
【 ဆောင်းပါး 】ရထားစီးခြင်း
ရထားစီးခြင်း။ ရထားကို ကျနော် ဘယ်အချိန်က စစီးခဲ့ဖူးသလဲဆိုတာ ကျနော်မမှတ်မိတော့။ ထိုစဉ်က ကမာရွတ်ဘက်မှာ ကျနော်နေသဖြင့် ရထားစီးမည်ဆိုပါက လှည်းတန်းဘူတာကနေ စီးရသည်။ ရထားစီးသည့် ရန်ကုန်နေသူများသာ ရန်ကုန်မြို့ပတ်မှာ နေရပ်နှင့် အမည်ကွဲသည့် ဘူတာတွေ ရှိသည်ကိုသိကြသည်။ တစ်ခါတစ်လေမှ စီးသူနှင့် ရပ်ဝေးမှ ရောက်လာသူအဖို့ မသိနိုင်။ နေရပ်မှတ်ပြီး ဘူတာအမည်တူပြီး ဆင်းပါက လွဲနိုင်သည်။ ထိုထဲ ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာလည်းပါသည်။ ကမာရွတ်မှာနေပြီး ကမာရွတ်ဘူတာကနေ စီးလို့ မရ။ လှည်းတန်းဘူတာကနေ စီးမှသာရသည်။ တကယ်တော့ ကမာရွတ်ဘူတာဆိုသည်မှာ နာမည်ကသာ ကမာရွတ်ဘူတာဖြစ်သော်လည်း လှိုင်မြို့နယ်ထဲ ရောက်နေသည်။ ထို့ကြောင့် ကမာရွတ်မှာနေပါက ကမာရွတ်ဘူတာ ကို စီးလို့မရ ၊ လှည်းတန်း ဘူတာသာ သုံးရမည်ဖြစ်သည်။
ကျနော် ပတ္တမြားလမ်းတွင်နေစဉ် လှည်းတန်းဘူတာဝန်းကျင်မှာ ယခုလို မဟုတ်။ သစ်ကြီးဝါးကြီးတွေနှင့် ဖြစ်သည်။ ဘူတာဟိုဘက် ဆင်မလိုက်ဘက်သို့ အသွားတွင် ကွမ်းခြံဆိုသောအရပ်ရှိသည်။ ဒီဘက်တွင် လှည်းတန်းစျေး။ ရထားဘူတာဘေး သစ်ပင်ကြီးကြီးတွေ အစီအရီရှိသည်။နေ့လည် နေ့ခင်းဘက်ဆို ဘူတာစင်္ကြံပေါ် တွင် ကလေးတွေကစားကြသည်။ ညဘက်ဆို လူကြီးတွေက ဘူတာပလက်ဖောင်းမှာ တက်ထိုင်ပြီး လေညှင်းခံကြ၊ ရပ်အကြောင်း ရွာအကြောင်းပြောကြ။ လူငယ်တွေက သံလမ်းမှာထိုင်ပြီး ဂစ်တာတီးကျ၊ တခြားလူငယ် သဘော၀ အပျော်အပါးလုပ်ကြနှင့် ။ ထိုဓလေ့က အတော်ကြာကြာအထိ ရန်ကုန်မှာရှိခဲ့သည်။ ကျနော်စိတ်ထင်ကျနော်တို့ ပြောင်းရွှေ့သည့် ၁၉၉၀ ကျော်ကာလအထိ ထိုလိုမျိုး ရှိခဲ့သည်။ သို့သော် ၁၉၉၀ နောက်ပိုင်း ထိုသို့ မဟုတ်တော့။ တိုက်တွေ တာတွေ ဖြစ်လာပြီး လူတွေက ပိုများလာသည်။ လူဟောင်းတွေက အကြောင်းအမျိုးမျိုးနှင့် စွန့်ခွာကြတာ များလာသည်။
ထိုအရပ်မှာ ကျနော်နေစဉ် ရထားကို ပုံမှန်စီးလေ့ရှိသည်။ ကျနော်အလုပ်မှာ ထိုစဉ်က စံပြရုပ်ရှင်ရုံနား ယခု လမ်းမတော်လမ်းတွင် ဖြစ်သည်။ ဒီတော့ ပြည်လမ်းဘူတာတွင် ဆင်းကာ စံပြဘက်လျှောက်ချင် လျှောက်။ ဒါမှမဟုတ် ဟိုယခင်က ရန်ကုန်-ဆူးလေ ဘတ်စ်ကားကို စံရိပ်ငြိမ်ဘက်ကနေ ထွက်ပြီးစီးချင်စီး ။ ထိုစဉ်က ယနေ့ ခေတ်လို ဗဟိုလမ်းလည်းမရှိ၊ ဘုရင်နောင်လမ်းလည်းမရှိသေးသဖြင့် အရေးတကြီးကိစ္စပေါ်မှာ အမြန်သွားနိုင်ရန် ရန်ကုန်-အင်းစိန်လမ်းကို အသုံးပြုသည်။ ပုံမှန်အားဖြင့်ဆို မြို့ပတ်ရထား ၈ နာရီ ၁၅ မိနစ်အခေါက်ကိုမီရန် ဘူတာ သို့ ၈ နာရီ ၅ မိနစ် ၁၀ မိနစ်ဆိုရောက်နေပြီ။
