【 ဆောင်းပါး 】“ကတိကဝတ် တစ်ခုထားပါ.”

【 ဆောင်းပါး 】“ကတိကဝတ် တစ်ခုထားပါ.”

“ ကတိကဝတ် တစ်ခုထားပါ.... ၊        ဒါဆို သင် တောင်တန်းတွေကိုတောင် ရွှေ့နိုင်လိမ့်မယ်”

ဒီစွမ်းအားက ဘာလဲဆိုတာ ကျွန်တော်မပြောတတ်ဘူး၊ ကျွန်တော်သိတာက အဲဒီ စွမ်းအားရှိတယ်၊ လူ တစ်ယောက်က သူဘာလိုချင်တယ်ဆိုတာ အတိအကျသိတဲ့ အခါနဲ့ မတွေ့မချင်း ဘယ်တော့မှ နောက်မဆုတ်ဘူး လို့  အပြည့်အဝ စိတ်ပိုင်းဖြတ်ထားတဲ့ အခါကျမှ ရရှိနိုင်တဲ့ အရာဖြစ်တယ်ဆိုတာပါပဲ။

                                                                                                    (အလက်ဇန္ဒြား ဂရေဟမ်ဘဲလ်)

Commitment (ကတိကဝတ်ပြုခြင်း) နဲ့ Persistency (မဆုတ်မနစ်သော လုံ့လစိုက်ထုတ်ခြင်း) ရဲ့ တန် ဖိုးတွေကို နားဝင်လာအောင် ဆက်လက်ရှင်းပြတဲ့ နေရာမှာ ဂျက်ဖ်ကီလာက စာအုပ်တစ်အုပ်ထဲက အနှစ်သာရ‌ တစ်ခုကို ထုတ်နုတ်ကိုးကားပြခဲ့တယ်။ အဲ့ဒီစာအုပ်ကလေးက ခမ်းခမ်းနားနား စာအုပ်မဟုတ်ပါဘူးတဲ့ စက္ကူမျက်နှာဖုံးလေးနဲ့ စာအုပ်ငယ်လေး တစ်အုပ်သာ ဖြစ်ပြီး မိုက် ဟာနစ်ကီ ရေးတဲ့ “သင်လိုချင်သမျှ အရာအားလုံးကို ရနိုင်ဖို့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်” လို့ နာမည်ပေးထားပါတယ်တဲ့။ အဲဒီစာအုပ်လေးကို ဖတ်ရမှပဲ ကတိကဝတ် နဲ့ မဆုတ်မနစ်သော လုံ့လ ဆိုတဲ့ စကားလုံးတွေရဲ့ တကယ့်အဓိပ္ပါယ် အစစ်အမှန်ကို သူသေသေချာချာ သဘောပေါက်သွားပါတယ်လို့ ဖော်ပြခဲ့တယ်။

ကတိကဝတ်ဆိုတာ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက် ရဲ့ အနှစ်အရသာ ဖြစ်တယ်။ စာရေးသူရဲ့ အဆိုအရ သင်လိုချင်တာရဖို့အတွက် သော့ချက်က ကိုယ့်ရည်ရွယ်ချက်ပြည့်ဖို့  “ဘာပဲလုပ်ရ လုပ်ရ လိုလိုလားလား လုပ်ချင်စိတ် ရှိဖို့” ဖြစ်တယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ တရားမဝင်တဲ့၊ လူမှုကျင့်ဝတ်နဲ့ မညီတဲ့၊ အခြားသူကို ထိခိုက်နစ်နာစေမယ့် လုပ်ဆောင်မှုတွေ မပါဘူးလို့ ဖြည့်စွက် ပြောချင်ပါတယ်။

ဒီတော့ “လိုလိုလားလား လုပ်ချင်စိတ်” ကို ကျွန်တော် ဆိုလိုချင်တာ အတိအကျကတော့ - ဒါဟာ အောက်ပါ အချက်တွေပါဝင်တဲ့ စိတ်နေသဘောထားတစ်ခုဖြစ်တယ်-

