【 ဆောင်းပါး 】ရိုးရာစျေးကွက်ထဲက ရင့်သန်လာတဲ့ မြန်မာ့ကွမ်းသီးများ

【 ဆောင်းပါး 】ရိုးရာစျေးကွက်ထဲက ရင့်သန်လာတဲ့ မြန်မာ့ကွမ်းသီးများ

ကမ္ဘာတွင်ကွမ်းသီးစိုက်ပျိုးမှုသည် ၁၉၆၁ခုနှစ်မှစ၍ ၂၀၂၀ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ စိုက်ပျိုးမှုနှုန်း မှာ(၃.၆၆%) စီတိုးတက်နေကြောင်း သုသေတန စာတမ်းတစ်စောင်ကိုအမှီပြုကာ ကူးသန်းရောင်းဝယ်ရေးဌာနက ဖေါ်ပြခဲ့ဖူးသည်။ ယင်းအချက်သည် ကုန်သွယ်ရေးနှင့် စျေးကွက်အခွင့်အလမ်းပွင့်လန်းမှုနှင့်အတူ မြန်မာ့ကွမ်းသီးစိုက်ပျိုး မှုနှင့်ထုတ် လုပ်မှု လုပ်ငန်းနယ်ပယ် အတွက်လည်းအပေါင်း လက္ခဏာအဖြစ် လေ့လာသူများက ရှုမြင်ကြသည်။

ကွမ်းသီးဆိုသည့်သီးနှံမှာ မြန်မာတိုင်းအတွက် ရင်းနှီးအကျွမ်းတဝင်ရှိနှင့်ပြီး လယ်ယာထွက် ကုန်အုပ်စု ဝင်သီးနှံ တစ်မျိုးပင် ဖြစ်သည်။ ကွမ်းသီးသည် အာရှတိုက်ရှိနိုင်ငံများ၊ အထူးအားဖြင့် အရှေ့တောင်အရှ နိုင်ငံများတွင် ရိုးရာအစဉ်အလာ တစ်ခုအနေဖြင့် ရိုးရာပွဲတော်များတွင် စားစရာသီးနှံတစ်ခုအနေဖြင့် အသုံးပြု ခဲ့ကြပြီး သက်ဆိုင်ရာ ယဉ်ကျေးမှုနှင့် ဘာသာရေးအလိုက်အသုံးပြုသည့်ပုံစံမှာ အနည်းငယ်သာကွဲပြားလျှက် တွင်တွင် ကျယ်ကျယ် အသုံးပြုခဲ့ကြသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံတွင်တော့ ကန်တော့ပွဲများ၊ နတ်ပွဲများ၊ဧည့်ခံပွဲများ စသည့် ရိုးရာအစဉ်အလာများထဲမှ တဖြည်းဖြည်း စျေးကွက်ရင့်သန်လာသည်ဟု ဆိုရမည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် သည်နေ့ခေတ် ကွမ်းသီး၏ အသုံးဝင်ပုံမှာ ကျယ်ပြန့်လာနေသည်။ စားသောက်ကုန်များ၊ အလှကုန်များ ၊ဆေးဝါးလုပ် ငန်းများ စသည်အားဖြင့် လုပ်ငန်းများတွင် အသုံးပြုမှု တွင်ကျယ်လာသည်နှင့် ကမ္ဘာ့ကုန်သွယ် မှုတွင် ကွမ်းသီးသည် စျေးကွက်ခိုင်မာ နေသည်။ ကွမ်းသီးအသုံးဝင်မှုအနေ့ဖြင့် အမေရိကန်နိုင်ငံတွင် သစ်သားထုတ်လုပ်ခြင်းလုပ်ငန်း ၊သတ္တုဆေးမှုတ်ခြင်းလုပ်ငန်းများတွင် အသုံးပြုကြသလို ကွမ်းသီးကိုအမှုန့်အဖြစ် ကြိတ်ပြီး၊တစ်ခြားသော ဓါတုပစ္စည်းများ ပေါင်းစပ်ကာ(ရေမွှေးသုံး)ရနံ့အဆီအဖြစ်လည်း ထုတ်လုပ်မှုများရှိနေသည်။

