【 ဆောင်းပါး 】ပေကျင်းမြို့က လည်ပတ်စရာ နေရာများ အပိုင်း (၃)

【 ဆောင်းပါး 】ပေကျင်းမြို့က လည်ပတ်စရာ နေရာများ အပိုင်း (၃)

ပေကျင်းမြို့က လည်ပတ်စရာနေရာများ အပိုင်း (၃) မှာတော့ တရုတ်နိုင်ငံ  ၊ပေကျင်းမြို့ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နေရာတွေကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ယခင်တင်ဆက်ခဲ့တဲ့ အပိုင်း (၁) မှာ တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်း ပုံရိပ်တွေကို လေ့လာနိုင်မယ့်နေရာတွေကို ဖော်ပြခဲ့ပြီး၊ အပိုင်း (၂) မှာတော့ အလွန်လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်မယ့် ခရီးသွားလည်ပတ်စရာ နေရာတွေကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံကို သွားရောက်လည်ပတ်တော့မယ်ဆိုပါက မဖြစ်မနေပြုလုပ်ရမယ့် အရေးကြီးတဲ့အချက်တစ်ခု ရှိနေပါသေးတယ်။အဲဒါကတော့ မိမိတို့ရဲ့ စမတ်ဖုန်းတွေထဲမှာ VPN အက်ပလီကေးရှင်းကို ထည့်သွင်းသွားရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံဟာ အခြားသောနိုင်ငံများကဲ့သို့ Facebook ၊ Instagram နဲ့Twitter လူမှုကွန်ရက်တွေကို နိုင်ငံအတွင်းမှာ အသုံးမပြုဘဲ WeChat ၊ Weibo နဲ့ Douyin အစရှိတဲ့ ကိုယ်ပိုင်လူမှုကွန်ရက်တွေကိုပဲ အသုံးပြုတာကြောင့်ဖြစ်ပါတယ်။

ပေကျင်းမြို့က လည်ပတ်စရာ နေရာများရဲ့ နောက်ဆုံးပိုင်းဖြစ်တဲ့ အပိုင်း (၃) မှာတော့ တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့အတွင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နေရာတွေအကြောင်းကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ငှက်သိုက်ပုံ အမျိုးသားအားကစားကွင်း တည်ရှိပါတယ်။ နိုင်ငံတကာအားကစားကွင်းကိုလည်း ငှက်သိုက်ပုံ အမျိုးသားအားကစားကွင်းထဲမှာ ထည့်သွင်းတည်ဆောက်ထားသလို သစ် တောပန်းခြံ၊ အားကစားရုံတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်က ကျင်းပခဲ့တဲ့ (၂၉) ကြိမ်မြောက် အိုလံပစ်အားကစားပြိုင်ပွဲတွေကို လက်ခံကျင်းပခဲ့သလို၊ ပရိသတ်ပေါင်း ကိုးသောင်းခန့်အထိဆန့်တဲ့ အားကစားကွင်းကြီးလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ငှက်သိုက်ပုံ အမျိုးသားအားကစားကွင်းကြီးကို ပေကျင်းမြို့ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မှတ်တိုင်သစ်နေရာအဖြစ်လည်း သတ်မှတ်ထားပါတယ်။

နောက်ထပ်နေရာတစ်ခုကတော့ တရုတ်ပြည်ထောင်စုနှစ် မော်ကွန်းမှတ်တိုင် အဆောက်အဦကြီးပဲဖြစ်ပါတယ်။ ဒီအဆောက်အဦကြီးကို ပြပွဲခန်းမ၊ Living Mall ၊ ကမ္ဘာ့အနုပညာပြတိုက်တို့နဲ့ ဖွဲ့စည်းထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်က ထောင်စုနှစ်ကို ကြိုဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ခဲ့တဲ့ အဆောက်အဦလည်းဖြစ်ပါတယ်။တရုတ်ပြည်ထောင်စုနှစ် မော်ကွန်းမှတ်တိုင် အဆောက်အဦ အနီးနားမှာ တပ်မတော်ပြတိုက် လည်း တည်ရှိပါတယ်။

ဒါ့အပြင် ပေကျင်းမြို့မှာရှိတဲ့ အမျိုးသားဇာတ်ရုံဟာလည်း တရုတ်နိုင်ငံရဲ့ အထင်ကရမှတ်တိုင်သစ်တစ်ခုဖြစ်ပါတယ်။ အမျိုးသားဇာတ်ရုံကို ၂၀၀၁ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး၊ လက်ရှိအချိန်မှာတော့ တေးဂီတဖျော်ဖြေပွဲတွေနဲ့ ပြည်တွင်း၊ ပြည်ပ ပြဇာတ်တွေကို အမျိုးသားဇာတ်ရုံအတွင်း ကျင်းပလေ့ရှိပါတယ်။ အမျိုးသားဇာတ်ရုံကြီးမှာ ရေအောက်ပြခန်းနဲ့ လူလုပ်ကန်တို့ကို လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် ပေကျင်းမြို့ရဲ့ အမြင့်ဆုံးအဆောက်အအုံဟာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ကုန်သွယ်ရေးစင်တာကြီးလည်းဖြစ်ပါတယ်။ ပေကျင်းကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ၂၀၀၇ ခုနှစ်က တည်ဆောက်ခဲ့ပြီး အထပ်ပေါင်း ၈၀ ရှိမှာဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးစင်တာအတွင်းမှာ ကုမ္ပဏီရုံးခန်းများ အများအပြားတည်ရှိနေသလို ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးလည်း တည်ရှိပါတယ်။

ဆက်လက်ပြီး ပေကျင်းမြို့ရဲ့ အထင်ကရနေရာတစ်ခုကတော့ ဗဟိုရုပ်မြင်သံကြားမျှော်စင်ဖြစ်ပါတယ်။ ဗဟိုရုပ်မြင်သံကြားမျှော်စင်ကို ၁၉၉၄ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မျှော်စင်ကြီးမှာ အထပ်ပေါင်း ၂၂ ထပ်ရှိပြီး ပေကျင်းမြို့ရဲ့ ရှုခင်းအလှအပတွေကို မှန်ပြောင်းနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ဗဟိုရုပ်မြင်သံကြား မျှော်စင်ကြီးအတွင်း လည်ပတ်စရာနေရာအများအပြားရှိမှာဖြစ်သလို ပင်လယ်‌ရေအောက်သတ္တဝါတွေကိုလည်း လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

'ပေကျင်းမြို့က လည်ပတ်စရာ နေရာများ' ကို အပိုင်း (၃) ပိုင်းခွဲပြီး တင်ဆက်ပေးခဲ့အပြီး နောက်များမှာလည်း အလျဉ်းသင့်သလို တရုတ်နိုင်ငံအတွင်းက လည်ပတ်စရာနေရာတွေကို ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးသီဟန်