【 ဆောင်းပါး 】အတိတ်ဟောင်းမှာ တဝဲလည်လည်

【 ဆောင်းပါး 】အတိတ်ဟောင်းမှာ တဝဲလည်လည်

 အလယ်တန်းဖတ်စာအုပ်ထဲက ထီးစုတ်ကြီးဆိုသည့် ဖတ်စာကိုသင်ဖူးကျမည် ဖြစ်သည်။ ထိုထီးစုတ် ကြီးက စာရိတ္တမြှင့်တင်ရေးအဖြစ် ပြဋ္ဌာန်းချက်အဖြစ် သင်ခဲ့သော ဖတ်စာဖြစ်ပြီး ယနေ့ခေတ် တချို့ကလေးငယ် တွေ သိကြလိမ်မည့် မဟုတ်သလို တချို့လည်ူ မေ့နေလောက်ကြပြီ ဖြစ်သည်။ ထိုအခြေခံပညာဖတ်စာကို ကျနော်တို့ ၁၉၈၀ ကာလနှင့် ဘယ်လောက် တောင် ပြောင်းလဲနေပြီလဲဆိုတာ အိမ်မှာ သားသမီးမရှိသဖြင့် ကျနော် တိတိကျကျ မသိ။

 ဇာတ်လမ်းအကျဉ်းပြောရလျှင် ရှင်ဘုရင်တစ်ပါးက ပြည်သူတွေကို အောက်ခြေစနည်းနာရင်း မိုးမိသည့် အခါ သူဆင်းရဲအိမ်မှ ကလေးငယ်ထံ ထီးငှားသည့် ဇာတ်လမ်းဖြစ်သည်။ ဘုရင်က ထီးငှားပြီး ပြန်ပေးသည့်အခါ ထီးစုတ်ထဲကနေ ရွှေဒင်္ဂါးတွေထွက်လာသည့် နှင့် ဇာတ်သိမ်းထားသည်။ ငယ်စဉ်ကတော့ ဒီလို ဒုက္ခရောက်နေသူ ကို ကိုယ်က ကူညီလျှင် အကျိုးခံစားရမည်ဆိုသည့် မက်လုံးဖြင့် ကလေးငယ်တွေကို နည်းလမ်းပြခဲ့သည်။ တကယ် တွင် ထိုသို့မဟုတ်။ ကူညီပြီး အကျိုးမခံစားရသည့်အခါ ဒီလို စေတနာဆိုသည့် ကိုယ်ချင်းစာ ကူညီသည့်စိတ်ကို အယုံအကြည်နည်းသည့် စိတ်ဖြစ်စေခဲ့သည်။  တခြားသော လူမျိုးများတွင် ထိုသို့ ကူညီသည်မှာ လူလူချင်းစောင့် ရှောက်သည့် စိတ်နှင့် တစ်ဖက်သားကို ပြေလည်စေလိုသည့် စိတ်အရင်းခံကို ပြုစုပျိုးထောင်ကြခြင်းပင် ဖြစ်သည်။

 စောစောကပြောသည့် ထီးပြင်သည် ဖိနပ်ချုပ်သည် ဆိုသော အပြင်သည်များကို ရပ်ထဲ ရွာထဲ ယခင် ၅ နှစ်အတွင်းတွေ့ရခဲလှသည်။ ထီးတစ်ချောင်းမကြိုက်ပါက ပြင်စရာမလိုဘဲ နောက်တစ်ချောင်းကို ဝယ်နိုင်သည့် အထိ စျေးချိုလှသည်။ ဒီကြားထဲ ကုမ္ပဏီတွေကနေ ကုန်ပစ္စည်းကြေညာသည့်အနေဖြင့် ဝေငှသည့် ကြေငြာထီး တွေကလည်း အလွယ်တကူရနိုင်သည့် အနေအထားရှိသည်။ ဒီတော့ ထီးကို ပြင်သည်စျေးနှင့် အသစ်တစ်လက် ဝယ် ရသည့်စျေးမှာ သိပ်မကွာတော့သည့်အခါ ထီးပြင်သူနည်းလာပြီး ပြင်စားသူမရှိသလောက်ဖြစ်လာခြင်း ဖြစ် သည်။ ထိုလိုမျိုး ထီးပြင်သည် ဖိနပ်ပြင်သည် ဆိုသည့် လမ်းထဲ ရပ်ကွက်ထဲ လိုက်အော်ကာ ပြင်သည့် အသည်တွေ ယခုရက်မကြာခဏတွေ့လာရသည်။