ကိုယ့် ပန်းတိုင်ကိုရောက်ဖို့ ခြေလှမ်း (၅)လှမ်း လှမ်းရမယ်ဆိုရင်၊ အဲဒီ ခြေလှမ်း (၅) လှမ်းကို လှမ်းမယ်။

ကိုယ့် ပန်းတိုင်ကိုရောက်ဖို့ ခြေလှမ်း (၅၅)လှမ်း လှမ်းရမယ်ဆိုရင်၊ အဲဒီ ခြေလှမ်း (၅၅) လှမ်းကို လှမ်းမယ်။

ကိုယ့် ပန်းတိုင်ကိုရောက်ဖို့ ခြေလှမ်း (၁၅၅)လှမ်း လှမ်းရမယ်ဆိုရင်၊ အဲဒီ ခြေလှမ်း (၁၅၅) လှမ်းကို လှမ်းမယ်။

စစခြင်းမှာ ပန်းတိုင်ရောက်ဖို့ ခြေလှမ်း ဘယ်နှစ်လှမ်း လောက် လှမ်းရမယ်ဆိုတာကို သင် ဘယ်လိုမှ အတိအကျ မပြောနိုင်တာ အသေအချာပေါ့။ ဒါကအရေးလည်း မကြီးပါဘူး။ အောင်မြင်မှုအတွက်ဆိုရင် အ‌ရေးအကြီးဆုံး လိုအပ်တာက ဘာပဲဖြစ်ဖြစ်လုပ်မယ်ဆိုတဲ့ သင့် ကတိကဝတ်ပါပဲ။ ဘယ်နှစ်လှမ်း လှမ်းရမယ်ဆိုတာ အရေးမကြီးပါဘူး။

မဆုတ်မနစ်တဲ့ လုံ့လက ဘယ်နေရာမှာ ပါဝင်လာမှာလဲ၊ ကတိကဝတ်ရဲ့ နောက်မှာ မဆုတ်မနစ်တဲ့ လုံ့လက ကပ်ပါလာမှာပါ။ ဆိုလိုတာက ဘာလုပ်မယ်ဆိုတဲ့ ကတိကဝတ် အရင်ပြုရပြီးမှ မဆုတ်မနစ်သောလုံ့လ နဲ့ မရရအောင်ယူမယ့် ကိစ္စက ဖြစ်လာမှာ လို့ပြောချင်တာပါ။ သင့်ပန်းတိုင်ကို အရောက်လှမ်းဖို့ ကတိကဝတ်ပြုလိုက်ပြီ ဆိုတာနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်မှုတွေကို သင်လိုချင်တဲ့ ရလဒ် မရမချင်း သင်က ဆက်တိုက် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

နောက်ပြီး ဂျက်ဖ် ကီလာ ဆက်လက်ရှင်းပြခဲ့တာက ကတိကဝတ်ပြုခြင်းမှာ မှော်ဆန်တဲ့ အစွမ်းသတ္တိတွေ ရှိတဲ့အကြောင်းပါ။ ကတိကဝတ်ပြုရာမှာ ဘာပဲနေနေ မဖြစ်ဖြစ်အောင် လိုလိုလားလားလုပ်မယ် ဆိုတဲ့ သန္နိဋ္ဌာန် ချမှတ်လုပ်တာကလည်း အလိုလို ကပ်ပါလာပြီးသား ဖြစ်ပါတယ်တဲ့၊ အဲ့လို ခိုင်ခိုင်မာမာ ဆုံးဖြတ် ကတိပြု သန္နိဋ္ဌာန်ချလိုက်တာနဲ့ သင့်ပန်းတိုင်ကို အရောက်ဆွတ်ခူးဖို့ လိုအပ်တဲ့ လူတွေ ဝန်းကျင်အခြေအနေတွေကို စတင် ဆွဲငင်ယူလိုက်ပြီးသား ဖြစ်နေပါပြီ လို့ ဆိုပါတယ်။ သူပေးတဲ့ ဥပမာ တစ်ခုက ….