ရထားစီးခြင်းက ကျနော်တို့ကို မိတ်သင်္ဂဟများစေသည်။ ထို့ပြင် ဘတ်စ်ကားစီးသကဲ့သို့ စပယ်ယာအော် ငေါက်သကဲ့သို့ စော်ကားခြင်းလည်းမခံရ။ တစ်ခုဘဲ အခက်အခဲရှိသည်။ ထိုအခက်အခဲက ရထားများမှာ စက်ခေါင်း များနှစ်ကြာရှည်နေသ ဖြင့် ရထားပုံမှန်အချိန်အတိုင်း မရောက်လာတတ်ခြင်းဖြစ်သည်။ ရထားစီးသူများက ဘယ်အချိန် ရထားပျောက်သည်ဟု ဆိုကြပြီး ရထားပေါ်စျေးရောင်းသူများက ငစိန်၊မီးဒုံး၊ခရေ စသဖြင့် ရထားအခေါက် အမည်များကို ညွှန်းကာ ရထားမလာနိုင်သည်ကိုဆိုကြသည်။
ထိုစဉ်က ရထားလက်မှတ်မှာ ယခုလို စာရွက်လေးတွေ မဟုတ်။ ကတ်ထူလေးတွေ ဖြစ်သည်။ ဒီတော့ ကတ်ထူလေးတွေကို လက်မှတ်စစ်က ကတ်တာဖြင့် အပေါက်လေးတွေ ဖောက်ကာ စစ်ပြီးကြောင်း ပြသည်ကလည်း ကျနော်တို့ ခေတ်က ရထားစီးသူတိုင်း သိသည့် စနစ်ဖြစ်သည်။ ထိုကတ်လေးတွေဖြင့် ကလေးတွေက မြေမှာထောင်ပြီး ပစ်ကစားကြသည်။ ယခုတော့ ကတ်ကိုမတွေ့ရတော့။စာရွက်လေးတွေသာဖြစ်သည်။
ရထားစီးရသည်မှာ ထိုစဉ်က စီးသူသိပ်မများ။ ထို့ကြောင့် စီးရသည့်ခုံနှင့် လူမှာ ချောင်လည်သည်ဟု ပြော ရမည်။ ထို့ပြင် ရထားကို လစီး လက်မှတ်ဖြင့် စီးကြသည့် အစိုးရရုံးဝန်ထမ်းက များသဖြင့် ရထားနှင့် ဝန်ထမ်းမှာ တွဲစပ်နေပြီး ရထားစီးသူအချင်းချင်း မျက်မှန်းတန်းနေကြသည်။ ထိုသည်မှတစ်ဆင့် တချို့လည်း မိတ်ဆွေတွေ ဖြစ်၊ တချို့ လည်း အိမ်ထောင်ဖက်တွေ ဖြစ်ကြသည်လည်း ရှိခဲ့ကြသည်။ ကျနော်နှင့် ကျနော် အမျိုးသမီးမှာ ရထားပေါ်မှာ စတွေ့ခဲ့တာ ဖြစ်သည်။ သူမက သမိုင်းကနေ ရထားစီးသူဖြစ်ပြီး ရန်ကုန် ပန်းဆိုးတန်းက ရုံးတစ်ရုံး မှာ လုပ်သည်။ ကျနော်နှင့် သူမမှာ ရထားပေါ်မှာ မျက်မှန်းတမ်းမိပြီး နောက်ခင်မင်ကာ ဖူးစာဆုံခဲ့ကြတာ ဖြစ် သည်။ ထို့ကြောင့် မြို့ပတ်ရထားမှာ ကျနော်တို့ အိမ်ထောင်အတွက် အမှတ် ရစရာတွေများသည်။