ပြီးခဲ့သည့်ရက်က မြိုထဲ တွင် အသိတစ်ယောက်နှင့် လမ်း၃၀ ထိပ်တွင် လိုင်းကားစောင့်နေစဉ် အသိက ထီးတစ်ချောင်းဝယ်မလို့ ဘတ်စကားမှတ်တိုင်နောက်က စတိုးဆိုင်သို့ အဖော်ပါသွားသည်။ ဆိုင်တွင် ထီးတွေက အမျိုးမျိုး။ အသိဖြစ်သူက ယောင်္ကျားဆောင်းထီးတစ်လက်ကို ယူသည်။ ယိုးဒယားလုပ် ထီးမို့ တစ်ချောင်းကို တစ် သောင်းသုံးထောင်ဆိုသည်။ အသိဖြစ်သူက လေးငါးခြောက်ထောင်တန်ကိုရှာသည်။ ကျနော်စိတ်ထဲ ထီးတစ် ချောင်း တစ်သောင်းကျော် ဆိုတာ ယခုမှ ကြားဘူးသည်။ အသိဖြစ်သူက ထီးစျေးတွေတက်သွားတာဟု ဆိုသည်။ ယခင်က တစ်သောင်းကျော်တန်ဆိုသည်မှ ခုနှစ်ထောင် ရှစ်ထောင်ထက်မပိုဟုဆိုသည်။

ဒီတော့ ကျနော်အမြဲဆောင်ထားသည့် ထီးကို ပြန်ကြည့်မိသည်။ ကျနော်ထီးက အသိတစ်ယောက် လက်ဆောင်ပေးထားသည့် ထီးဖြစ်ပြီး ကုမ္ပဏီတံဆိပ်ပါသည်။ ထီးကိုင်းတွေက စတီးကိုင်းတွေ။နောက် ကျနော်က ထီးဆောင်းပြီးတိုင်း မိုးမိပါက နေလှန်းပြီး ပြန်ခေါက်သဖြင့် ထီးမှာ သံချေးနည်းသည်။ အမေက အားလျှင် အား သလို ထီးကိုင်းတွေကို အုန်းဆီဖြင့် ပွတ်ပေးလေ့ရှိသဖြင့် ယခုထိ ထီးကိုင်းတွေက အကောင်း။ ထီးအမိုးကလည်း လက်ဆောင်ရကတည်းက ဇနီးဖြစ်သူက ပြန်ချုပ်ပေးထားသဖြင့် တော်ရုံတန်ရုံ မပြုတ်ထွက်။ ဒီတော့ ထီးလော ကနှင့် ကျနော်မှာ ဝေးသည်။ ယခု အသိဖြစ်သူ ဝယ်မှ ထီးစျေး ဘယ်လောက် ဆိုတာ ကျနော်သိရသည်။ ထီးတစ် လက်စျေးက အသင့်အတင့်ဆိုလျှင့် ငါးထောင်ခြောက်ထောင် (ဆန် နှစ်ပြည်နီးပါး)၊ထီးကောင်းကောင်းဆို တစ် သောင်းကျော် (ဆန် ၃ ပြည်ကျော်ကျော်) ဒီလောက်ထိ ဖြစ်လာသည်။ ဘယ်ကမှ ထီးအလကားရစရာလည်း မရှိ သဖြင့် ကိုယ်ဆီမှာရှိသည့်ထီးကို ရိုရိုသေသေကိုင်ရမည့် မပျောက်မရှအောင် ဂရုစိုက်ရမည့် အနေအထားဖြစ် လာခဲ့ သည်။  

