【 ဆောင်းပါး 】ပင်လယ်ဘေးကရွာနဲ့ ကျေးလက်ရနံ့ မွှေးမြမြ

【 ဆောင်းပါး 】ပင်လယ်ဘေးကရွာနဲ့ ကျေးလက်ရနံ့ မွှေးမြမြ

သုံးခွမြို့ကနေ ခရမ်းမြို့ကို သွားမယ်ဆိုရင် ရန်ကုန်-ခရမ်းပြေးတဲ့ ၃၄ယာဉ်စီး၊ မိနစ်၂၀လောက်ဆို ခရမ်းရောက်ပါပြီ။ကိုယ့်ဘာသာဆိုင်ကယ်နဲ့သွားမယ်ဆိုရင်လည်း သုံးခွ-ခရမ်းကားလမ်းမကြီးအတိုင်း တည့် တည့်မောင်းသွား၊လမ်းကလည်းမဆိုးဘူးဆိုတော့ အေးဆေး။

အဲဒီလမ်းမကြီးဘေး တောက်လျှောက်ဆိုသလို သုံးခွနဲ့ ခရမ်းအပိုင်ရွာတွေရှိပါတယ်။ရွာတိုင်းဟာ ကျေးလက်ရနံ့ပြည့်ပြည့်ဝဝ ရတာချည်းပါပဲ။အဲဒီ လမ်းမကြီးဘေးထက် ပိုပြီး ရွာများစွာကို ဖြတ်သွားဖြတ် လာ လုပ်ချင်တယ်ဆိုရင်တော့ တော်တော်ရှည်လျားတဲ့ သုံးခွ-ခရမ်း ကျေးရွာချင်းဆက်လမ်း တစ်လမ်းကနေ သွားလို့ရပါတယ်။

အဲဒီလမ်းက သုံးခွမြို့အထွက်နဲ့ လက်ပံကျိုးရွာကြားမှာရှိတဲ့ လက်ပံကျိုး-အောင်သာဒန်းလမ်းပါပဲ။ အောင်သာဒန်းကိုရောက်ဖို့က ဆိုင်ကယ်နဲ့ဆို ၄၅မိနစ်လောက်သွားရ။တောက်လျှောက်ကွန်ကရစ်လမ်းဆိုပေ မဲ့ တချို့နေရာတွေမှာ ကွန်ကရစ်လမ်းတွေက ပျက်နေပြီမို့ ဆိုင်ကယ်ကို လီဗာခပ်ပြင်းပြင်းဆွဲလို့ မရပါဘူး။

လမ်းတစ်လျှောက်ကွန်ကရစ်လမ်းဘေးရွာက သိပ်မရှိပါဘူး။များသောအားဖြင့် အတွင်းထဲဝင်ပြီးမှ ရွာ ထဲရောက်တာမျိုးက များပါတယ်။လက်ပံကျိုးကနေလာရင် ပထမဆုံးတွေ့တဲ့ရွာက ကျနော်အမှတ်မမှားဘူးဆို ရင် ဇွဲထော်ရွာ။ဒါပေမဲ့၊သူတို့သုံးခွသားတွေခေါ်ကြတာတာက ‘ဇွက်ထော်’ပါ။

အဲဒီ ‘ဇွက်ထော်’လို့ခေါ်တဲ့ ဇွဲထော်ဟာ ကွန်ကရစ်လမ်းဘေးရွာဖြစ်ပြီး အိမ်ခြေ၁၀၀၀ကျော် ရှိတဲ့ရွာ ကြီးတစ်ရွာပါ။အစဉ်လိုက်မဟုတ်ပေမဲ့ မှတ်မိသလောက်ရွာနာမည်တွေကိုပြောရရင် ထုံးကြီး၊ကုန်းခလာ၊က တုံးပေါ်(အထက်)၊ကတုံးပေါ်(အလယ်)၊လက်ပံချောင်၊မှိုကုန်းသာ၊အောင်သာဒန်း…..တို့ဖြစ်ပါတယ်။

အောင်သာဒန်းဆိုတာ ပင်လယ်ကမ်းဘေးကရွာ မုတ္တမပင်လယ်ကွေ့လို့ဆိုပါတယ်။အောင်သာဒန်းနဲ့ ကပ်လျက် ပင်လယ်ဘေးရွာတွေက သမစိတ္တနဲ့ အောင်ပန်းစိန်။အောင်သာဒန်းဟာ ရေလုပ်ငန်း လုပ်ကိုင်သူ တွေ စုဝေးရင်း ရွာအဖြစ် ရောက်ရှိခဲ့ပုံပါ။ပင်လယ်ရွာဖြစ်လို့ ငါးခြောက်တွေဈေးပေါ ပါတယ်။လုံးဝအငန်မပါ အာမခံပြီးရောင်းတဲ့ အာပြဲခြောက်ဆို ဈေးလည်းသင့်တင့်ပြီး တကယ်လည်းအငန်မပါ လို့ စားဖူးသူတိုင်းကြိုက် တဲ့ ငါးခြောက်တစ်မျိုးပါပဲ။

