【 ဆောင်းပါး 】ပေကျင်းမြို့က ရှင်းဖားတိစျေး

【 ဆောင်းပါး 】ပေကျင်းမြို့က ရှင်းဖားတိစျေး

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ စိုက်ပျိုးရေးထွက်ကုန်တွေကို တစ်နေရာတည်းမှာ စုံလင်စွာရရှိနိုင်တဲ့နေရာကတော့ ရှင်းဖားတိစျေး (Xinfadi Market)ပဲ ဖြစ်ပါတယ်။ ပေကျင်းရဲ့နာမည်အကြီးဆုံး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ရရှိနိုင်တဲ့နေရာဖြစ်လို့လည်း ပေကျင်းမြို့မှာ နေထိုင်ကြသူတိုင်းက ရှင်းဖားတိစျေးကို သိတဲ့သူများပါတယ်။

တရုတ်နိုင်ငံမှာ စိုက်ပျိုးရေးထွက်ကုန် လက်ကားစျေး ၄၆၀၀ ကျော်ရှိသည့်အနက် ရှင်းဖားတိစျေးရဲ့ အရောင်းအဝယ်ပမာဏဟာ ထိပ်တန်းစာရင်းဝင်တဲ့ စျေးကြီးဖြစ်နေပါတယ်။ပေကျင်းမြို့မှာရှိတဲ့  ရှင်းဖားတိ-စိုက်ပျိုးရေးထွက်ကုန်လက်ကားစျေးကို ၁၉၈၈ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး စျေးကြီးရဲ့ အကျယ်အဝန်းကတော့  ၁၁၂.၆ ဟက်တာ ကျယ်ဝန်းပါတယ်။ ဒီစျေးကြီးမှာ အအေးခန်း စက်ရုံများ၊ စီမံဆောင်ရွက်ပေးသည့်နေရာများ၊ ထောက်ပံ့ပို့ဆောင်ရေးစင်တာများနှင့် ကုန်သွယ်မှုခန်းမများ အပါအ ဝင် ခေတ်မီအခြေခံအဆောက်အအုံများ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။

ရှင်းဖားတိစျေးမှာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အသားများ၊ ပင်လယ်စာများနှင့် အခြားလယ်ယာ ထွက်ကုန်များနှင့် အဓိကရောင်းချတဲ့ ပြည့်စုံသော လက်ကားစျေးကွက်ဖြစ်သလို ပေကျင်းသာမက တရုတ်နိုင်ငံ၏ အခြားဒေသများကိုပါ ဖြန့်ဖြူးပေးနေသည့် လတ်ဆတ်သော ထုတ်ကုန်များအတွက် အရေးကြီးသော ဖြန့်ဖြူးရေးစင်တာတစ်ခုအဖြစ် လည်ပတ်ဆောင်ရွက်လျက်ရှိပါတယ်။

ဒီစျေးကြီးဟာ အာရှတွင် လယ်ယာထွက်ကုန်များအတွက် အကြီးဆုံး လက်ကားဈေးများထဲမှ တစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ “Regional Comprehensive Economic Partnership Agreement (RCEP) ” သဘောတူညီချက်အား တရားဝင်ဆောင်ရွက်လာခြင်း၊ တရုတ်-လာအို-ထိုင်း ရထားလမ်း အပြန်အလှန် ချိတ်မှုတို့ ရှိလာတာနဲ့အမျှ ပေကျင်းမြို့ ရှင်းဖားတိ-စိုက်ပျိုးရေးထွက်ကုန်လက်ကားစျေးမှ စျေးကွက် အတွင်း အကြီးစားဖြန့်ဖြူးရောင်းချရေးကုမ္ပဏီလုပ်ငန်းများ ဖွဲ့စည်းပြီး မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အစရှိတဲ့နိုင်ငံတွေမှာ ဟက်တာ ၂၀၀၀၀ ခန့်ရှိတဲ့ စံချိန်မီစိုက်ပျိုးရေးအခြေစိုက်စခန်းများ အတူတကွ တည်ဆောက်ခဲ့ပါတယ်။

