းရောင်းချသူတချို့က ဆိုကြသည်။

ပြည်တွင်းစျေးကွက်အနေဖြင့် တရုတ်ထုတ်လျှပ်စစ်ပစ္စည်းများကို အသုံးများကြောင်း ပြောဆိုရာတွင် မြို့ပေါ်စျေးကွက်နှင့်နယ်စျေးကွက်မှ ကွာခြားချက်တချို့ရှိနိုင်ကြောင်း ဆိုကြသည်။ တစ်ဆက်တည်းမှာပင် စျေးကွက် ကြိုက်နှစ်သက်မှု၊ စျေးနှုန်းအခြေအနေ၊ တင်သွင်းရာခရီးလမ်း၊ ကုန်သွယ်ရေး စည်းကမ်းချက်များ စသည်အားဖြင့် အခြေတည်ကာ ပြည်ပမှပြည်တွင်းသို့ လျှပ်စစ်ပစ္စည်းတင်သွင်းမှုကို ထည့်သွင်းစဉ်းစားကြကြောင်း လုပ်ငန်းရှင်များက ဆိုကြသည်။

“ အနီးစပ်ဆုံးပြောရရင် လျှပ်စစ်မီးမရတဲ့ဒေသတွေမှာဆို ဆိုလာနဲ့အားသွင်းစနစ်ကိုအသုံးပြုတဲ့ မီးသီး၊ မီးအိမ်၊ လိုတွေက ပိုရောင်းရတယ် ။ နောက်ပြီး ဖုန်းစျေးကွက်မှာဆိုလည်း တစ်သိန်းဝန်းကျင် ကျွန်တော်တို့ဆီကို မှာတာများတယ်။ အရင်စျေးမတက်ခင်ကပေါ့။ နောက်ဘောက်နဲ့ မိုက်တွဲထားတဲ့ ပေါ့ပေါ့ပါးပါးသုံးလို့ရတဲ့ စပီကာတွေ ရောင်းရတယ်။ တီဗီဆိုလည်း တံဆိပ်အစုံပေါ့။ နယ်ကိုတော့ ခေါက်တီဗီလေးတွေ ရောင်းရတာများခဲ့တယ်။ ငွေကြေး ပေါ့ပေါ့ ပါးပါးသုံးပြီးဆိုလာတို့ဘာတို့နဲ့တွဲသုံးလို့ အဆင်ပြေတဲ့ပစ္စည်းမျိုးတွေပေါ့။ အဲ့ဒီထဲပြန်ကြည့်ရင် တရုတ်နိုင်ငံထုတ်က အများဆုံးပေါ့” ဟု ရန်ကုန်မြို့၊ လသာမြို့နယ်မှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဆိုင်မန်နေဂျာတစ်ဦးက ရှင်းပြသည်။

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ လျှပ်စစ်ပစ္စည်းတင်သွင်းမှု ကိန်းဂဏန်းများကို ကြည့်လျှင် ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ ၄၉.၆ သန်း တင်သွင်းခဲ့ပြီး ကမ္ဘာပေါ်တွင် ၅၈ ခုမြောက် အကြီးဆုံး လျှပ်စစ်ပစ္စည်းများ တင်သွင်းသူအဖြစ်ရှိနေကာ အဓိက တင်သွင်းရာ နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံမှ (ဒေါ်လာ ၃၀.၉ သန်း)၊ ဟောင်ကောင်မှ (ဒေါ်လာ ၇.၈၂ သန်း)၊ ဂျပန်မှ (ဒေါ်လာ ၂.၇သန်း)၊ တောင်ကိုရီးယားမှ (၂.၄၄ သန်း) နှင့် မလေးရှား (ဒေါ်လာ ၉၁၇ သိန်း) ရှိထားကြောင်း  OEC (The Observatory of Economic Complexity ) မှ ဖေါ်ပြထားသည်။