ကွမ်းသီးကို နိုင်ငံတစ်ကာ ကုန်သွယ်မှုတွင် ၁၉၆၅ခုနှစ်နောက်ပိုင်း ကွမ်းသီးကုန်သွယ်မှုများရှိလာပြီး ကွမ်းသီးစိုက်ပျိုးသည့်နိုင်ငံများသည် စိုက်ပျိုးဧရိယာများ တိုးချဲ့စိုက်ပျိုးလာခဲ့ကြောင်း ဖေါ်ပြမှုများတွင် တွေ့ရသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင်ကွမ်းသီးစိုက်ပျိုးထုတ်လုပ်မှုအများဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုတွင်တော့ ကွမ်းသီးကိုအဓိကတင်ပို့နေသည့်ထိပ်တန်း(၅)နိုင်ငံမှာ အင်ဒိုနီးရှား၊မြန်မာ၊အိန္ဒိယ၊ သိရိလင်္ကာနှင့်မလေးရှားတို့ဖြစ်ပြီး၊ အဓိကတင်သွင်းနေသည့်ထိပ်တန်း(၅)နိုင်ငံမှာ ထိုင်းနိုင်ငံ၊ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊အီရန်၊တရုတ်တို့ဖြစ်သည်ဟု ကူးသန်းရောင်းဝယ်ရေး ဖေါ်ပြမှုများအရ သိရသည်။ ဒါ့အပြင် အာရှနိုင်ငံများမဟုတ်သည့်အာရပ်စော်ဘွားများနိုင်ငံ၊မော် လ်ဒိုက်နှင့်အမေရိကန်ပြည်ထောင်စုတို့မှလည်း ကွမ်းသီးတင်သွင်းမှုများရှိနေသည်ဟု ဆိုကြသည်။

မြန်မာနိုင်ငံအနေဖြင့်မူ၂၀၁၈ ခုနှစ်တွင် မြန်မာ့ကွမ်းသီးအား အများဆုံးတင်ပို့ ရောင်းချခဲ့သည့် နိုင်ငံများမှာ ITC Trade Map အရ အင်္ဂလန်၊ အမေရိကန်၊ စင်ကာပူနှင့် ဩစတြေးလျတို့ဖြစ်ခဲ့သည်။၂၀၁၈ ခုနှစ်တွင် မြန်မာ့ကွမ်းသီးကို အများဆုံး ဝယ်ယူသောနိုင်ငံမှာ အင်္ဂလန်ဖြစ်ပြီး ဈေးကွက်ဝေစု ၆၇ ဒသမ ၅ ရာခိုင်နှုန်းရရှိနေ သည်။ ဩစတြေးလျသို့ တင်ပို့မှုတွင် အဆင့် (၂) ၊ အင်္ဂလန်သို့ တင်ပို့မှုတွင် အဆင့် (၃ )၊ အမေရိကန်သို့ တင်ပို့မှုတွင် အဆင့် (၅ )နှင့် စင်ကာ ပူသို့ တင်ပို့မှုတွင်  အဆင့် (၇ )နေရာများတွင် စာရင်းဝင်ခဲ့သည်။

ကွမ်းသီးစျေးကွက်သည် ပုံမှန်ရွေ့လျားခဲ့ပြီး အမြဲအဆင်ချောမွေ့တာမျိုးမဟုတ်ကြောင်းလည်းတွေ့ရသည်။ အမြင်သာဆုံးအနေဖြင့် ၂၀၁၈ခုနှစ် မြန်မာနိုင်ငံမှ တင်သွင်းလာသော ကွမ်းသီးခြမ်း ကုန်စည်သည် သြစတြေးလျ နိုင်ငံသို့ တင်သွင်း ရန် တားမြစ်ထားသည့် အပင်နှင့် အပင်ထွက်ပစ္စည်း အမျိုးအစားတွင် ပါဝင်နေကြောင်း၊ တင်သွင်းခွင့် လုံးဝခွင့်မပြု ထားကြောင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က စီးပွား/ကူးသန်း ထုတ်ပြန်ချက်တွင် သတင်းတစ်ပုဒ် တွင်တွေ့ခဲ့ဖူးသည်။ နောက်ပိုင်း ကွမ်းသီးခြမ်းကုန်စည်နှင့် အလားတူ ကုန်ပစ္စည်းများကို မြန်မာမှ သြစတြေးလျ ဘက်သို့ တင်ပို့မည် ဆိုလျှင် ယင်းနိုင်ငံ၏ အစားအသောက် လိုအပ်ချက်များနှင့် လျော်ညီကြောင်း တင်ပြနိုင်ခြင်း မရှိခဲ့လျှင် ယခုကဲ့သို့ပင် တားမြစ်မည်ဟု သြစတြေးလျနိုင်ငံ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ် ဝန်ကြီးဌာနက ဆိုခဲ့ဖူးသည်။

