【 ဆောင်းပါး 】အမှားကိုဝန်ခံတာပညာရှိ

【 ဆောင်းပါး 】အမှားကိုဝန်ခံတာပညာရှိ

လူဆိုတာအမှားနှင့်မကင်းနိုင်ပါ။ မှားတတ်တာလူ့သဘာဝပါ။

အမေရိကန် ဘက်စ်ကက်ဘောနည်းပြ John Wooden ၏အဆိုအမိန့်လေးကိုသတိရမိသည်။

 “If you’re not making mistakes, then you’re not doing anything.”

“သင်သည် အမှားတစ်စုံတစ်ခု မလုပ်ဘူးဆိုလျှင် သင်ဘာမှမလုပ်၍သာဖြစ်မည်။”

မှန်ပါသည်။ အလုပ်လုပ်သည့်သူသည် အမှားအယွင်းလုပ်မိတတ်ပါသည်။ မှားတတ်တာလူ့ သဘာဝပါ။ ထိုအမှားသည် ပြင်ရလွယ်သောအမှားမျိုးဖြစ်နိုင်သလို ပြင်ရခက်သောအမှားမျိုးလည်းဖြစ် နိုင်သည်။လုံးဝပြင်မရ တော့သောအမှားမျိုးလည်းဖြစ်နိုင်ပါသည်။ အရေးကြီးတာက အမှားကိုမြင်ဖို့ပါ။ အမှားကိုပြင်ချင်စိတ်ရှိဖို့ပါ။ အမှားကိုအမြန်ဆုံးပြင်နိုင်ဖို့ပါ။

တချို့လူတွေက အမှားကိုမမြင်လို့ တစ်နည်းအားဖြင့် မှားမှန်းမသိလို့ အမှားကိုမပြင်ကြပါ။ တချို့ကတော့ မှားမှန်းသိသော်လည်း ထိုအမှားအပေါ်သာယာပြီး အမှားမပြင်ဖြစ်ကြပါ။

တချို့လူများသည် အလွန်ရှက်စရာကောင်းသောအမှားကြီးများကြူးလွန်မိတတ်ကြသည်။ သို့သော်လည်း သူ့အမှားကိုသူမြင်ကာ အချိန်မဆိုင်းဘဲ အမှားဝန်ခံတတ်သည်။ ထိုအမှားကို ချက်ချင်း ပြုပြင်တတ်ကြသည်။

တစ်ချိန်က အမှားကြူးလွန်ပြီး အမှားကိုဝန်ခံကာ ပြုပြင်ခဲ့သောသူတစ်ယောက်ရှိခဲ့သည်။ သူမ သည်ပြည့်တန်ဆာတစ်ယောက်သာဖြစ်သည်။ သူမ၏အမည်သည်သီရိမာဖြစ်သည်။

ဘုရားရှင်ပွင့်တော်မူစဉ်က ပုဏ္ဏဆိုသူတစ်ယောက်ရှိသည်။ သူသည် သူဌေးကြီးသုမနအိမ်မှ အခစားအလုပ်သမားဖြစ်သည်။ ပုဏ္ဏတို့မိသားစုသည်သူဌေးကြီးအိမ်၏အနောက်ဘက်မှာနေရသဖြင့် ဆွမ်းခံလာသော ရဟန်းသံဃာတော်များနှင့်မဆုံကြပေ။ ထို့ကြောင့် သံဃာတော်များကို ဆွမ်းလောင်း လှူခြင်း မပြုလုပ်နိုင်ခဲ့ကြ။

တစ်နေ့တွင် ပုဏ္ဏ၏ဇနီးသည်  လယ်ထွန်နေသောပုဏ္ဏကိုထမင်းပို့ရန်သွားရင်း လမ်းမှာ ဆွမ်းခံ ကြွလာသော ရှင်သာရိပုတ္တရာမထေရ်မြတ်နှင့်ဆုံမိသည်။ ကြုံတောင့်ကြုံခဲအခွင့်အရေးကို လက်လွတ် မခံဘဲ သူ့ယောင်္ကျားအတွက် ပါလာသမျှထမင်းနှင့်ဟင်းများကို မထေရ်မြတ်ကြီးအား အကုန်လောင်း လှူလိုက်ပါတော့သည်။ ပြီးတော့မှ အိမ်တစ်ခေါက်ပြန်ကာထမင်းဟင်းထည့်ပြီးမှ ပုဏ္ဏကိုသွားပို့သည်။ ထိုအလှူအတွက် ပုဏ္ဏတို့လင်မယားနှစ်ယောက်လုံးပီတိဖြစ်မိကြသည်။