အခြားတစ်ဖက်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် လျှပ်စစ်သုံး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှုတွင် အလျင်မြန်ဆုံး ကြီးထွားလာနေသော စျေးကွက်များတွင် ဟောင်ကောင် (ဒေါ်လာ ၅.၉၄ သန်း)၊ တောင်ကိုရီးယား (ဒေါ်လာ ၂.၁၂ သန်း) နှင့် ဂျပန်မှ ဒေါ်လာ ၆၃၁ သိန်းရှိနေကြောင်း OEC က ဆိုသည်။ ထို့ကြောင့် မြန်မာပြည်တွင်း လျှပ်စစ်ပစ္စည်းအသုံးပြုမှုစျေးကွက်တွင် တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများမှလည်း ယခုနှစ်များအတွင်း တင်သွင်းမှုများပြားခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့စီးပွားရေးတွင် ထုတ်ကုန်မျိုးစုံကိုအရည်အသွေးနှင့်စျေးနှုန်းအလိုက် လိုက်လျောညီထွေဖြစ်အောင် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော တရုတ်နိုင်ငံထုတ်ပစ္စည်းများမှာ ပြည်တွင်းစျေးကွက်အတွင်း ဆက်ရှိနေမည်ဟု ခန့်မှန်းနေကြသည်။

အဆိုပါခန့်မှန်းမှုတွင် ဥပမာအနေဖြင့် မိုလ်ဘိုင်းစျေးကွက်တွင် စျေးကွက်ကြိုက်နှစ်သက်မှုအရ ပြည်ပနိုင်ငံဖြစ်သည့် အမေရိကန် Apple ကုမ္ပဏီထုတ်အိုင်ဖုန်းများကို တင်သွင်းရောင်းချမှုနှင့် နှိုင်းယှဉ်ပြောဆိုမှုများရှိသည်။

“စျေးကွက်ကိုပြန်ကြည့်ရင် အရင်အစောပိုင်းတုန်းက ပြီးခဲ့တဲ့ဆယ်စုနှစ်လောက်ကဆို တရုတ်တံဆိပ် ထုတ်ကုန်တွေဖြစ်တဲ့ ဟိုင်ဆင်းတို့၊ မီဇူးတို့၊ ဟော်နာတို့ နောက်ပြီး အမျိုးမျိုးတွေကိုစပြီးအသုံးများခဲ့တာက အခုထိလည်း တရုတ်ဖုန်းအသုံးပြုတာက ခြုံကြည့်ရင်များနေတုန်းပဲ။ အမေရိကန်အမှတ်တံဆိပ် အိုင်ဖုန်းတို့၊ ကိုရီးယားထုတ် ဆမ်ဆောင်းတို့၊ အယ်လ်ဂျီတို့ကိုစျေးကွက် ကြိုက်နှစ်သက်မှုရှိလို့ တင်ရောင်းကြတာရှိတယ်။ ဒါကစျေးကွက်က သဘောကျလို့တင်ရောင်းနိုင်တာမျိုးပေါ့။ ဒါပေမယ့် အသုံးပြုမှုအနေအထားကို ပြန်ကြည့်ရင်တော့ တရုတ်က ရှောင်းမီတို့၊ ဟွှားဝေ ၊ အိုပို၊ ရီးရဲလ်မီတို့လို ဟန်းဆက်တွေနဲ့ အခြားတံဆိပ်အမျိုးမျိုးကို စျေးကွက်မှာ ဝယ်လိုအားများနေတုန်းပဲဆိုတာ တွေ့ရပါတယ်။” ဟု ရန်ကုန်မြို့ လှိုင်မြို့နယ်မှ ဝါရင့်မိုလ်ဘိုင်း စျေးကွက်လေ့လာသူကိုမင်းက ဆိုသည်။