ရွာအဆုံးမှာ ပင်လယ်ကိုဘွားခနဲမြင်ရတာဟာ စိတ်ကို ချိုးကွေ့လိုက်သလို အရသာတစ်မျိုးပါပဲ။ရေ ကျ နေချိန်မှာကမ်းနံဘေး ဖြစ်သလိုအဆင့်ထက် သာတဲ့ ဆိုင်နှစ်ဆိုင်ကို တွေ့ရပါတယ်။ပထမတစ်ခေါက် သွား တုန်းက ပင်လယ်ပေါက်တယ်ဆိုလို့သာ သွားလိုက်တာ အောင်သာဒန်းတွေဘာတွေလည်း သေချာမသိ။ အခုလို ဆိုင်လေးဘာလေးရှိလိမ့်မယ်လို့လည်း မမျှော်လင့်ထားပါဘူး။ရေလုပ်သားတို့အကြိုက် ခေါင်ရည်ရ တယ်ဆိုလို့ မှာပြီးမော့ချလိုက်တာ ရေလုပ်သားတို့ကြိုက်လောက်တဲ့ ခပ်ပြင်းပြင်း ခေါင်ရည်မှန်း တစ်ငုံ လောက်နဲ့တင် ကောက်ချက်ချလိုက်မိပါတယ်။

ဒုတိယတစ်ခွက် ဘေးဝိုင်းကရေလုပ်သားကြီးတစ်ဦးနဲ့ ခွက်ချင်းတိုက်လိုက်ပြီးနောက်မှာ ရေလုပ်သား တို့သဘာဝကိုပါ လှမ်းမြည်းခွင့်ရလိုက်ပါတယ်။ပြီးတော့ ပင်လယ်တဆုံး မျက်စိတစ်ဆုံးမှာ ပျပျလေးမြင်နေရ တာ မွန်ပြည်နယ်၊ကျိုက်ထိုလို့ဆိုလိုက်တော့ စိတ်ထဲဖြန်းခနဲဖြစ်ရပါတယ်။ဘာကြောင့်လဲဆိုတော့ ကျနော်ဟာ ဒေသအပေါ်အစွဲအလန်းကြီး တဲ့ မွန်ပြည်နယ်သားတစ်ယောက်ဖြစ်နေလို့ပါပဲ။

‘ရာသီဥတုသာယာတဲ့အချိန်ဆို ညဘက် ကျိူက်ထီးရိုးဘုရားမီးကို လှမ်းမြင်ရတယ်’လို့ ရေလုပ်သား ကြီးက ထပ်ဆိုတော့ ကျနော်ပိုစိတ်လှုပ်ရှားရပါတယ်။စက်လှေနဲ့သွားမယ်ဆိုရင် သုံး၊လေးနာရီ ဆိုတော့ သိပ်မဝေး။ကျိုက်ထီးရိုးဘုရားမီးကို လှမ်းမြင်ချင်စိတ်က ရှိပေမဲ့ ၊ညဘက်ဆို တစ်နာရီကျော်ကြာဆိုင်ကယ် ဖြည်း ဖြည်းမောင်းရမယ့်လမ်းဖြစ်တဲ့အပြင် အခုမှတစ်ခေါက်စရောက်တဲ့လမ်းမို့ မှောင်တဲ့အထိ ဆက်နေချင်တဲ့အာရုံ ကို ဖြတ်လိုက်ရပါတယ်။

နောက်တစ်ခေါက် ဆက်ဆက်လာမယ်လို့ ပိုင်းဖြတ်စိတ်နဲ့ သုံးခွကိုပြန်ခဲ့တယ်။ပင်လယ်ရဲ့ ဟိုဘက် မွန်ပြည်နယ်ဆိုတာက ကျနော့်ကို သိပ်ဆွဲဆောင်နေတော့ နောက်တစ်လမပြည့်မီ သုံးခွမြို့ပေါ်ခဏတဖြုတ် ရောက်ခိုက် အောင်သာဒန်းရောက်ခဲ့ပြန်တယ်။

ထိုင်ခဲ့ဖူးတဲ့ဆိုင်မှာ ကျကျနနထိုင်။ပင်လယ်စာနဲ့ခေါင်ရည်နဲ့ ဟိုး..ဝေးဝေးက မွန်ပြည်နယ်ကို လှမ်း ငေးလို့။ရှေ့မှာ မြင်နေရတဲ့ ပင်လယ်ထဲက ရှည်မျောမျောကျွန်းအကြောင်း ရေလုပ်သားတွေကို မေးကြည့်တော့ လူတွေတောင် သွားနေနေကြပြီလို့ ဆိုတာကြောင့် ဖြုံမိတယ်။

