【 ဆောင်းပါး 】ပေကျင်းမြို့က လည်ပတ်စရာ နေရာများ အပိုင်း (၂)

【 ဆောင်းပါး 】ပေကျင်းမြို့က လည်ပတ်စရာ နေရာများ အပိုင်း (၂)

ပေကျင်းမြို့က လည်ပတ်စရာနေရာများ အပိုင်း (၁) မှာ တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်း ပုံရိပ်တွေကို လေ့လာနိုင်မယ့် နေရာတွေကို အဓိကထား ဖော်ပြပေးသွားခဲ့ပြီးဖြစ်ပါတယ်။

ဒီကနေ့တင်ဆက်ပေးမယ့် ပေကျင်းမြို့က လည်ပတ်စရာနေရာများ အပိုင်း (၂) မှာတော့ အလွန်လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်မယ့် ခရီးသွားလည်ပတ်စရာ နေရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ လေထုညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းစဉ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်ပြီး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကို ဖော်ဆောင်ခဲ့တဲ့အတွက် နိုင်ငံအတွင်းမှာ သစ်ပင်ပန်းမန်များနဲ့ လှပစိမ်းလန်းလာတဲ့အပြင် တရုတ်အစိုးရဟာလည်း ပြည်သူတွေနဲ့ နိုင်ငံခြားခရီးသွားတွေ လည်ပတ်နိုင်မယ့် ခရီးသွားရှုခင်းနေရာတွေကို ဖော်ဆောင်ပေးခဲ့ပါတယ်။ယခုဖော်ပြပေးမယ့် ခရီးသွားရှုခင်းနေရာတွေဟာ အလွန်လှပတာကြောင့် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့ပါက မဖြစ်မနေသွားရောက်သင့်တဲ့နေရာများအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရဲ့ အလယ်ဗဟိုမှာ ဟို့ဟိုင်ကန် တည်ရှိပါတယ်။ ဟို့ဟိုင်ကန်ဟာ သဘာဝအင်းအိုင် အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံမှ အင်းလေးကန်နဲ့ တူညီတယ်လို့ ယူဆလို့ရပါတယ်။မြန်မာနိုင်ငံက အင်းလေးကန် ဒေသလိုပဲ ဟို့ဟိုင်ကန်မှာလည်း အလွန်ယဉ်ကျေးသိမ်မွေ့တဲ့ တိုင်းရင်းသားလူမျိုးတွေလည်းရှိသလို၊ ရေပေါ်ရွာလေးလို့လည်း လူသိများပါတယ်။

ဟို့ဟိုင်ဖြစ်ပေါ်လာတာ နှစ်ပေါင်း ၂၀၀ ရှိပြီလို့ သိရှိမှတ်သားရပြီး၊ ရှေးခေတ်ဘုရင်တွေ တည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းအဆောက်အဦတွေကိုလည်း ဟို့ဟိုင်မှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အင်းလေးကန်လိုပဲ ဟို့ဟိုင်ကန်မှာလည်း လှေစီးနိုင်မှာဖြစ်တဲ့အပြင် တရုတ်နိုင်ငံအတွင်း နာမည်ကျော်ကြားတဲ့ ပန်းသေးစားသောက်ဆိုင်တွေဟာလည်း  ဟို့ဟိုင်ကန်မှာတည်ရှိပါတယ်။

ဟို့ဟိုင်ဒေသမှာပဲ ကုန်းဝမ်ဖူလို့ အမည်ရတဲ့ ရှေးဟောင်းအိမ်တော်တစ်ခု တည်ရှိနေပါတယ်။ 'ချင်' ခေတ် က နန်းတွင်းအမတ်ကြီး နေထိုင်ခဲ့တဲ့ အိမ်တော်ဖြစ်တယ်လို့လည်း ဆိုကြသလို၊ 'ချင်' ခေတ် မင်းသား (သို့) ဦးရီး တော်နေတဲ့ အိမ်တော်လို့လည်း သတ်မှတ်ကြပါတယ်။ကုန်းဝမ်ဖူကို အိမ်တော်နဲ့ ဥယျာဉ်ဆိုပြီး ၂ ပိုင်းခွဲခြားထားပြီး၊ ဘုရင်အနွယ်တော်တွေရဲ့ ခမ်းနားထည်ဝါတဲ့ နေထိုင်မှုကို မျက်မြင်လေ့လာခံစားနိုင်မှာဖြစ်ပါတယ်။

ခေါင်းလောင်းမျှော်စင်ဟာ ဟို့ဟိုင်ဒေသမှာပဲ တည်ရှိပါတယ်။အဆိုပါခေါင်းလောင်းမျှော်စင်ဟာ အကြိမ်ကြိမ်ဖျက်ဆီးခံခဲ့ရတာကြောင့် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရတယ်လို့ သိရှိရပါတယ်။သမိုင်းမှတ်တမ်းများ အရ ခရစ်နှစ် ၁၂၇၂ ခုနှစ်မှာ ခေါင်းလောင်းမျှော်စင်ကို တည်ဆောက်ခဲ့တယ်လို့ သိရှိရပြီး ရှေးခေတ်ကတော့ ခေါင်းလောင်းမျှော်စင်မှာ ဗုံတီးပြီး နာရီချိန်ကို ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ခေါင်းလောင်းမျှော်စင်ဟာ ပေကျင်းမြို့ရဲ့ ခမ်းနားတဲ့ သမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။

