【 ဆောင်းပါး 】တရုတ်ရိုးရာ မိုးနတ်မင်းမွေးနေ့ကို ပူဇော်ခြင်း

【 ဆောင်းပါး 】တရုတ်ရိုးရာ မိုးနတ်မင်းမွေးနေ့ကို ပူဇော်ခြင်း 

တရုတ်ရိုးရာဓလေ့ ထုံးတမ်းစဉ်လာတွေဟာ အလွန်ရှေးကျပြီး ခေတ်အဆက်ဆက်ကို ကြံ့ကြံ့ခံဖြတ်သန်းလာခဲ့ကာ ‌ရှေးဟောင်းတရုတ်လူမျိုးများမှ လက်ရှိခေတ်သစ်အထိ အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။

အချို့သော တရုတ်ရိုးရာယဉ်ကျေးမှုတွေကို မြန်မာလူမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြပြီး၊ ယခင်ကမြန်မာ ရုပ်သံလိုင်းတွေမှာ တရုတ်ရိုးရာယဉ်ကျေးမှုတွေပါဝင်တဲ့ တရုတ်နန်းတွင်းဇာတ်လမ်းတွဲတွေနဲ့ သိုင်းပညာအခြေခံဇာတ်လမ်းတွဲတွေကို ထုတ်လွှင့်ပြသခဲ့တဲ့အတွက် မြန်မာပြည်သူတွေအနေနဲ့ တရုတ်ရိုးရာယဉ်ကျေးမှုတွေကို ထိတွေ့သိရှိလေ့လာနိုင်ခဲ့ကြပါတယ်။

တရုတ်ရိုးရာဓလေ့ ထုံးထမ်းစဉ်လာတွေအထဲမှာ မြန်မာလူမျိုးတွေလည်း အကြမ်းဖျဉ်းသိရှိထားတဲ့အပြင် တရုတ်နန်းတွင်းဇာတ်လမ်းတွဲတွေမှာ ပါဝင်လေ့ရှိတဲ့ 'မိုးနတ်မင်းကို ပူဇော်ခြင်း' အကြောင်းကို အကျယ်အဝင့် ဖော်ပြပေးချင်ပါတယ်။

တရုတ်ရိုးရာ မိုးနတ်မင်းပူဇော်တဲ့ အလေ့အထဟာ တရုတ်ပွဲတော်နေ့တစ်ခုဖြစ်တယ်လို့ မှတ်သားရပါတယ်။မိုးနတ်မင်းကို ပူဇော်တဲ့နေ့ရက်ဟာ နတ်ဒေဝါတွေထဲမှာ အကြီးမြတ်ဆုံးဖြစ်တဲ့ မိုးနတ်မင်းရဲ့ မွေးနေ့ရက် မြတ်ဖြစ်တယ်လို့လည်း တရုတ်လူမျိုးများက ယူဆထားကြပါတယ်။

တရုတ်လူမျိုးတွေဟာ တရုတ်နှစ်ကူးအပြီး ပထမဆုံးလရဲ့ (၉) ရက်မြောက်နေ့မှာ မိုးနတ်မင်းပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိကြပါတယ်။ မိုးနတ်မင်းကို ပူဇော်တဲ့ အလေ့အထဟာ ဖုကြန့်၊ ဟိုင်နန်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှားလိုမျိုး တရုတ်တောင်ဘက်ပိုင်း ဖုကြန့်နယ်သားတွေ စုဝေးနေထိုင်တဲ့ နေရာတွေမှာ ပိုမိုပြုလုပ်ကြတယ်လို့ လေ့လာမှတ်သားရပါတယ်။

တရုတ်ရိုးရာ မိုးနတ်မင်းပူဇော်တဲ့ အလေ့အထရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်မယ်ဆိုရင် တရုတ်ပြည် ရဲ့ 'မင်' မင်းဆက်ခေတ် ဒဏ္ဍာရီတစ်ခုကနေ စတင်လာတယ်လို့ သိရပါတယ်။ ဒဏ္ဍာရီပုံပြင်အရ - (၁၄) ရာစုကနေ (၁၆) ရာစု အထိ ဖုကြန့်ပင်လယ်ကမ်းရိုးတန်းဒေသမှာ 'ဝေါခု' လို့ ခေါ်ဆိုကြတဲ့ ဂျပန်ပင်လယ်ဓားပြတွေ ကျင်လည်ကျက်စားခဲ့ကြပါတယ်။