ကတိကဝတ်ရဲ့ မှော်အစွမ်း

ဥပမာ- ပြရရင် သင့်ကိုယ်သင် ရောင်းအကောင်းဆုံး စာရေးဆရာတစ်ယောက် ဖြစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ ဆိုပါတော့၊ သင်ဟာ ချက်ခြင်း ဆိုသလို စာပေကိုယ်စားလှယ် တစ်ယောက်ကို တွေ့ဆုံမယ် ဒါမှမဟုတ် ဒီအကြောင်းအရာ နဲ့ ပတ်သက်တဲ့ အကြံဉာဏ်ပေးတတ်တဲ့ ရုပ်သံအစီအစဉ်လိုမျိုးကို ရှာတော့မှာပါ။

တကယ်တော့ အဲဒီ အရင်းအမြစ်တွေက အရင်ထဲက မရှိတာမဟုတ်ပါဘူး။ သင့် စိတ်ကူးထဲမှာ အဲဒါမျိုးကို ရှာဖို့ ဘယ်တုန်းကမှ အာရုံမစိုက်မိတာပါ။ သင် ကတိတဝတ်တစ်ခု ပြုလိုက်ပြီ ဆိုတာနဲ့ သင့် စိတ်ကူးကနေ ထို ကတိကဝတ်ကို ဖြစ်အောင်လုပ်ဖို့ ဘာလုပ်ရမယ်ဆိုတာ ပုံရိပ် ဖန်တီးပုံဖော် တော့တာပါပဲ။ အဲ့ဒီနောက် သင့် စိတ်က ချက်ခြင်း အလုပ်ထလုပ်တော့တာပါပဲ၊ စိတ်ကူးကနေ လက်တွေ့ ဖြစ်လာဖို့အတွက် အထောက်အပံ့ရမယ့် ဖြစ်စဉ်တွေ၊ ဝန်းကျင်အခြေအနေတွေကို သံလိုက်တစ်ခုလို ဆွဲငင်ယူလိုက် တော့တာပါပဲ။  အရေးကြီးတာ တစ်ခုတော့ သိထားဖို့လိုပါတယ်၊ မည်သို့ဆိုစေကာမူ ဒါက နေ့ချင်း ညချင်း ဖြစ်လာမယ့် ဖြစ်စဉ်တစ်ခု မဟုတ်ဘူး ဆိုတာပါ။ သင့်အနေနဲ့ အခွင့်အရေး ကြုံလာတာနဲ့ အမိအရဆုပ်ကိုင်ဖို့ အစဉ် တက်ကြွနေရပါမယ်။

ကတိကဝတ်နောက်က ကပ်ပါလာတဲ့ မှော်အစွမ်းနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ ဒဗျူ အိတ်ချ် မာရေး ရေးတဲ့ အောက်ပါ စကားလုံးတွေလောက် ရှင်းရှင်းလင်းလင်း တိတိကျကျမျိုး အရင်က မတွေ့ဖူးခဲ့ဘူး-