၁၉၉၀ နောက်ပိုင်း ထိုအရပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာရပြီးနောက် ရထားနှင့် ဝေးသည့် နေရာသို့ ရောက်သွားသည်။ သို့သော် လှိုင်သာယာမှလာလျှင် သမိုင်းကုန်းဆင်းမှာ ဆင်းကာ သမိုင်းဘူတာကနေ ရထားစီးလေ့ရှိသည်။ ရထားပေါ်ကနေ ရထားလမ်းတစ်လျှောက် ဘူတာတွေကို ငေးရသည့် အရသာက ရထားစီး သည့်သူများသာသိနိုင်သည့် အရသာဖြစ်သည်။ ရထားပြတင်းပေါက်ကနေ ဒီနေရာက ဘယ်သူအိမ်၊ဒီနေရာမှာ ဘယ်သူတွေ နေခဲ့တာ၊ ဒီနေရာမှာ ကုက္ကိုပင်တန်းတွေ၊ အဲဒီအပင်အောက်မှာ အကြော်ဖိုတွေ၊ ဝက်ဆီဖတ်ချက် သည့် ထိုနေရာမှာ ဝက်ဆီဖတ်ဝယ်ရင်း ခရမ်းကဇော့သီးတွေ ခူးကြတာ စသဖြင့်။
နောက်တော့ ဝန်ထမ်းဘက်က ထွက်ပြီး အပြင်မှာ လုပ်နေသည့်အခါ လမ်းမသင့်တော့သဖြင့် ရထားစီးလေ့ မရှိသလို တစ်ခါတစ်လေ လမ်းသင့်သည့်အခါမှသာ ရထားကိုစီးတော့သည်။
ကျနော် ရထားကိုနောက်ဆုံးစီးခဲ့သည်မှာ လွန်ခဲ့သော သုံးနှစ် ဒီဇင်ဘာဖြစ်သည်။ရထားက အဲကွန်းပါသဖြင့် အအေးကြောက်သည့်ကျနော် ထိုတစ်ခါဘဲ စီးကာ နောက်မစီးဖြစ်တော့။ ဂျပန်က လာသည့်ရထားတွေကို ကြည့်ပြီး ကျနော် သဘောကျသည်။ နောက်ကလေးတွေ အတော်ကံကောင်းကြသည်ဆိုပြီး သဘောကျမိသည်။ ကျနော်တို့ ရထားစီးတုန်းက အမြန်မမောင်းတာတောင် တွဲတွေက ခါရမ်းနေသည်။ ထိုစဉ်က တွဲတွေခါသော်လည်း ကျနော်တို့ခေတ်ကလို သိပ်မခါရမ်း။စီးလို့ကောင်းသည်။ ဆိုဖာတွေနှင့်။ နောင်ဒီထက်ကောင်းလာမည်ဟု စာတွေထဲ သတင်းတွေထဲ ဖတ်ရသည့်အခါ ရထားလမ်းရှိသည့်နေရာသို့ ပြန်ပြောင်းချင်သည့်စိတ်ပင်ဖြစ်မိသည်။
ပြီးခဲ့သည့် လက မြို့ထဲက အပြန် ရထားစီးမည်ဟု စိတ်အကြံဖြစ်မိသည်။ ရထားကို ကိုဗစ် စကတည်းက တစ်ခါမှ မစီးဖြစ်တော့။ နိုင်ငံရေးအပြောင်းအလဲ၊ပစ်ခတ်မှုတွေကြောင့်လည်းပါသည်။ အခြေအနေတွေကြောင့် ရထားစီးဖို့ ဝန်လေးသွားသည်။ လက်ရှိမှာ တူဖြစ်သူမိသားစုက နေအိမ်မှာ နိုင်ငံရေးအခြေအနေကြောင့် ကျနော် နေရာ လှိုင်သာယာကနေ သူတို့ရှိရာ သမိုင်းက သူတို့ တိုက်ခန်းသို့ ခေါ်ထားသည်။ သူတို့လည်း လူကြီးသူမ အစောင့်အရှောက်ဖြစ်၊ ကျနော်တို့ လင်မယားလည်း စရိတ်စကျသက်သာအောင်။ ထို့တော့ တူဖြစ်သူရှိရာ ၄ လွှာ တိုက်ခန်းသို့ ကျနော်ရောက်နေသည်။ ဒီတော့ ထိုတိုက်ခန်းမှာ ရထားလမ်းဘေး ဖြစ်သဖြင့် ရထားသွားတိုင်း မြင်ရသည်။