ငှက်ပျောသီး၊ ဒူးရင်းသီး၊ လုံငန်းသီး (ခ) တောကြက်မောက်သီး၊ သရက်သီး၊ နဂါးမောက်သီး၊ ဖရဲသီး၊ ပဲပိစပ်အစိမ်းတို့ကို စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလက်ကားစျေးကြီးဟာ တရုတ်နိုင်ငံရဲ့ပြည်တွင်းက အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်များကို ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း အစရှိတဲ့ နိုင်ငံများသို့ တင်ပို့ရောင်းချပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ရှင်းဖားတိစျေးမှာ ရောင်းချခဲ့တဲ့ ပြည်ပသစ်သီးတန်ချိန်ဟာ ၈၇၅၁၀၀ တန် ရှိခဲ့ပါတယ်။ အရောင်းအဝယ်တန်ဖိုးဟာ ယွမ် ၂၁ဒသမ၉၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ဒသမ၁၈၂ ဘီလီယံခန့်) အထိ ရှိခဲ့ပြီး စုစုပေါင်းကွန်တိန်နာ ၃၅၀၀၀ ရောင်းချခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံဒေသပေါင်း ၄၂ နေရာက  အရည်အသွေးကောင်း သစ်သီးအမျိုးအစားပေါင်း ၂၀၀ ကျော်ကို ရှင်းဖားတိလက်ကားစျေးထဲမှာ ရောင်းချနေပြီး တန်ဖိုးကြီးစားသုံးသူစျေးကွက်ရဲ့ အဓိကလည်ပတ်နေတဲ့ အင်ဂျင်တစ်ခုလို ဖြစ်နေပါပြီ။ 

မကြာသေးမီနှစ်များအတွင်း ပေကျင်းမြို့ ရှင်းဖားတိ-စိုက်ပျိုးရေးထွက်ကုန် လက်ကားစျေးက အရောင်းကုန်သည်များ စည်းရုံးပြီး ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ အစ္စရေး၊ ကာဇက်စတန်၊ ပြင်သစ်၊ နယ်သာလန် အစ ရှိတဲ့နိုင်ငံများသို့ စျေးကွက်ဝင်ရောက်ခဲ့တာဖြစ်ပြီး “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” (One Belt One Road) တည်ဆောက်ရေးကို အင်တိုက်အားတိုက် လှုံ့ဆော်နိုင်ခဲ့ပါတယ်။

စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိ နိုင်ငံအသီးသီးနဲ့ ပြည်သူတွေ အတူလက်တွဲပူးပေါင်းပြီး ပိုမိုကျယ်ပြန့်သော၊ အရည်အသွေးပိုမြင့်မားသော၊ ပိုမိုနက်ရှိုင်းသော ပွင့်လင်းစွာ ဆက်ဆံဖလှယ်ပေါင်းစည်းရေးကို တွန်းအားပေး မြှင့်တင်နိုင်ခဲ့ပါတယ်။

စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိ နိုင်ငံအသီးသီးက သယံဇာတအရင်းမြစ် ကြွယ်ဝမှုနဲ့ တရုတ်နိုင်ငံပြည်တွင်းက စားသုံးမှုမြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အရေးတကြီး လိုအပ်မှုတွေကိုပေါင်းစပ်ပြီး စိုက်ပျိုးရေး ထွက်ကုန်များရဲ့တင်ပို့ခြင်းနဲ့တင်သွင်းခြင်းတို့ကို အဓိကထားသော အချိန်ဇယားနဲ့လမ်းကြောင်းများကို ရေးဆွဲခဲ့ပါတယ်။

ရှင်းဖားတိစျေးဟာ ပေကျင်း၏ စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသလို လယ်သမားများ၊ ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးသူများကို ချိတ်ဆက်ပေးနေတာဖြစ်လို့ ပေကျင်းမြို့မှာသာမက အာရှတစ်ခွင်ကိုလည်း လယ်ယာထွက်ကုန်များ တဖွဲဖွဲစီးဆင်းနေစေရန် ဆောင်ရွက်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ခန့်မောင်