【 ဆောင်းပါး 】ဘဝတိုတို ခရီးတိုတို

【 ဆောင်းပါး 】ဘဝတိုတို ခရီးတိုတို

ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းက ဘာမှသိပ်ကြောက်စရာမလို။နိုင်နိုင်နင်းနင်း၊စနစ်တကျ၊ တက်ညီ လက်ညီ၊လက်ဦးမှုရှိရှိ။အသေအပျောက်နှုန်းကလည်း သိပ်မရှိ။ဒါပေမဲ့၊နိုင်ငံတကာမှာ သေနေလိုက်တာများ အသက်ကို အလှူကြီးပေးနေသလိုမျိုးမို့ မသိစိတ်ထဲ အထိတ်တလန့်တွေကခပ်များများ။

အလုပ်သွားတော့လည်း တက္ကစီစီးတာတောင် သတိကြီးကြီးထား။အိမ်ပြန်ရောက်တော့လည်း ကိုယ့် ကိုယ်ကိုယ် စိတ်ချလို့မရ။အရက်ပျံကို ရက်ရက်ရောရောဖြန်းရ၊နှာခေါင်းစည်းကို တစ်ခါဆိုတစ်ခါပဲသုံးပြီး နှ မြောစိတ်လုံးဝမထားဘဲ စွန့်ပစ်ရ။စိတ်တွေက ဘာနဲ့ဆေးဆေး မကြည်လင်လာ၊နောက်ကျိရ။ဘဝဟာ ပျော် စရာတွေရော ရှိသေးရဲ့လားလို့ တွေးမိတဲ့အထိ။

အဆိုးရွားဆုံးအခြေအနေတစ်ရပ်က အရင်က ကိုယ်နဲ့အဝေးကြီးလို့ ထင်ထားခဲ့တဲ့သေခြင်းတရားဟာ ကိုယ့်မျက်စောင်းထိုးအိမ်နားအထိရောက်လာသလို သိပ်နီးလွန်းလာတာကို ကောင်းကောင်းခံစားလိုက်ရ တာ ပါပဲ ။မနက် ခင်းအိပ်ရာကနိုးတော့ ဒီမနက် အသက်ပါသွားတဲ့သူတွေထဲ ကိုယ့်ဆွေမျိုးမိတ်ဆွေတစ်ယောက် ယောက် များ ပါ နေမလား ဖေ့စ်ဘွတ်ခ်ကို ကဗျာကရာဖွင့်ကြည့်မိတယ်။

ကိုဗစ်ပြဿနာက ကျန်းမာရေးပြဿနာတင်မက နောက်ဆက်တွဲ ပြဿနာတွေက အထွေးလိုက်။အ ထူးသဖြင့် စီးပွားရေးမပြေလည်ခြင်းပြဿနာက ထိပ်ဆုံးက။လူစုလူဝေးဆိုတာ ကိုဗစ်စိတ်ကြိုက် ထင်ရာစိုင်း ဖို့ အကောင်းဆုံးမို့ လူစုလူဝေးကိုရှောင်ဖို့ လုပ်ငန်းခွင်တွေပိတ်ကြရ။work from home ဆိုတာကြီးနဲ့ လစာ လျှော့ချခြင်းဆိုတာကြောင့် အိပ်ရေးပျက်ကြရတယ်။

အဲဒီလို စိတ်ပျက်စရာကောင်းတဲ့ကာလမှာ ဘယ်ခရီးမှ မထွက်ရတာလည်း အင်မတန်မှ စိတ်ဆင်းရဲ စ ရာကောင်းလှ။သင်္ကြန်နားရောက်လာတော့ သင်္ကြန်ဆို ဇာတိမပြန်ရ မနေနိုင်ခဲ့တဲ့ကောင် ငုတ်တုတ်ကိုမေ့ ရော။

ကျနော့်မိတ်ဆွေတစ်ဦးကတော့ ကိုဗစ်ကြောင့် ညစ်နေတဲ့ အညစ်မှန်သမျှ ညနေဆို အပူရည်တွေ လောင်းချလို့ ငြှိမ်းသတ်ကြည့်တယ်။သောက်ရင်းနဲ့ ဖေ့စ်ဘွတ်ခ်ကြည့်လိုက်။မူးလာတော့ ဖေ့စ်ဘွတ်ခ်ပေါ် အော်ဟစ်ကြိမ်းမောင်း။ညစ်ညစ်နဲ့ တစ်ယောက်တည်း သောက်ရလို့ ပေါက်ကွဲဆ တွေများကုန်တော့တာ တဲ့။