တိထိုင်ပန်းခြံကို 'မင်' ခေတ်မှာ တည်ဆောက်ခဲ့တယ်လို့ လေ့လာမှတ်သားရပါတယ်။လက်ရှိအချိန်မှာတော့ နှစ်စဉ် ဆောင်းဦးချိန်ခါရောက်တိုင်း တိထိုင်ပန်းခြံမှာ အခမ်းအနားတွေကို ကြီးကျယ်ခမ်းနားစွာကျင်းပလေ့ရှိပါတယ်။ ဒါ့အပြင် ရှေးခေတ်ဘုရင်တွေ မြေနတ်ကိုပူဇော်တဲ့ နေရာလည်းဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။တိထိုင်ပန်းခြံကို သွားရောက်သင့်တဲ့အချိန်ဟာ ဆောင်းဦးရာသီဖြစ်ပြီး အဲဒီအချိန်မှာ အလှပဆုံးရှုခင်းတွေ ခံစားနိုင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာလည်း တိုင်းရင်းသားကျေးရွာ တည်ရှိနေပါတယ်။မြန်မာနိုင်ငံလိုပဲ တရုတ်နိုင်ငံမှာလည်း တိုင်းရင်းသားလူမျိုးစုများစွာ နေထိုင်လျက်ရှိပါတယ်။တရုတ်တိုင်းရင်းသားတွေတိုင်းမှာ ကိုယ်ပိုင်ဓလေ့ထုံးစံတွေရှိတဲ့အပြင် ကိုယ်ပိုင်ရိုးရာအစားအသောက်တွေလည်းရှိပါတယ်။တိုင်းရင်းသားကျေးရွာမှာ တရုတ်တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို လေ့လာနိုင်မှာဖြစ်တဲ့အပြင် တရုတ်တိုင်းရင်းသား ပြတိုက်ကိုလည်း ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

မြို့တော် ပေကျင်းရဲ့ အနောက်ပိုင်းမှာ ရှမ်းစမ်းပန်းခြံ တည်ရှိပါတယ်။အစဉ်အမြဲစိမ်းစိုနေတာက ရှမ်းစမ်းပန်းခြံရဲ့ အမှတ်သင်္ကေတဖြစ်ပါတယ်။ရှမ်းစမ်းပန်းခြံဟာ ဘုရင့်ဥယျာဉ်လည်းဖြစ်ပြီး 'ကျင်း' ခေတ်မှာ တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။လက်ရှိကာလနဲ့ဆို နှစ်ပေါင်း ၉၀၀ ခန့်ရှိပြီဖြစ်တဲ့ သမိုင်းဝင်ပန်းခြံကြီးလည်း ဖြစ်ပါတယ်။ မြို့တော် ပေကျင်းနဲ့ နှိုင်းယှဉ်ပါက လေးပုံတစ်ပုံ ကျယ်ဝန်းပြီး ရှမ်းစမ်းပန်းခြံရဲ့ နေရာအားလုံးနီးပါးကို သစ်ပင်ပန်း မန်တွေနဲ့ ဖုံးအုပ်ထားပါတယ်။ရှမ်းစမ်းဥယျာဉ်ဟာ ရှမ်းစမ်းတောင်ပေါ်မှာ တည်ရှိတာလည်းဖြစ်ပါတယ်။

ပေကျင်းရုက္ခဗေဒဥယျာဉ်ဟာ ရှမ်းစမ်းတောင်ခြေမှာ တည်ရှိပါတယ်။ပေကျင်းရုက္ခဗေဒဥယျာဉ်ထဲမှာ သစ်ပင် ပန်းမန်များ စုံလင်စွာ လေ့လာကြည့်ရှုနိုင်မှာဖြစ်သလို၊ ရှေးဟောင်းသမိုင်းဝင်နေရာတွေလည်း ဥယျာဉ်ကြီးထဲမှာ အများအပြားတည်ရှိနေပါတယ်။မြန်မာနိုင်ငံ ပြင်ဦးလွင်မြို့က ရုက္ခဗေဒဥယျာဉ်လိုပဲ ပေကျင်းရုက္ခဗေဒဥယျာဉ်မှာလည်း ပန်းပြပွဲတွေ အများအပြားပြုလုပ်လေ့ရှိပြီး အဲဒီထဲကမှ နွေဦးရာသီ ၃ လပိုင်းနဲ့ ၄ လပိုင်းမှာ ပြုလုပ်တဲ့ ချယ်ရီပန်းပြပွဲဟာ နာမည်အကြီးဆုံး ပန်းပြပွဲဖြစ်ပါတယ်။

လူကိုးတံတားကို ကမ္ဘာကျော် အီတလီခရီးသွား မာကိုပိုလို လာရောက်လည်ပတ်ခဲ့ဖူးတာကြောင့် မာကိုပိုလိုတံတားလို့လည်း ခေါ်ဆိုကြပါတယ်။ပေကျင်းမြို့ရဲ့ အနောက်မြောက်အရပ်မှာ လူကိုးတံတားတည်ရှိပြီး၊ ယုံတင် မြစ်ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ပေကျင်းမြို့ရဲ့ ရှေးအကျဆုံး ကျောက်တုံးတံတားများထဲမှာ တစ်ခုအပါအဝင်ဖြစ်သလို ပေကျင်းမြို့ရဲ့ အလှပဆုံးရှုခင်းများထဲ တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။

ပေကျင်းမြို့က လည်ပတ်စရာနေရာများ အပိုင်း (၃) မှာတော့ ပေကျင်းမြို့ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နေရာတွေကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

မိုးသီဟန်