ထိုအလှူပြီးသည်နှင့် ဒိဋ္ဌဓမ္မဝေဒနိယကံအစွမ်းကကောင်းစွာအကျိုးပေးလာသည်။ ပုဏ္ဏထွန် သမျှမြေကြီးခဲတို့သည်ရွှေတုံးရွှေခဲတွေဖြစ်ကုန်၏။ မင်းကြီးကိုယ်တိုင် ပုဏ္ဏကို သူဌေးဆောင်းသောထီး ကိုပေးအပ်ကာ နေအိမ်ကိုပါစီစဉ်ပေးပြီး သူဌေးကြီး အဖြစ် ချီးမြှင့်လိုက်လေသည်။ သူဌေးပုဏ္ဏလည်း ဘုရားရှင်နှင့်သံဃာတော်များကို ဆွမ်းအလှူ ပင့်ဖိတ်ကာ အိမ်တက်မင်္ဂလာပြုလုပ်သည်။

ဘုရားရှင်က ဆွမ်းအနုမောဒနာတရားဟောသောအခါ ပုဏ္ဏတို့လင်မယားရော သမီးလေး ဥတ္တရာပါ သောတပန်အရိယာဖြစ်သွားကြလေတော့သည်။

ပုဏ္ဏ၏သူဌေးကြီးသုမနသည် သူ၏သားကို ဥတ္တရာနှင့်လက်ဆက်ပေးရန်တောင်းဆိုသောအခါ ပုဏ္ဏကသဘောမတူသော်လည်း ကျေးဇူးရှင်ဖြစ်နေ၍ ပေးစားလိုက်ရသည်။ တကယ်တော့ ပုဏ္ဏတို့ မိသားစုက ဗုဒ္ဓမြတ်စွာကိုကိုးကွယ်ဆည်းကပ်သူများဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း အရိယာများဖြစ် သည်။ သူဌေးကြီးသုမနမိသားစုသည် ဗုဒ္ဓကိုကိုးကွယ်သူများမဟုတ်ဘဲ မိစ္ဆာဒိဋ္ဌိများဖြစ်နေသဖြင့် ဥတ္တရာသည်လင်ယောင်္ကျားဖြစ်သူ၏ နောက်သို့မလိုက်ချင်ဘဲလိုက်သွားရရှာသည်။

ဥတ္တရာသည် လင်ယောင်္ကျား၏အိမ်ရောက်သည့်အချိန်မှစ၍ ဘုရားရှင်နှင့်တကွရဟန်းသံဃာ များကိုဖူးမြော်ခွင့်လည်းမရ လှူှဒါန်းမှုလည်းမပြုနိုင်ခဲ့ပေ။ ထိုအကြောင်းကို ဖခင်ဖြစ်သူထံစာရေးလိုက် သဖြင့် ပုဏ္ဏကသမီးအတွက်စိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့်သမီးထံငွေတစ်သောင်းငါးထောင်နှင့် အတူစာတစ်စောင်ရေးပို့လိုက်သည်။

ရုပ်ရည်အလွန်ချောသောပြည့်တန်ဆာမ သီရိမာဆိုသူကို တစ်နေ့ငွေတစ်ထောင်နှင့် ဆယ့် ငါးရက်စာ ငွေတစ်သောင်းငါးထောင်ပေးကာ ယောင်္ကျားဖြစ်သူ၏အငှားမယားအဖြစ်ပြုစုစေသည်။ ထို အချိန်တွင် ဥတ္တရာက ဘုရားအမှူးပြုသောသံဃာတော်များကို ဆွမ်းလုပ်ကျွေးရန်ဖြစ်သည်။

ယောင်္ကျားဖြစ်သူကလည်း သီရိမာ၏အလှအပနှင့်အပြုအစုများအပေါ်သာယာချင်စိတ်ရှိသော ကြောင့်သဘောတူလက်ခံလေသည်။ သည်တော့မှ လင်ယောင်္ကျားနှင့်အိမ်ထောင့်တာဝန်မှ ဆယ့်ငါး ရက်တာ လွတ်ကင်းသွားသော ဥတ္တရာသည် သံဃာတော်များကိုနေ့စဉ်လှူဒါန်းကာ ကုသိုလ်ကောင်းမှု များကိုစိတ်ချမ်းချမ်းသာသာပြု လုပ်နိုင်လေတော့သည်။

