【 ဆောင်းပါး 】နှစ်သစ်ကူး တရုတ်ခရီးသွားဝင်ရောက်မှုနှင့် အာရှနိုင်ငံများ၏ မျှော်လင့်ချက်

【 ဆောင်းပါး 】နှစ်သစ်ကူး တရုတ်ခရီးသွားဝင်ရောက်မှုနှင့်  အာရှနိုင်ငံများ၏ မျှော်လင့်ချက်

ကိုဗစ်ကာကွယ်ရေးအစီအမံများကို လျှော့ချပြီး သုံးနှစ်နီးပါးအကြာတွင် ဖျက်သိမ်းလိုက်ပြီးနောက် တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း တရုတ်ခရီးသွားများ တိုးလာရန် အာရှနိုင်ငံများက မျှော်လင့်ထားကြ သည်။ တရုတ်ခရီးသွားအရေအတွက်သည် တောင်ကိုရီးယား၊ ဥရောပ၊ ဂျပန်၊ နယူးဇီလန်နှင့် ဩစတြေးလျတို့ကဲ့သို့ ခရီးစဉ်ဒေသများစာရင်းတွင် အမြင့်ဆုံးနေရာတွင်ရှိနေခဲ့သည်။ အာရှဒေသတွင်လည်း တရုတ်ခရီးသွားဝင်ရောက်မှုမှာ အဓိကအခန်းကဏ္ဍနေရာတွင်ရှိနေခဲ့သည်။

တရုတ်တွင် ကိုဗစ်ကန့်သတ်ချက်များကို ဇန်နဝါရီ ၈ ရက်တွင် ဖြေလျှော့ပေးမည်ဟု ကြေညာပြီးနောက် ဒီဇင်ဘာလနှောင်းပိုင်းတွင် ပြင်ပလေယာဥ်လက်မှတ် ကြိုတင်မှာယူမှုမှာ ၂၅၄% တိုးလာသည်ဟု  Trip.com Group အချက်အလက်များတွင် ပြနေခဲ့သည်။ တရုတ်ခရီးသွားများ အများစုဘယ်ဒေသနှင့် နိုင်ငံကို စိတ်ဝင်စားကြသလဲဆိုသည်မှာ ကိုဗစ်ပြီးနောက် စီးပွားရေးပြန်လည်နာလံထူရန် ခရီးသွားလုပ်ငန်းကို အာရုံစိုက်နေကြသည့် နိုင်ငံများအတွက် အရေးတကြီးမေးခွန်းဖြစ်လာခဲ့သည်။

Trip.com Group အချက်အလက်များတွင် ကြိုတင်မှာယူမှုများကို အခြေခံ၍ ရေပန်းအစားဆုံးနေရာများအဖြစ် စင်ကာပူ၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဂျပန်နှင့် ထိုင်းတို့ဖြစ်နေသည်ကို တွေ့ရပြီး  ခရီးဝေး အဖြစ် အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျတို့က အသီးသီးရှိနေခဲ့သည်။ထို့ကြောင့် ကိုဗစ်ကန့်သတ်ချက်ကို ဖွင့်ပေးပြီးနောက် တရုတ်မှ ခရီးသွားများဝင်ရောက်နိုင်မှုအများဆုံးရှိနိုင်သည်မှာ အာရှနိုင်ငံများပင်ဖြစ် နေလေသည်။

ထို့ကြောင့် တရုတ်နိုင်ငံအတွင်း ကိုဗစ်ကန့်သတ်ချက်ကို လျော့ချလိုက်ပေးပြီးနောက် ကမ္ဘာ့နိုင်ငံများ နည်းတူ ကိုဗစ်နှင့် အတူယှဉ်တွဲနေထိုင်သည့် နည်းလမ်းကို ရွေးချယ်လာရာတွင် ထိုးတက်လာသည့် ကိုဗစ်ကူး စက်မှုကြောင့် တရုတ်ခရီးသွားများဝင်ရောက်မှုကို ကန့်သတ်သည့် နိုင်ငံအချို့ထဲ အာရှနိုင်ငံများ မပါဝင်ခဲ့ခြင်းဖြစ်သည်။ကိန်းဂဏန်းများအရ အာဆီယံဒေသတွင်းတစ်ခုတည်းတွင်ပင်  ၂၀၁၈ ခုနှစ်အတွင်း တရုတ်ခရီးသွား သန်း ၃၀ ခန့် လာရောက်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်မှာ အာဆီယံ၁၀ နိုင်ငံသို့ ခရီးသွားခဲ့သော တရုတ်ခရီးသွား ၃၂ သန်း ရှိပြီး၂၀၂၀ခုနှစ်တွင်  ၄ သန်းထိ လျော့ကျခဲ့သည်။ ယခုအခါ ခရီးသွားစည်းမျဉ်းများ လျှော့ချပေးသောကြောင့် အာရှ-ပစိဖိတ် ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူရေးကို အားဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်နေကြသည်။  