နောက်ပိုင်း မှောင်ခိုဆိုင်တွေ ပေါ်လာတော့ ကျနော့်မိတ်ဆွေက ရှေ့ဆုံးကနေ ချီတက်အားပေးတယ်။  မှောင်ခိုဆိုင်ဆိုတာက ကိုဗစ်ကာလ၊ဆိုင်မဖွင့်ရကန့်သတ်ချက်ကို ဖီဆန်ကာ တရားမဝင် ခိုးဖွင့်နေတဲ့ ဘီယာ ဆိုင် များ။မသိသူကျော်သွား၊သိသူ ဖော်စားဆိုတာမျိုး။ဆိုင်မျက်နှာစာတံခါးကို ပိတ်ထားတယ်ဆိုပေမဲ့ နောက် ဖေးလိုနေရာမျိုးကနေ ပတ်ဝင်ကြ။ဆိုင်အတွင်းထဲမှာတော့ ကျနော့်သူငယ်ချင်းလို မှောင်ခိုဘီယာသောက်နေ သူတွေက မနည်း။မှောင်ခိုဆိုင်မို့ စကားကျယ်ကျယ်မပြောရ။တိုးတိုးပြောကြ၊တိတ်တိတ်သောက်ကြ။မှောင်ခို ဆိုင်ဆိုပေမဲ့ ဈေးနှုန်းကတော့ မတက်။

သောက်တယ်စားတယ်ဆိုတာကလည်း တစ်ယောက်တည်းဆိုရင် ဘယ်လူဆန်ပါ့မလဲတဲ့။မိတ်ဆွေက အဲဒီ လို တော် ကီနဲ့ ကျနော့်ဆီ ဖုန်းလှမ်းဆက်ခေါ်။ကျနော်က ဘယ်လိုခေါ်ခေါ် သူထိုင်နေတဲ့မှောင်ခိုဘီယာ ဆိုင်ကို လုံးဝမ သွား။မူးလာတော့ လှမ်းကလော်တုတ်တာခံရတယ်။ ‘မင်းတစ်ယောက်တည်း အသက်ရှိ တယ်ထင်နေသလား’ တဲ့။

ဘာပဲဖြစ်ဖြစ် ကျနော်က ဆိုင်မထိုင်သလို ကိုဗစ်အလွယ်ဝင်မှာကြောက်ပြီး များများလည်းမသောက်။ တစ်ပတ်မှာတစ်ရက် အညောင်းအညာပြေ ဘီယာလေး ၄-၅ခွက်။ကျနော်က နဂိုကတည်းက သောက်ရင်းနဲ့စာ ဖတ်ရတဲ့အရသာကို ကြိုက်သူမို့ စာအုပ်နဲ့ ဘီယာနဲ့ တစ်ကိုယ်တော်။

အဲဒီကာလ ဖတ်ဖြစ်တဲ့စာအုပ်တွေကလည်း ပါပီလွန် တို့လို ဒီကျွန်းသမားဘဝကနေ မဆုတ်မနစ် လွတ်အောင်ပြေးမယ်ဆိုတာမျိုးတွေ။ ‘ထောင်ပြေးစပိုင်’လို ထောင်ဖောက်ပြေးရုံတင်မက တစ်နိုင်ငံလုံး ယို ပေါက်မရှိ ပိတ်ဆို့ထားတဲ့ကြားက အင်္ဂလန်ကနေ ဆိုဗီယက်ယူနီယံရောက်တဲ့အထိ လွတ်အောင်ပြေးတာမျိုး။  ပြီးတော့ ရှိသေးတယ်။ နာဇီလူသတ်ကောင် အိုက်ခမန်းကို ဖမ်းဆီးနိုင်ခဲ့တဲ့ ‘အိုက်ခမန်းစစ်ဆင်ရေး’စာအုပ်။ ကျန်သေးတယ်၊နောက်ထပ်စာအုပ်တွေ အများကြီးမို့ ထားတော့။

ကိုဗစ်ကာလတွေမှာ အဲဒီလိုစာအုပ်တွေနဲ့ စိတ်ဓာတ်မကျအောင် နေနိုင်ခဲ့ပေမဲ့ အထီးကျန်လွန်းလို့ စိတ်ကတော့ ထိုင်းမှိုင်းတာပါပဲ။အဲဒါနဲ့ ကိုယ်လို ထိုင်းမှိုင်းနေတဲ့ နောက်သူငယ်ချင်းတစ်ဦးက ဟိုနားဒီနား သွားကြမလားဆိုပြီး လှမ်းချိန်းတယ်။