အဲဒီဓားပြတွေဟာ ဒေသခံရွာသူရွာသားတွေရဲ့ ပစ္စည်းတွေကို ဓားပြတိုက်လုယက်သတ်ဖြတ်တာမျိုးတွေအထိ ကျူးလွန်ခဲ့ကြပါတယ်။တစ်နေ့မှာ ဒေသခံတွေဟာ ထွက်ပြေးကြရင်း 'ဝေါခု' ဓားပြတွေနဲ့ ရင်ဆိုင်ပက်ပင်းတိုးခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ ‌ရှေ့မှာ ရုတ်တရက်ဆိုသလို ကြံခင်းကြီးတစ်ခုပေါ်လာပြီး ဒေသခံတွေကလည်း အဲဒီကြံခင်းကြီးထဲ ပြေးလွှားဝင်ရောက်ခဲ့ကြတဲ့အတွက် 'ဝေါခု' တွေရဲ့ အန္တရာယ်ကနေ လွတ်မြောက်ခဲ့ကြပါတယ်။

ဓားပြတွေအန္တရာယ်က လွတ်မြောက်လာတဲ့ ဒေသခံရွာသူရွာသားတွေဟာ သူတို့ကို မိုးနတ်မင်းက ကယ်တင်ဆောင်မကြည့်ရှုတယ်လို့ ယုံကြည်ခဲ့ကြပြီး၊ သူတို့ အန္တရာယ်က လွတ်မြောက်ခဲ့တဲ့ နေ့ရက်ဟာလည်း တရုတ် နှစ်သစ်ကူးအပြီး နှစ်ဆန်း (၉) ရက်နေ့ ဖြစ်နေပါတယ်။

ဒေသခံရွာသူရွာသားတွေဟာ နှစ်စဉ်နှစ်တိုင်းလိုလို နှစ်ဆန်း (၉) ရက်နေ့ရောက်တိုင်း သူတို့ကို ကယ်တင်ခဲ့တယ်လို့ ယုံကြည်တဲ့ မိုးနတ်မင်းကို ပူဇော်ပသခဲ့ကြတာဖြစ်ပါတယ်။

မိုးနတ်မင်းကို ပူဇော်ခြင်းနဲ့ပတ်သက်ပြီး အခြားသော ဒဏ္ဍာရီပုံပြင်တွေကိုလည်း ကွဲပြားစွာပြောကြားခဲ့ကြပါတယ်။

ကျောက်စိမ်း ဧကရာဇ်မိုးနတ်မင်းကို ပူဇော်တဲ့ အလေ့အထကို ဆောင်ရွက်ရာမှာ ပြင်ဆင်ပုံတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။ မိုးနတ်မင်းကို ပူဇော်တဲ့ နေ့ရက်ဟာ တရုတ်နှစ်ကူးအပြီး နှစ်ဆန်း (၉) ရက်နေ့မှာ ပြုလုပ်ကြတာဖြစ်ပါတယ်။

ပူဇော်ပွဲတော်နေ့မှာ တရုတ်လူမျိုး မိသားစုတွေဟာ အန်ကူးမုန့် (လိပ်နီမုန့်)၊ ဟွာကေ့ (ဂျုံမုန့်ပွ) စတဲ့ ပူဇော်ဖွယ် မုန့်များကို ပြုလုပ်ကြပြီး၊ ပွဲတော်နေ့ နံနက်ပိုင်းမှာတော့ အိမ်တိုင်းမှာ မီးရှူးမီးပန်း၊ ဗြောက်အိုးများ ပစ်ဖောက်ပြီး မိုးနတ်မင်းကို ရှိခိုးပူဇော်ကြပါတယ်။