ယင်းကိုကြည့်လျှင် ပြည်တွင်းလျှပ်စစ်ပစ္စည်းများ အသုံးပြုမှုတွင် စျေးကွက်အကြိုက်ပြီးလျှင် စျေးနှုန်းနှင့် အသုံးဝင်မှုသည်ထည့်သွင်း စဉ်းစားမှုအဖြစ်ရှိနေသည်ကို တွေ့ရသည်။ အဆိုပါအခြေအနေတွင် တရုတ်ထုတ်ကုန်ပစ္စည်းများ၏ အားသာချက်အနေဖြင့် နီးကပ်သောခရီးလမ်းကုန်သွယ်မှုကိုလည်း ထောက်ပြကြသည်။ ကုန်သည်များသည် မြန်မာ - တရုတ် နယ်စပ်စခန်းများမှ ကုန်ပစ္စည်းများကိုလွယ်လင့်တကူ မှာယူနိုင်သကဲ့သို့ ရေကြောင်းဖြင့်လည်း ကုန်သွယ်မှုများရှိနေရာ ခရီးလမ်းစရိတ်တွင် တရုတ်ထုတ်ကုန်များအား ပြည်ပနိုင်ငံများနှင့်ယှဉ်လျှင် အခြားနိုင်ငံများက မြန်မာက သက်သာသောစျေးနှုန်းဖြင့် ရရှိနေသည်လည်းဖြစ်သည်။ ဒါ့အပြင် မြန်မာ - တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်အခွန်အခဆိုင်ရာတွင်လည်း နှစ်နိုင်ငံ အချိတ်အဆက်အနေဖြင့်  အခြားနိုင်ငံများထက် အားသာချက်များ ရှိနေသည်ဟုလည်း ဆိုကြသည်။

ထို့ကြောင့် အခြေခံကျသော လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများတွင် တရုတ်နိုင်ငံထုတ်ကုန်များသည်  မြန်မာပြည်သူများအတွက် ရွေးချယ်မှုဖြစ်ခဲ့ခြင်းဟု ဆိုနိုင်သည်။ အခြားအနေဖြင့် တစ်ပတ်ရစ်စျေးကွက်တွင် ကျယ်လာသော ယခုနှစ်များတွင် တရုတ်မဟုတ်သော ပြည်ပနိုင်ငံများမှ ထုတ်ကုန်များဖြစ်သည့် မိုလ်ဘိုင်း၊ဟန်းဆက်၊ တီဗီ၊ အဲကွန်း ၊ရေခဲသေတ္တာ စသည့် ပစ္စည်းများမှာ တစ်ပတ်ရစ်စျေးကွက်မှ ရောင်းချရမှုလည်း များပြားလာလျက်ရှိသည်။

မည်သို့ဆိုစေ ခြုံငုံသုံးသပ်မှုအနေဖြင့် ၁၉၉၀ ခုနှစ်နောက်ပိုင်းမှစတင်ကာ ၂၀၀၀ ခုနှစ်ဝန်းကျင်မှ အတူတကွ အရှိန်ရလာခဲ့သော နှစ်နိုင်ငံ ကုန်သွယ်ရေး၏ အားသာချက်များကြောင့် ကမ္ဘာ့စျေးကွက်တွင်လည်း ထိုး ဖောက်လျက်ရှိနေသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ပစ္စည်းစျေးကွက်သည် ပြည်တွင်းအသုံးပြုမှုတွင် ဆက်လက်အသုံးပြုမှုများနေဦးမည်ဟုသာ သုံးသပ်လျက်ရှိကြပြီး လက်ရှိတွင် လျှပ်စစ်မော်တော်ကားကဲ့သို့ နည်းပညာ အကူးအပြောင်းတစ်ခုတွင်လည်း တရုတ်အမှတ်တံဆိပ်များ စတင်ပါဝင်လျက်ရှိနေသည်ကို ကြည့်ရှုခြင်းဖြင့် မြင်သာလျှက်ရှိနေသည်ဟု ဆိုကြသည်။

မိုးသား