သူကကိုယ်ပိုင်ကားရှိတဲ့သူ။ပြီးတော့ ကိုယ်လို ငကြောက်မို့ ဟိုနားဒီနားသွားလည်းသွားချင်၊ပိုးကူးမှာ လည်း ခပ်ကြောက်ကြောက်။ဒါနဲ့ သူကမက်စ်တပ်ပြီး ရှေ့ခန်းကနေ ကားမောင်း၊ကိုယ်က အနောက်မှာ မက်စ် တပ်ပြီးထိုင်။တစ်ယောက်နဲ့တစ်ယောက် မျက်စောင်းထိုးအနေအထား။မျက်နှာချင်းဆိုင်စကားမပြောကြေး။

ပထမဆုံးသွားဖြစ်တဲ့နေရာက မြောက်ဥက္ကလာ၊အောင်မင်္ဂလာအဝေးပြေးကနေ ပုလဲမြို့သစ်-ထောက် ကြန့်-လှည်းကူး။ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေပေါ် လူတွေကားတွေ သိပ်မရှိတာကိုက ခြောက်ခြားချင်စရာ။ တစ်ချိန်က အင်မတန်စည်ကားလှတဲ့ အောင်မင်္ဂလာအဝေးပြေးဝန်းကို ခြောက်ခြောက်ကပ်ကပ် မြင်ရတော့ ကိုယ်စီသက်ပြင်းတွေ ချကာထိတ်လန့်ကြရတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊အောင်မင်္ဂလာအဝေးပြေးအကျော် မြို့ပြရန်ကုန်နဲ့ မသိမသာ ခြားနားလာတဲ့ စိမ်းစိမ်းစိုစို ကျယ်ကျယ်ဝန်းဝန်းတွေကို မြင်ရခိုက် လူက အလိုလိုလန်းသွားခဲ့တယ်။လန်ဒန်စီးကရက်စက် ရုံ၊ တိုက်ဂါးဘီယာစက်ရုံ။အဲဒါတွေရဲ့အကျော် ထောက်ကြန့်သွားလမ်းတစ်လျှောက် လယ်ကွင်းပြင်တွေ အကျယ် အပြန့်။ဒီနေရာတွေက ကိုယ် မကြာခဏသွားဖူးနေကျနေရာတွေဆိုပေမဲ့ အရင်ရောက်ခဲ့တုန်းကနဲ့မတူ၊တစ် ခါမှ မရောက်ဖူးတဲ့ နေရာသစ်ကို အခုမှ စရောက်ဖူးသလိုမျိုး။

ပထမဆုံးအတွေ့အကြုံအရ ကိုဗစ်အန္တရာယ်သိပ်မရှိမှန်းလည်းသိ၊နီးနီးနားနား ကားနဲ့လျှောက်သွား ရ တဲ့အရသာကိုလည်း ခိုက်လှသမို့ နောက်တစ်ခေါက်ကျတော့ မှော်ဘီ။ပြီးတော့၊နောက်တစ်ခေါက်၊ဒဂုံတောင် ဘက်ကနေ ရွာသာကြီး၊လေးထောင့်ကန်ကနေ အင်းတိုင်၊ဇရပ်ကွင်းလမ်းဆုံအထိ။

တစ်လအတွင်း ၃နေရာရောက်ခဲ့ပြီး ၃ခါ စိတ်ကြည်ခဲ့တယ်။ဘဝတိုတိုလေးထဲမှာ ခရီးတိုတိုလေးဖြစ် ဖြစ် ထွက်ဖို့လိုအပ်မှန်း သဘောပေါက်ရတယ်။ကိုယ်ပိုင်ကားတစ်စီးလောက်ရှိဖို့လိုအပ်မှန်းလည်းသဘော ပေါက်ရတယ်။

ဘယ်ကိုမှ ခရီးမထွက်ဖြစ်တဲ့ အိမ်တွင်းအောင်းရက်တွေမှာ ကိုယ်ပိုင်ကားလေးသာရှိခဲ့ရင် ကိုယ့် ကားနဲ့ကိုယ် ခရီးထွက်ချင်တဲ့ဒေသတွေအကြောင်း လျှောက်တွေးလို့ အချိန်ကို ပျော်အောင်ဖြုန်းခဲ့တယ်။ လူ့ဘဝဆိုတာ ကိုဗစ်တွေဘာတွေမရှိဖို့လိုတယ်။ကိုယ်ပိုင်ကားတစ်စီးနဲ့ ရောက်ရာပေါက်ရာ အရသာခံသွား နိုင်တဲ့ အချိန်နည်းနည်းနဲ့ ငွေနည်းနည်းသုံးနိုင်ဖို့လိုတယ်။

ကိုဗစ်ကပြောတယ်။လူ့ဘဝဆိုတာ ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီ တဲ့။

           

                                                                              ငြိမ်းဆက်