မိုးနတ်မင်းကို ပူဇော်မှုအတွင်း အဓိကဆုတောင်းတွေကတော့ လူများကျန်းမာရန်၊ သီးနှံအထွက်တိုးစေရန်နဲ့ (၁၂) လ ရာသီပတ်လုံး အေးချမ်းသာယာရှိကြစေဖို့ ဆုတောင်းတွေဖြစ်ပါတယ်။ဖုကြန့်တောင်ပိုင်းမှာတော့ မိုးနတ်မင်း ပူဇော်ပွဲအတွင်း အစားအစာ သစ်သီးဝလံအချို့ကို ထည့်သွင်းပူဇော်ခြင်း မပြုဘူးလို့လည်း မှတ်သားရပါတယ်။

မာလကာသီး၊ ခရမ်းချဉ်သီး၊ စောင်းလျားသီးနဲ့ မက်မန်းသီးတွေကို အချို့သော ဖုကြန့်နယ်သားတွေက ထည့်သွင်းပူဇော်ခြင်းမရှိဘူးလို့ သမိုင်းမှတ်တမ်းများမှာ ဆိုထားပါတယ်။

မိုးနတ်မင်းပူဇော်ခြင်း ရှေးထုံးအစဉ်အလာအရ ပထမဆုံး ပူဇော်ဖွယ်ပစ္စည်းများကို ခင်းကျင်းနေရာချရမှာ ဖြစ်ပါတယ်။ ထို့နောက်မှာ ဖယောင်းတိုင်မီးနဲ့ အမွှေးတိုင် ထွန်းညှိပြီး၊ လက်ဖက်ရည် (၃) ခွက်ကို ဆက် ကပ်ရမှာပါ။

ပထမဆုံး အရက်တစ်ခွက်ဖြင့်လည်း ဂါရဝပြုရမှာဖြစ်သလို၊ နတ်စစ်သည်တွေကိုလည်း ပင့်ဖိတ်ရမှာဖြစ်ပါတယ်။ နတ်စစ်သည်များ ရောက်ရှိလာပါက ဒုတိယမြောက် အရက်ခွက်နဲ့ ဂါရဝပြုရမှာဖြစ်ပြီး၊ တတိယအရက်ခွက်နဲ့ ဆက်လက်ဂါရဝပြုရမှာ ဖြစ်ပါတယ်။

အရက်ခွက်များနဲ့ ဂါရဝပြုအပြီးမှာ (၅) မိနစ်ကနေ (၁၀) မိနစ်အထိ အချိန်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ဂါရဝပြုခြင်း ပြီးစီးပါက ရွှေစက္ကူနဲ့ ဗြောက်အိုးများကို လက်နှစ်ဖက်နဲ့ကိုင်ဆောင်ပြီး နတ်စစ်သည်တွေကို တိုင်တည် ဆုတောင်းရမှာဖြစ်ပါတယ်။

ရွှေစက္ကူတွေကို မီးရှို့ကာ ဗြောက်အိုးများ ပစ်ဖောက်ပြီးနောက် ရွှေငွေ စက္ကူများပေါ်သို့ အရက်ပက်ဖျန်းပြီးနောက် ပူဇော်ဖွယ်ပစ္စည်းများကို သိမ်းဆည်းပြီး မိုးနတ်မင်း ပူဇော်ပွဲကို အောင်မြင်စွာပြီးဆုံးစေမှာဖြစ်ပါတယ်။

တရုတ်လူမျိုးများကတော့ တရုတ်နှစ်သစ် ပထမဆုံးလမှာ မိုးနတ်မင်းကို ပူဇော်ခြင်းဟာ တစ်နှစ်ပတ်လုံးအေးချမ်းသာယာရှိစေဖို့၊ ကျန်းမာချမ်းသာကြစေဖို့နဲ့ စိုက်ပျိုးသီးနှံအထွက်တိုးစေဖို့အတွက် ယူဆကာ ပူဇော်ကန့်တော့ကြခြင်းဖြစ်ကြောင်း ဗဟုသုတအလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်။

မိုးသီဟန်