‘ကျွန်းသေးသေးကနေ တဖြည်းဖြည်းကြီးလာတာ အခုမျက်မြင်ပဲ တော်တော့်ကိုကြီးသွားပြီ။ပြန်ပြို မယ့်ပုံလည်း မပေါ်ဘူး။အဲဒီကျွန်းမှာ အခုဂဏန်းဖမ်းပြီး ဆိတ်မွေးတဲ့လူတွေ သုံး၊လေးစု သွားနေနေပြီ။တဲထိုး ပြီးနေကြတယ်။ဆိတ်တွေက ဟိုမှာမြက်တွေပေါတော့ အစာအတွက်အဆင်ပြေတာကိုး။အဲဒီကျွန်းမှာလူရော ဆိတ်ပါ ကြောက်ရတာတော့ ပေါင်လုံးလောက်ရှိတဲ့မြွေတွေပဲ’လို့ ရေလုပ်သားတစ်ဦးကပြောပြတော့ ဖြုံရပြန် တယ်။

ဒုတိယအခေါက်မှာပဲ အောင်သာဒန်းရွာမှာ ကွန်ကရစ်လမ်းမဆုံးဘဲ ဆက်ကွေ့သွားတာ မေးကြည့်မိ။ ဆက်သွားရင် ခရမ်းမြို့ပေါ်ရောက်တယ်လို့ သိရတော့ နောက်တစ်ခေါက်ကျရင် ဒီလမ်းအတိုင်း ခရမ်းမြို့ပေါ် ရောက်အောင်သွားမယ်လို့ တေးထားလိုက်တယ်။

နောက်ထပ် တစ်လအကြာ ခရမ်းအထိပတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ မွန်းလွဲ ၂နာရီလောက်မှာ သုံးခွကနေ ထွက်ခဲ့တယ်။သေချာအောင် ဂူဂဲမက်ကိုခေါက်ကြည့်၊လမ်းက ခရမ်းမြို့ပေါ်မှာ သွားဆုံးနေတော့ အိုကေ။သုံးခွ ကနေ အောင်သာဒန်းအထိ ၄၅မိနစ်ဝန်းကျင်။အောင်သာဒန်းကနေ ခရမ်းအထိလည်း ၄၅မိနစ်ဝန်းကျင်။ရွာ စဉ်တွေက အများကြီး။ခရမ်းမြို့နယ်ထဲက ဘုရားပျိုဆိုတဲ့ရွာနာမည်ကို မှတ်မိ။ဘုရားပျိုရွာမရောက်မီ ကွန်က ရစ်လမ်းနံဘေး အရိပ်ကောင်းကောင်းနဲ့ထိုင်ချင်စဖွယ် တောလက်ဖက်ရည်ဆိုင်လေးကို မြင်တော့ ခဏဝင်နား မိ။သုံးခွ၊ခရမ်း ရွာတွေအားလုံးက တစ်ကြောထဲမို့ ဆင်တူကြပေမဲ့ သူ့အလှနဲ့သူ ငေးလို့ကောင်းတာချည်း။

အဲဒီကွန်ကရစ်လမ်းက ခရမ်းမြို့ပေါ်က သုံးခွ-ခရမ်းလမ်းကို ဦးတိုက်ပြီးတော့ ဆုံးသွားတယ်။ခရမ်းမြို့ ပေါ်ရောက်တော့ နေရောင်ကတော်တော်ဖျော့နေပြီမို့ အညောင်းအညာပြေ ဘီယာအေးအေးလေး၅ခွက် လောက် မော့ချ။ညနေ ၅နာရီခွဲကျော် မမှောင်ခင်လေးကျမှ ခရမ်း-သုံးခွ ကားလမ်းမကြီးအတိုင်း စိတ်အေးလက် အေး နာရီဝက်လောက်ဆိုင်ကယ်ဖြည်းဖြည်းလေးနဲ့ သုံးခွဆီ ပြန်ရွေ့။

၂၀၁၅မတိုင်ခင်ကနေ ၂၀၂၀နှစ်ကုန်အထိ မွန်ပြည်နယ်ဘက် လှမ်းငေးချင်စိတ်နဲ့ အောင်သာဒန်းကို ၁၅ခေါက်မက ကျနော်ရောက်ရှိ။အေးအေးဆေးဆေးရှိတဲ့အချိန် အောင်သာဒန်းကနေ ခရမ်းအထိ။ ခရမ်းမြို့ပေါ် ဆိုင် ထိုင် အပန်းဖြေ၊အေးဆေးမှ သုံးခွပြန်တဲ့ ခရီးစဉ်က ၅ခေါက်မက။

လမ်းမြင်ရင် သွားချင်တယ်။ကွန်ကရစ်တောအုပ်ထဲ ချွေးဒီးဒီးကျနေသူ ကျနော့်အတွက် ကျေးလက် ဟာ လှပြီး မွှေးမြလွန်းနေတယ်ဆိုတော့ ဆိုင်ကယ်တစ်စီးနဲ့ အဲဒီလို ကျနော်အပန်းဖြေခဲ့တယ်။

ငြိမ်းဆက်