“တစ်စုံတစ်ယောက်က ကတိကဝတ်မပြု မခြင်း တွန့်ဆုတ်ခြင်း၊ နောက်ကြောင်းပြန်ပြေးဖို့ အခွင့်အလမ်း ရှာထားခြင်း နဲ့ မထိမရောက်လုပ်ခြင်းတွေသာ အမြဲတမ်း ရှိနေမှာပါ။  ကြိုကြိုတင်တင် ဦးဦးဖျားဖျား (တီထွင် ဆန်းသစ်မှု အပါအဝင်) လုပ်ဆောင်မှု နဲ့ ပတ်သက်ရင် - မရေမတွက်နိုင်တဲ့ အကြံဉာဏ်များ နဲ့ အရမ်းကောင်းတဲ့ ကြိုတင် စီစဉ်မှု များကို သေဆုံးစေတဲ့ မျက်ကွယ်ပြု မသိကျိုးကျင်ပြုမှု ဆိုတဲ့ အခြေခံ အကျဆုံး အမှန်တရား တစ်ခုရှိတယ်၊၊ တစ်စုံတစ်ယောက်က လုပ်တော့မယ်လို့ မိမိကိုယ်ကို ကတိကဝတ်ပြုလိုက်ချိန်က စတင်ပြီး မမြင်နိုင်တဲ့ မှော်အစွမ်း လို့ထင်ရတဲ့ စောင့်ရှောက် ပံ့ပိုးမှုတွေကလည်း အလိုအလျောက် တွန်းပို့ပေးလာမှာအမှန်ပဲ။

“ လိုအပ်တဲ့ အထောက်အပံ့မျိုးစုံဟာ ကူညီပံ့ပိုးဖို့ ပေါ်ပေါက်လာတယ်။ ကတိကဝတ်သာ မပြုခဲ့ရင် လုံးဝ ဖြစ်လာမယ် မထင်ရတဲ့ အရာမျိုးတွေပေါ့။ ဆုံးဖြတ်ချက် နောက်ကနေ ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တစ်ခုလုံးမှာ ကြိုတင် မမျှော်မှန်းနိုင်တဲ့၊ ဘယ်လူသားကမှ စိတ်ကူးယဉ်အိပ်မက်တောင် မမက်ဖူးတဲ့ တိုက်ဆိုင်မှုတွေ၊ တွေ့ဆုံမှုတွေနဲ့ ပစ္စည်းထောက်ပံ့မှုတွေက ဆောင်ရွက်သူရဲ့ အလိုကျ အားလုံး အစီအစဉ်တကျ ပေါ်ပေါက်လာတယ်။”

တစ်ခုခု လုပ်ဖို့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ မချပဲ လုပ်ချင်စိတ် ရှိယုံသာ ရှိမယ်ဆိုပါက ရည်မှန်းချက် ပန်းတိုင်ကို မရောက်နိုင်ပဲ အဖျားရှုးသွားနိုင်ပေမယ့် ကတိကဝတ်တစ်ခုကို ပြုလိုက်ပြီဆိုတာနဲ့  မမြင်နိုင် မမျှော်မှန်းနိုင်တဲ့ မှော်ဆန်ဆန် အစွမ်းတွေနဲ့ ဖန်ဆင်းပေးလိုက်တဲ့အလား အခြေအနေတွေ၊ အခွင့်အလမ်းတွေ၊ အဆက်အသွယ်တွေ အလိုအလျောက် ပေါ်ပေါက်ကူညီပံ့ပိုးလာတာကို ဂျက်ဖ် ကီလာ က ရှင်းပြပြီးတဲ့နောက် ဆက်ပြောပြတာက ကတိကဝတ်ပြုထားတဲ့ ပန်းတိုင်းကို လျှောက်လှမ်းဖို့ တံခါးပေါက် တွေက အလိုလို ပွင့်လာပုံကို သူလက်တွေ့ ကြားသိရတာတွေနဲ့ ဥပမာပြပြီး ဆက်လက် ဆွဲခေါ် လမ်းညွှန် လိုက်ပြန်တယ်။