ဥတ္တရာတစ်ယောက် ချွေးတလုံးလုံးနှင့်အလှူကိစ္စအတွက်မမောနိုင်မပန်းနိုင်ချက်ပြုတ်နေသည် ကို ကြည့်ပြီး လင်ယောင်္ကျားဖြစ်သူကအတွေးဝင်မိသည်။ စည်းစိမ်ချမ်းသာပြည့်ပြည့်စုံစုံနှင့် ဇိမ်ကျကျ စံစား နေနိုင်ပါလျက် အပင်ပန်းခံကာ ကိုယ့်ဒုက္ခကိုယ်ရှာနေသော ဇနီးသည်ဥတ္တရာကိုကြည့်ပြီးပြုံးမိ လေသည်။

ထိုသို့ဇနီးသည်ကိုကြည့်ပြီးပြုံးသည်ကို ဆယ့်ငါးရက်တာအခကြေးငွေနှင့်ငှားထားသောသီရိမာ က မနာလိုစိတ်နှင့်ဒေါသထွက်နေလေသည်။ ထို့ကြောင့်စိတ်ဆိုးမာန်ဆိုးနှင့်ပွက်ပွက်ဆူနေသောထော ပတ်ကို ဇွန်းဖြင့်ခပ်ယူကာ ဥတ္တရာကိုလောင်းရန်လာသည်။ ဥတ္တရာက သူ့ဆီကိုရန်လိုစိတ်နှင့်လာနေ သည့်သီရိမာကို ရန်တုံ့ပြန်ရန်စိတ်ကူးမရှိဘဲ ဆယ့်ငါးရက်တာသူ့ကိုကူညီနေသော ကျေးဇူးရှင်အဖြစ် မေတ္တာပင်ပို့နေလိုက်သေးသည်။ ထို့ကြောင့်သီရိမာလောင်းလိုက်သောထောပတ်ပူပူသည် ဥတ္တရာ၏ ခန္ဓာကိုယ်ပေါ်ရောက်သောအခါ အေးမြသွားလေသည်။

ဒါကိုမကျေနပ်သေးသောသီရိမာသည် နောက်ထပ်ထောပတ်ပူများသွားယူပြန်သည်။ သည် တစ်ခါတော့ ဥတ္တရာ၏အလုပ်သမားများက သီရိမာကိုဝိုင်းရိုက်နှက်လေတော့သည်။ ဥတ္တရာက သူ့ အလုပ်သမားများကိုဟန့်တားပြီး သီရိမာရရှိထားသောဒဏ်ရာများကို ပြုစုကုသပေးနေလေသည်။

သည်တော့မှ သီရိမာလည်း ဥတ္တရာ၏ဖြူစင်မွန်မြတ်သော စိတ်ထားကိုမြင်ပြီး သူ့အမှားကို သတိပြုမိကာ ဥတ္တရာကိုတောင်းပန်သည်။ ဥတ္တရာက သူ့အနေနှင့်ကတော့ခွင့်လွှတ်နိုင်သော်လည်း သူ့သခင်ကဲ့သို့သဘောထားသော ဘုရားရှင်ကို တောင်းပန်ရန်ပြောသည်။

ဘုရားရှင်ကြွလာသောအခါ သီရိမာကအကျိုးအကြောင်းရှင်းပြပြီး ဘုရားရှင်ကိုတောင်းပန် သည်။ ဘုရားရှင်က ဥတ္တရာကိုချီးကျူးစကားဆိုပြီး အောက်ပါဒေသနာတရားကိုဟောပြောလိုက်ရာ သီရိမာသည် သဘောပေါက်ကာ သောတပန်အရိယာဖြစ်သွားလေသည်။

“ဒေါသအမျက်ထွက်သူကို မေတ္တာဖြင့်အောင်စေရာ၏။ မသူတော်ကို သူတော်ကောင်းစိတ် ထားခြင်းဖြင့် အောင်စေရာ၏။ နှမြောတွန့်တိုသူကို ပေးကမ်းခြင်းဖြင့်အောင်စေရာ၏။ မုသားစကား ပြောသူကို အမှန်သစ္စာစကားပြောခြင်းဖြင့်အောင်စေရာ၏။”