ကိုဗစ်မဖြစ်ခင် ၂၀၁၉ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလည်ပတ်ခဲ့သည့် တရုတ်ခရီးသွားအရေအတွက်မှာ သန်း ၁၇၀ ခန့်ရှိခဲ့ရာ ထိုအရေအတွက်၏ ကမ္ဘာတစ်ဝန်းသုံးစွဲခဲ့သည့် ငွေကြေးပမာဏမှာ ကျန်းမာရေးကပ်ဘေးကြောင့် အထိနာနေသည့် ကမ္ဘာ့နိုင်ငံများအတွင်း အလျင်အမြန်နာလံထူရန် မက်မောဖွယ်ဖြစ်နေခဲ့သည်။ တရုတ်သည်  နိုင်ငံတကာတိုးတက်မှုအတွက် အကြီးမားဆုံးသော တွန်းအားဖြစ်ရာ နိုင်ငံတကာစီးပွားရေး ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် နိုင်ငံမှ သုံးစွဲနိုင်သည့် သန်းရာနှင့်ချီသော တရုတ်ခရီးသွားများ၏ သုံးစွဲမှုက နှေးကွေးနေသော ကမ္ဘာ့စီးပွားရေးကို ပြန်လည်သွက်လက်လာစေလိမ့်မည်ဟု  နိုင်ငံတကာခရီးသွားလုပ်ငန်းများနှင့် အစိုးရများက  မျှော်လင့်ထားကြသည်။

ကပ်ရောဂါမဖြစ်မီက တရုတ်ခရီးသွားများ၏ သုံးစွဲမှုသည် နိုင်ငံတကာခရီးသွားလုပ်ငန်း စုစုပေါင်းအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းထိရှိသည်။ တရုတ်ခရီးသွားများက ၂၀၁၈ခုနှစ်တွင် ၂၇၇ ဘီလီယံနှင့် ၂၀၁၉ခုနှစ်တွင် ၂၅၅ ဘီလီယံ ကမ္ဘာတစ်ဝန်းသုံးစွဲခဲ့သည်။ ထို့ကြောင့် တရုတ်ခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာချိန်တွင် ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်းကဏ္ဍသို့ ဒေါ်လာ ဘီလီယံ ၂၀၀ ခန့် ဝင်လာနိုင်သည်ဟု မျှော်လင့်ထားကြသည်။

ယခု ဇန်နဝါရီလ ပထမပတ်အတွင်းမှာပဲ တရုတ်နိုင်ငံတွင်း ခရီးသွားသူဦးရေ ၃၄.၇၃ သန်းကျော်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ကာလတူထက် ၃၈.၉ရာခိုင်နှုန်း တိုးလာခဲ့သည်။ လက်လီစားသုံးမှုတွင်လည်း တက်လာကာ  Consumer Market Big Data Laboratory ထုတ်ပြန်ချက်အရ စီးပွားရေးမြို့ ဖြစ်သည့် ရှန်ဟိုင်းမြို့တွင် ကိုဗစ်စည်းကမ်းလျော့ပေါ့ပြီးနောက် ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့အကြား အပြင်ထွက်စားသုံးမှုတန်ဖိုးမှာ ယွမ် ၁၂.၀၁ ဘီလီယံအထိ မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ ပြည်တွင်းခရီးသွား ထိုးတက်လာသဖြင့် နှစ်သစ်ကူးကာလအတွင်းနှင့် ထိုကာလအကျော် တရုတ်ခရီးသွားများ ကမ္ဘာ့အနှံ့ခြေဆန့် ကြမည့်အရေအတွက်မှာ ကမ္ဘာ့ခရီးသွားကုမ္ပဏီများခန့်မှန်းထားသလို ဖြစ်လာဖွယ်ရှိနေသည်။

အာရှဒေသတွင်းနိုင်ငံများအဖို့ တရုတ်အစိုးရ၏ ကိုဗစ်စည်းမျည်း လျော့ပေါပေးမှုနှင့် နယ်စပ်ဖွင့်ပေးလာမှုကို အခွင့်အရေးအဖြစ် မှတ်ယူထားသည်။ အမှန်တကယ်လည်း ထိုင်းကဲ့သို့ ကမ္ဘာ့လှည့် ခရီးသွားများလာရောက်မှုအများဆုံးနိုင်ငံပင်လျှင် ကိုဗစ်ကြောင့် တရုတ်ခရီးသွားဝင်ရောက်မှုမရှိသလောက်နည်းပါးမှုကြောင့်  ၂၀၂၀ ခုနှစ်က နိုင်ငံခြားသား ၆.၇ သန်းသာလာရောက်ခဲ့ရာ ယခင်နှစ်များထက် ၈၃.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထို့ကြောင့် တရုတ် ခရီးသွားဝင်ရောက်မှုတိုးမြင့်လာနိုင်သည့် ကိုဗစ်ကန့်သတ်ချက်က အာရှဒေသတွင်းနိုင်ငံများ၏ စီးပွားရေး နာလံထမှုကို ပိုမိုမြန်ဆန်လာစေရန် အကျိုးသက်ရောက်ခဲ့သည်။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ကဲ့သို့ ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းကြီးများကပင် ဒေသတွင်းစီးပွားရေးတိုးတက်မှု ခန့်မှန်းထားမှုကို တရုတ်အာဏာပိုင်များ၏ ကိုဗစ်ကန့်သတ်ချက် ဖြေလျော့မှုကြောင့် ပြန်လည်ပြင်ဆင်ခဲ့ရသည်အထိ ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးကို သက်ရောက်ခဲ့သည်။