တံခါးတွေပွင့်လာလိမ့်မယ်

နောက်ထပ်ပြောပြမှာတွေက ကတိကဝတ်ရဲ့ အစွမ်းသတ္တိ နဲ့ ဖြစ်ပေါ်လာမယ့် မယုံနိုင်စရာ ထူးဆန်းတဲ့ အဖြစ်တွေပါ- စစချင်းမှာ သင့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် ဘယ်လို လုပ်မလဲဆိုတာ သင် သိ ဖို့ မလိုသေးပါဘူး။ သင့် အနေနဲ့ တိုက်ခိုက်ရမယ့် အစီအစဉ်ကို သေချာချမှတ်ပြီးမှ စလုပ်ရင် ပိုကောင်းတာတော့ သေချာတာပေ့ါ။ ဒါပေမယ့် သွားရမယ့် ခြေလှမ်း၊ အဆင့်တိုင်း အတွက် လမ်းပြမြေပုံတွေကို ကြိုရေးဆွဲထားဖို့ မဖြစ်မနေလိုအပ်တာမျိုးတော့ မဟုတ်ပါဘူး။

တကယ်တော့ သင့် အနေနဲ့ ဘာပဲ ဖြစ်ဖြစ် လိုလိုလားလား လုပ်လိုစိတ် ရှိလာတဲ့အခါ “မှန်ကန်တဲ့ ခြေလှမ်းများ” ဟာ သင့်အတွက် မကြာခဏ ပေါ်ထွက်လာမှာ ဖြစ်တယ်။ 

သင် ဘယ်လိုမှ တွေ့ဖို့ မစီစဉ်ထားတဲ့ လူတွေနဲ့ တွေ့ဆုံလာမယ်။

တံခါးပေါက်တွေ မမျှော်လင့်ပဲ သင့်အတွက် ပွင့်ဟလာမယ်။ ကံကောင်းခြင်း သို့မဟုတ် ကောင်းမွန်တဲ့ အနာဂတ်ဟာ သင့်ကို အပြုံးနဲ့ ကြိုဆိုလာပြီလို့ ထင်မြင်စရာ တွေ ပေါ်ပေါက်လာမယ်။ တကယ်တော့ သင်ဟာ ထိုအလားအလာ ကောင်းတဲ့ အဖြစ်တွေကို သင့် ကတိကဝတ်ပြုခြင်းနဲ့ အတူ ဖန်တီးပြီးသားဖြစ်နေပြီး သင့် စိတ်ကို အဲ့ဒါတွေကို ရှာဖို့ အမိန့်ပေးပြီးသား ဖြစ်နေတာပါ။

တံခါးတွေ ကျွန်တော့်အတွက် ဘယ်လို အလိုအလျောက် ပွင့်လာခဲ့သလဲ ဆိုတာ နမူနာလေး တစ်ခု ပြောပြချင်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ကျွန်တော်က စိတ်ဓါတ်မြှင့်တင်ရေး ဆောင်းပါးတွေ စတင်ရေးခဲ့ပါတယ်။ ထိုစဉ်က ကျွန်တော်က အကောင်းမြင် စိတ်ရဲ့ စွမ်းအားနဲ့ အခြား အောင်မြင်မှုအတွက် အခြေခံ စည်းမျဉ်းတွေကို လေ့လာသင်ယူ နေခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ်လေ့လာမိသမျှ အကြောင်းအချက်တွေကို အကျိုးကျေးဇူး ရရှိမယ့် သူတွေကို ပြန်ဝေမျှပေးမယ်လို့ ကတိကဝတ် ပြုထားခဲ့တယ်။ ဒါပေမယ့် ဘယ်က ဘယ်လို စလုပ်ရမယ် ဆိုတာ စဉ်းစားလို့ကို မရခဲ့ဘူး။ ဒီဆောင်းပါး စာမူတွေကို သတင်းစာတိုက်ကို ပို့ရမလား၊ မဂ္ဂဇင်းကို ပို့ရမလား၊ ကိုယ်တိုင်ပဲ စာအုပ်ထုတ်ရမလား။

ပထမဆုံးကျွန်တော် စလုပ်ခဲ့တာက ဆောင်းပါး တစ်ပုဒ်ကို သင်တန်းအကြောင်းတို့၊ လူသား အရင်းအမြစ် တို့ ပါတဲ့ မြို့တွင်းထုတ် သတင်းစာတိုက်ကို ပို့ခဲ့တယ်၊ အဲ့ဒီ ဆောင်းပါးလေး က ၁၉၉၀ ခုနှစ် နွေရာသီမှာ ပုံနှိပ်ဖော်ပြခြင်းခံခဲ့ ရတယ်။