ပြည့်တန်ဆာသီရိမာသည် ဥတ္တရာ၏လင်ယောင်္ကျားကို ဆယ့်ငါးရက်မျှသာပြုစုဆက်ဆံရ သောခဏတာအငှားမိန်းမဖြစ်သည်။ သို့သော်လည်း လောဘတွေတက်ကာ ပိုင်ရှင်အစစ်ဥတ္တရာကို ပင် မနာလိုဝန်တိုစိတ်ထားကာ အသက်အန္တရယ်ပြုမိခဲ့သည်။

သို့သော်လည်း ဥတ္တရာက သူ့အပေါ်ရန်သူလိုမဆက်ဆံဘဲ ကျေးဇူးရှင်အဖြစ်သဘောထားကာ မေတ္တာစေတနာနှင့်နားလည်ခွင့်လွှတ်ပေးသည်ကိုတွေ့လိုက်ရသည်။ ထိုအခါ ဥတ္တရာအပေါ်ကြူးလွန် ခဲ့သောသူ့အမှားကို သူမြင်မိသည်။ သူ့မိုက်ပြစ်ကိုသတိထားမိသည်။ ထို့ကြောင့် သူ့အပြစ်ကိုဝန်ချ တောင်းပန်ရှာသည်။

ထိုသို့လောဘစိတ်မွှန်ကာ သတိလက်လွတ်နှင့်အမှားကြူးလွန်ကာ မိုက်မဲမိခဲ့သော်လည်း အသိဉာဏ်ရှိသူဖြစ်သောကြောင့် နောက်ဆုံးမှာ သောတပန်အရိယာသူတော်စင်ပင်ဖြစ်ခဲ့ရသည်။

ပြည့်တန်ဆာနှင့်သူဌေးသမီး၊ ဆင်းရဲသားနှင့်သူဌေး၊ ငယ်ကျွန်နှင့်ဘုရင်၊ လူငယ်နှင့်လူကြီး၊ ယောင်္ကျားနှင့်မိန်းမ စသည့်လူသားအားလုံးတွင် မည်သူမဆို ပညာရှိဖြစ်နိုင်သည်။ မည်သူမဆို လူမိုက် ဖြစ်နိုင်သည်။ အရေးကြီးတာက အသိရှိသူနှင့်အသိမရှိသူခွဲခြားနိုင်ဖို့ဖြစ်သည်။ အသိရှိသူသည် ပညာရှိဖြစ်ပြီး အသိမရှိသူသည် လူမိုက်ဖြစ်သည်။

ဥပမာ မေတ္တာရှင်တစ်ယောက်ကိုစော်ကားမိပြီဆိုလျှင် ထိုစော်ကားသူသည် လူမိုက်ဖြစ်သည်။ မိမိအပြစ်ကိုမသိမဆင်ခြင် မပြင်ဆင်နိုင်ဘဲ “ငါကွ” ဆိုပြီး သူ့ကိုယ်သူ လူကောင်းလို့အရှက်မရှိ ဟစ်ကြွေး နေသေးရင်တော့  သူဟာတကယ့်ပညာမဲ့ လူမိုက်စစ်စစ်ဆိုတာ သေချာပါပြီ။

ဘုရားရှင်ကလည်း ဓမ္မပဒ ဗာလဝဂ်တွင် လူမိုက်ချင်းတူသော်လည်း အသိရှိသူနှင့်အသိမရှိသူ တို့သည် တန်ဖိုးချင်းများစွာကွာခြားသည်ကို ရှင်းလင်းစွာဟောကြားခဲ့ပါသည်။

“အကြင်လူမိုက်သည် မိမိမိုက်သည်၏အဖြစ်ကို ငါမိုက်သည်ဟုသိ၏။ ထိုလူမိုက်သည် မိမိမိုက် သည့်အဖြစ်ကိုသိသောအကြောင်းကြောင့် သူ့သည်ပညာရှိမည်၏။ အကြင်လူမိုက်သည် မိမိမိုက် သည်၏အဖြစ်ကိုမသိဘဲ ငါပညာရှိဟုထင်မှတ်၏။ ထိုလူမိုက်သည် တကယ့် ပညာမဲ့ လူမိုက်စစ်စစ်ဖြစ် ၏။”

                                                                                                                  

ရိုက်မောင်း