ယနေ့တနင်္ဂနွေနေ့ ဖြစ်သဖြင့် ထုံးစံအတိုင်း လမ်းထဲက စျေးအနီးလဘက်ရည်ဆိုင်မှာ ထိုင်ရင်း လမ်းထဲ က အသိတွေနှင့် စကားပြောဖြစ်သည်။ ထိုသို့ပြောနေစဉ် ထီးပြင်သည့်ဖိနပ်ချုပ်သည်ဆိုသည့် အသည်လင်မယား လဘက်ရည်ဆိုင်ရှေ့ကနေ ဖြတ်သွားသည်။ လဘက်ရည်ဆိုင်ရှင်က ထီးပြင်ဖို့ စားပွဲထိုးကို ထိုလင်မယားကို လှမ်း ခေါ်ခိုင်းသည်။ လဘက်ရည်ဆိုင်တွင် ထီးခေါ်ပြင်သည်ကို ကြည့်ရင်း ယခုနှစ်ပိုင်းအတွင်း ဆင်းရဲကျပ်တည်းလာမှု တွေကို ကျနော် စဉ်းစားမိသည်။ကျနော်တို့ ထီးတစ်ချောင်းဝယ်ဖို့တောင် စဉ်းစားနေရသည်အထိ ဖြစ်လာနေပါ လားဆိုသည့် အတွေးပင်။

ထီးပြင်သည့် သူက လဖက်ရည်ဆိုင်ပိုင်ရှင်ကို မေးသည်။ ထီးကိုင်းပြင်မလား၊ပြင်ပါက တစ်ထောင်ကျ မည်။ ထီးကိုင်းလဲပါက နှစ်ထောင်ကျမည်ဟုပြောသည်။ လဖက်ရည်ဆိုင်ရှင်က ပြင်ပဲပြင်လိုက် မလဲတော့ဟုဆို သည်။ ထီးကိုင်းတွေက ကော်ကိုင်းတွေ ဖြစ်သဖြင့် ပြင်သူက သိပ်ကြာကြာတော့ ခံမှာ မဟုတ်ဘူး။ အလှသာသာ ဘဲဆောင်းလို့ရနိုင်သည်ဟု ဆိုသည်။ စတီးကိုင်းလဲတာ ကောင်းသည်ဟုဆိုသည်။

ထီးပြင်နေသည်ကိုကြည့်ပြီး ကျနော်တို့ငယ်ငယ်တုန်းက ရှားပါးလွန်းသဖြင့် ထီးအစုတ်တွေ ဆောင်းရ သည်ကို မှတ်မိသည်။ မောင်ဗမာ ထီးတွေဆိုတာ ခိုထီးလို့ ခေါ်သည့် ယိုးဒယားထီးတွေ မဝင်လာခင်ဆောင်းရ သည့် ထီးကြီးတွေကို ယနေ့လူငယ်တွေ သိမည်မဟုတ်။ ထီးတွင်မဟုတ်။ ကျောင်းတက်သည့်အခါ ရာဘာဖိနပ် တွေ ကော်ဖိနပ်တွေစီးရသည်။ ရာဘာဖိနပ်၊ကော်ဖိနပ်ဆိုသည်မှာ ယနေ့ခေတ်လို့ စီးရကောင်းသည်ဖိနပ်တွေ မဟုတ်။ ဖိနပ်အသစ်စီးပါက ခြေထောက်မှာ အနာတောင်ဖြစ်ရသည့် ဖိနပ်တွေ ဖြစ်သည်။ သားရေ ဖိနပ် ဆိုသည် မှာ စီးနိုင်သည့်သူနည်းသည်။ မန္တလေးဖိနပ်တွေဖြစ်သည့် ဆင်ခြောက်ကောင်၊ မြမာလာ၊ ဂျက်ယာဉ်စသည်တွေ စီးနိုင်ပါက အတော်လေးကို လူဖြစ်ရကျိုးနပ်သည်ဟု ပြောနိုင်သည့်ခေတ်။ထိုသားရေ ဖိနပ်ကို ဖိနပ်ချုပ်သည့် ဆိုင်တွင် ပြန်ပြင်ရပြီး အပေါ်က သားရေ မပါးသရွေ့ ပြင်လိုက်၊ သဲကြိုးလဲလိုက်နှင့် စီးရသည့်ဘ၀တွေ။မိုးမိသည့် နေ့တွေ ဆို ခြေထောက်မှာဖိနပ်သုတ်ဆေးတွေနှင့် မည်းနေသည်က ထိုခေတ်၏ မြင်နေကြ မြင်ကွင်းတစ်ခုဖြစ် သည်။