သိသာထင်ရှားသည့် သက်ရောက်မှုမှာ ဒေသတွင်းနိုင်ငံများ၏ခရီးသွားကဏ္ဍဖြစ်သည်။ ကိုဗစ်မဖြစ်ခင် ၂၀၂၉ ခုနှစ်က  ထိုင်းနိုင်ငံသည် တရုတ်ခရီးသွားများ လာရောက်လည်ပတ်မှုသည် ၁၁ သန်းခန့်ရှိသည်။ ဂျပန် နိုင်ငံသို့ တရုတ်ခရီးသွား ၉ ဒသမ ၅ သန်း၊ ဗီယက်နမ်သို့ ၅.၈ သန်း၊ တောင်ကိုရီးယားသို့  ၅.၅ သန်း၊ စင်ကာပူသို့  ၃.၆ သန်းရှိခဲ့ရာ အာရှ-ပစိဖိတ်ဒေသအတွင်း တရုတ်ခရီးသွားများက သုံးစွဲသည့်ငွေမှာ အဆိုပါနိုင်ငံများ၏ GDP ကိုမည်မျှ အထောက်အပံ့ဖြစ်မည်ကို သိနိုင်မည် ဖြစ်သည်။

တရုတ်အစိုးရ၏ ကိုဗစ်စည်းမျည်း လျော့ပေါ့ပေးမှုကြောင့် ယခုနှစ် ဇန်နဝါရီလမှစတင်၍ ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံမှ ဟိုတယ်ကြိုတင် ဘိုကင်လုပ်မှုမှာ ယခင်နှစ်ကာလတူထက် ၄၈၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ၎င်းအနက် တရုတ် ပြည်မကြီးမှ ခရီးသွားများ၏ ကြိုတင်ဘိုကင်လုပ်မှုမှာ  ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ ထိုင်းနိုင်ငံသို့ သွားရောက်ရန် တရုတ်ပြည်မကြီးမှ ခရီးသွားဟိုတယ်ကြိုတင်ဘိုကင်လုပ်မှုသည် ယခင် နှစ်ကာလတူထက် ၂၁ ဆနီးပါးတိုးလာခဲ့သည်။

ယခုနှစ်တွင် ထိုင်းအစိုးရက ထိုင်းသို့ တရုတ်ခရီးသွားဧည့်သည်ဦးရေ ၅ သန်းခန့် ဝင်ရောက်ဖို့ မျှော်လင့်ထားသည်။ မလေးရှားက တရုတ်ခရီးသွား ၃ သန်းခန့် ယခုနှစ်အတွင်းလာရောက်ရန် ခန့်မှန်းထားသည်။

ကမ္ဘောဒီးယားက တရုတ်ခရီးသွား ၂ သန်း လာရောက်ရန်မျှော်လင့်ထားသည်။

ယခုနှစ် နွေဦးပွဲတော်အတွင်းတွင် တရုတ်ခရီးသည်များ၏ ပြည်ပသို့ သွားရောက်လည်ပတ်ရန် ပမာဏသည် ယမန်နှစ်အလားတူကာလထက် ရာခိုင်နှုန်း ၆၄၀ တိုးလာပြီး နိုင်ငံဖြတ်ကျော် လေယာဉ်လက်မှတ်မှာ ယူမှုလည်း ၄ဆ တိုးများလာခဲ့သည်။ တစ်ပြည်လုံး ပြည်ပထွက်သူ ၂.၈၇ သန်းရှိခဲ့ပြီး နေ့စဉ်ဝင်ထွက်သူဦးရေ ၄.၁ သိန်း ရှိခဲ့ကာ လွန်ခဲ့သည့်၂၀၂၂ခုနှစ် နွေဦးပွဲတော်ကာလတူထက် ၁၂၀.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ နွေဦးပွဲတော်အတွင်း ပြည်ပသို့ သွားရောက်လည်ပတ်သည့် တရုတ်ခရီးသည်ဦးရေ သိသိသာသာ တိုးလာခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်ကဆိုခဲ့ရာ နှစ်သစ်ကူးကာလ တရုတ်ခရီးသွားဝင်ရောက်မှုနှင့်  အာရှနိုင်ငံများ၏ မျှော်လင့်ချက် မည်မျှဆက်စပ်နေသည်ကို သိမြင်နိုင်မည် ဖြစ်လေသည်။ 

လင်းသစ်အောင်