တိုက်ခန်းကနေ ရထားကိုကြည့်တိုင်း လူသူကြဲပါးသည်ကိုတွေ့ရသဖြင့် မြို့ထဲ တစ်ခေါက်တစ်လေ ရောက်သည့်အခေါက် ရထားစီးကြည့်မယ်ကြံသည်။ တူဖြစ်သူကို စကားတောက်ကြည်သည့်အခါ တူဖြစ်သူက ရထားမစီးရန်၊ ကားဖြင့်သာ အသွားအပြန်သွားရန်ပြောသဖြင့် အတိုက်အခံမပြောတော့။ ကိုယ်ဘာသာ စုံစမ်းသလို စီးမည်ဟု စိတ်ထဲ တေးထားသည်။ တူဖြစ်သူမေ့တေ့တေ့ရှိချိန် မြို့ထဲသွားသည့်အခေါက် မြို့ပတ်ရထားစီးမည်ဟု ကြံကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က လပြည့်ဝန်းလဘက်ရည်ဆိုင်ဘက်လျှောက်ခဲ့သည်။ လဘက်ရည်ဆိုင်မှာ ပိတ်ထားသည်က ကြာပြီထင်သည်။ ထိုမှ တစ်ဆင့် ပန်းဆိုးတန်းကုန်းပေါ်ကို အတက်။ နေရာတကာမှာ ညစ်ပတ်ကာ အတော်အတန်ထုံထုံအအဆိုပါက အန္တရာယ်ရှိနိုင်သည်။
ပန်းဆိုးတန်း ကုန်းတံတားစင်္ကြံကလည်း ယခင်ကလိုမဟုတ်။ နေစရာ မရှိသူများ၏စုရပ်လို ဖြစ်နေသည်။ ဘူတာကြီးထဲ ခရီးသည်က မရှိသလောက်ပင်။ ရထားက လေးနာရီနှင့် ငါးနာရီကြားထဲရှိသည်။ ရထားပေါ်တွင် ရထားလက်မှတ်ဝယ်လို့ရသည်။ရထားပေါ်မှာ လူက အများဆုံးရှိမှ နှစ်ဆယ် သုံးဆယ်လောက်။ကျန်တာက သူတို့ ဝန်ထမ်းတွေနှင့် လုံခြုံရေးယူထားသူတွေ။ ရထားကအတော်ကြာမှ ထွက်သည်။ ရထားစီးရင် ဘေးကနေ ခေါက်တုံ့ ခေါက်ပြန် လုံခြုံရေးများက ကျီးကြည့်တောင်ကြည့်ခရီးသည်များကို မျက်တောင်မခတ် ကြည့်သည်။ လူကြီးဖြစ် သည့် ကျနော်မှာ နဂိုကတည်းက ငြိမ်သူမဟုတ်ဘဲ လွယ်အိတ်ထဲက ကွမ်းဗူးကိုထုတ်သည့်အခါ ရောက်လာသည်။ ထို့နောက် အိတ်ကိုစစ်သည်။ ဘာမှ မပါသဖြင့် ပြန်ထွက်သွားသည်။နောက်တစ်ခါ စာအုပ်ထုတ်သည့်အခါ ရောက်လာပြန်သည်။ကျနော်အနားကနေ မခွာ။ ကျနော်မှာ စိတ်အိုက်လိုက်သည်ဖြစ်ချင်း။ ဒီကြားထဲ လက်ညှိုးက မောင်းခလုတ်ပေါ်တင်ထားသဖြင့်မတော်တဆ လွတ်ထွက်လာမှာကိုလန့်နေရသည်။
ရထားပြင်ကကို ကြည့်လည်း စိတ်ကမပါ။ ရထားမှာ ကြာလိုက်သည့်ဖြစ်ချင်း။ ဘ၀တစ်လျှောက် မြို့ပတ် ရထားစီးရသည်မှာ ဒီတစ်ခါအကြာဆုံး။ ယခင်က လူကျပ်ကျပ်သော်လည်း စိတ်လွတ်လပ်သည့် ရထားစီးရခြင်းကို ပြန်တမ်းတမိသည်။ ရထားပေါ်မှာ လူးလာခေါက်တုံစျေးသည်တွေကို ပြန်လွမ်းမိသည်။ ကိုယ့်ကိုယ်ကိုယ် ပိုင်ပိုင်နိုင်နိုင် ရှိသည့် ကာလတွေကို ပြန်လွမ်းမိသည်။ ခေတ်တွေ ပြောင်းလဲမှုထဲ လွတ်လပ်မှုတွေ ပါသွားပါလားဆိုတာကို ရထားစီးရင်းမှ ထင်ထင်သာသာမြင်မိသည်။
ကျနော် ရထားနှင့် ခရီးသွားခြင်းကို ထို့နေ့ကတည်းက အလိုလို စိတ်ကုန်သွားသည်။ ဒီခေတ်တွင် ရထား စီးရသည်မှာ အန္တရာယ်ဖြင့် ခရီးအတူသွားနေရသလို ၊ကျနော်အတွက်တော့ ရထားစီးရတာ လွမ်းလောက်စရာ မရှိတော့။ နောင်တော့ မပြောတတ်။ ယခုတော့ မစီးချင်တော့။
မောင်ဦးလွင်