သို့ရာတွင် ရိုးရာအစဉ်အလာစျေးကွက်မှ ရင့်သန်လာသော ကွမ်းသီးစျေးကွက်မှာ အသုံးဝင်မှုပို လာသည်နှင့်အညီ အလှည့်အပြောင်းများစွာဖြင့် ရွေ့နေခဲ့သည်။ ပုံမှန်တင်ပို့မှုစျေးကွက်အပြင် ၂၀၂၁ ခုနှစ်တွင် အိမ်နီးချင်းတရုတ်နိုင်ငံမှ ကွမ်းသီးအနုကိုဝယ်ယူမှုများရှိလာခဲ့ပြီး မြန်မာ့ကွမ်းသီးမှာ အရင့်၊အနု၊အစိမ်း၊ အခြောက် စသည်ဖြင့် ပြည်တွင်းပြည်ပစျေးကွက်တွင် ရွေးချယ်စရာများစွာဖြင့် ကျယ်ပြန့်လာခဲ့သည်။ တရုတ်ကုန်သည်များသည် ရည်သောက်အရွယ် ကွမ်းသီးများကိုဝယ်ယူကြပြီး ကွမ်းသီးအနုတစ်လုံးလျှင် ၅၀ ကျပ် မှ ၆၀ ကျပ်ထိ ၂၀၂၂ ခုနှစ်တွင် စျေးပေးဝယ်ယူခဲ့ကြကြောင်း မွန်နှင့်ဧရာတတီမှ ကွမ်းသီးစိုက်ပျိုး တောင်သူများမှ ဆိုကြသည်။

တရုတ်နိုင်ငံအနေဖြင့် ယခင်ကလည်း မြန်မာ့ကွမ်းသီးများအား ချောကလက်မုန့်လုပ်ငန်းကဲ့သို့ စားသောက်ကုန် လုပ်ငန်းများတွင်အသုံးပြုကြပြီး ဆေးဝါးကုန်ကြမ်းအဖြစ်လည်း တင်သွင်းဝယ်ယူမှုများ ယခင်ကတလည်းကရှိ ခဲ့ကြောင်း ကွမ်းသီးကုန်သည်များက ဆိုကြသည်။ ယခုနှစ်ပိုင်း များတွင်တော့  ကွမ်းသီးနုများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ စတင်ဝယ်ယူခဲ့ပြီး နောက်ပိုင်းတွင် ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှလည်း ဝယ်ယူမှုများရှိလာကာ ယင်းနိုင်ငံများသို့ တင်ပို့မှုများရှိခဲ့ကြောင်း မွန်ပြည်နယ် အခြေစိုက် ကွမ်းသီးစိုက်ပျိုးသူများက ဆိုသည်။

 မြန်မာနိုင်ငံမှ ကွမ်းသီးကိုတရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံများမှတင်သွင်းသူများအနေဖြင့်အခွန်ကင်းလွတ်ခွင့် (၀%) ဖြင့်တင်သွင်းနိုင်သည်ဖြစ်ရာ မြန်မာနိုင်ငံမှ ကွမ်းသီးတင်ပို့သူများအနေဖြင့် ပိုမိုတင်ပို့နိုင်မည့်အခွင့် အလမ်းကောင်းများလည်းရှိနေခဲ့သည်။ထို့ကြောင့် ကွမ်းသီးစျေးကွက်သည်လည်း အနု၊အရင့်၊အစိမ်း၊အခြောက် စသည်အားဖြင့် ပြည်တွင်း၊ပြည်ပ စျေးကွက်အဖုံဖုံဖြင့် စုံလင်လှရာ ယနေ့ခေတ်တွင် စိုက်ပျိုးသူများ ပြားတိုးတက်လာနေသည်ကို တွေ့မြင်ရခြင်းဖြစ်ပါသည်။

မိုးသား