ထီးဆိုသည်မှာလည်း ထိုနည်းလည်းကောင်း။ ထီးတစ်ချောင်းကို တစ်ယောက်တည်းဆောင်းနိုင်သည့် သူ က အကောင်ဖြစ်သည်။ ထိုကြားထဲ ထီးက ခိုထီးဖြစ်ပါက ဆရာကောင်ပင်။ ထိုခေတ်တွင် ကျောင်းတက်ရသည့် ကျနော်တို့မှာ ကျောင်းတက်သည့်အခါ ထီးမှာ တစ်ယောက်တစ်ချောင်းမဆောင်းနိုင်။ မောင်နှမတွေ ထီးတစ် ချောင်းကို  နှစ်ယောက်ဆောင်းရသလို ကျောင်းအချိန်မတူသည့်အခါ တစ်ယောက်ကျောင်းဆင်းကို တစ်ယောက် က ပေးလိုက်ရပြီး လက်လွှဲဆောင်းရသည်အထိ လူတိုင်းကျပ်တည်းရသည့် အချိန်ကာလတွေ ဖြစ်သည်။

ယခု ဒါတွေ ကျနော်တို့ မြင်လာနေရပြီ။

ထီးတစ်ချောင်းဝယ်တာနှင့် ပြင်တာ။ ယခင် ၅နှစ်က ပြင်ရသည်နှင့် ဝယ်ရသည်မှာ သိပ်မကွာ။ ဒီတော့ ထီးကို မပြင်ကျ။ ပြင်သည့်သူကိုပင် အတော်လေး ကုပ်စီးသည်ဟု ပြောကြသည်။ ယခု ထီးပြင်ဆောင်းနေကြပြီ။ ပြင်သည့်သူကိုပင် ထောက်ခံသည့် စကားပြောနေရပြီ။ ဖိနပ်ကတော့ သားရေဖိနပ်စီးကြတာ နည်းသဖြင့် ချုပ်တာ သိပ်မမြင်ရသေး။ သို့သော် ရာဘာဖိနပ်တွေကို သံနန်းကြိုးဖြင့် ချုပ်စီးနေတာတွေ တွေ့နေရပြီ။ နောင်ဆို ထီးပြင် သည်ဖိနပ်ချုပ်သည်တွေက မိသားစုအချို့အတွက် စောင့်မြှော်ရသည့် အသည်တွေ ဖြစ်လာတော့မည်။ ထိုမှ တစ် ဆင့် မိသားစုအများစုအတွက် မျှော်ရသည့် အသည်တွေ ဖြစ်လာလိမ့်မည်။

လူတိုင်းငယ်ဘ၀ပြန်ရောက်ချင်ကြသည်ဟုပြောကြသည်။ သို့သော် ငယ်ငယ်တုန်းကခေတ်ကို ပြန်မ ရောက်ချင်ကြ။ ထိုခေတ်ကိုစဉ်းစားတိုင်း အသက်ရှုရတာ အလိုလို ကျပ်လာလေသည်။

မောင်ဦးလွင်