လအနည်းငယ်ကြာသောအခါ စတီးဝပ် ကေမန် ဆိုသော ပုဂ္ဂိုလ်ဆီက ဖုန်းအဆက်အသွယ် တစ်ခုရခဲ့တယ်။ သူက အလွတ်တန်း စာရေးဆရာ တစ်ယောက်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ အတွက်လည်း သတင်းစာ စောင်လေးတွေ ထုတ်ဝေ‌ပေးတယ်။ စတီးဝပ် က သူ ကျွန်တော့်ရဲ့ ဆောင်းပါးကို သူ့သူငယ်ချင်း အိမ်သွားရင်း ဖတ်မိပြီး သိပ်လေးစား နှစ်သက်သွားတယ်လို့ ပြောတယ်။

နောက်ပြီး သူမေးလာတာက “ခင်ဗျား သတင်း စာစောင်လေးတွေ ရေးဖို့ စဉ်းစားဖူးလား” တဲ့။ ပွင့်ပွင့် လင်းလင်း ပြောရရင် ကိုယ့်ဖာသာကိုယ် သတင်းစာစောင်ရေးဖို့ လုံးဝ မစဉ်းစားခဲ့ဖူးပါ။ ကျွန်တော်တို့ တွေ့ဖို့စီစဉ်လိုက်တယ်။ စတီးဝပ်က ကျွန်တော်တို့ အတူတူပေါင်းပြီး လူထောင်ပေါင်း များစွာနှစ်သက်

မယ့် မိမိကိုယ်ကို တိုးတက်စေရေး အမြင်တွေပါတဲ့ သတင်းစာစောင်တွေကို  ဘယ်လိုထုတ်လုပ်နိုင်တယ် ဆိုတာ ရှင်းပြတယ်။

တစ်လ‌လောက်ကြာတဲ့အခါ “စိတ်နေသဘောထားသည်သာ အရာရာ” ပထမဆုံး သတင်းစာစောင်ကို ထုတ်လုပ် ဖြန့်ချိခဲ့တယ်။ ထို့နောက် (၉) နှစ်ကျော်တိုင် အင်နဲ့အားနဲ့ လုပ်ဆောင်နိုင်ခဲ့ပြီး သိန်းချီတဲ့ လူပေါင်းများစွာဆီကို ဘဝပြောင်းလဲရေး သတင်းအချက်အလက်တွေ ပေးနိုင်ခဲ့တယ်။

ဘယ်လို ဖြစ်ခဲ့တာလဲ။ ကျွန်တော်က အဲ့ဒီ အခြေခံမူတွေကို အခြားသူတွေဆီ ဝေမျှပေးမယ်လို့ ကတိကဝတ် ထားခဲ့တယ်။ ကျွန်တော့်ဆီမှာ အကောင်းမြင်စိတ်နေသဘောထား ရှိခဲ့တယ်။  ကျွန်တော် စရေးတယ်။ အဲဒီနောက် စတီးဝပ် ကီမန်း ဆိုတဲ့ ပကတိ လူစိမ်းတစ်ယောက်၊ ကျွန်တော့် အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် ဘယ်လိုလုပ်ရမယ် ဆိုတာသာ သိတဲ့ လူစိမ်းတစ်ယောက် ကျွန်တော့်ဘဝထဲ ရောက်လာခဲ့တယ်။ အို.... ကတိကဝတ် ထားခြင်းရဲ့ မှော်အစွမ်းပဲ မဟုတ်ပါလား။

မှော်အစွမ်းတွေက အဲလို ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိဖို့ ဆွဲခေါ်တွန်းပို့ နေရင်းကနေ အောင်မြင်မှုကို သာသာယာယာလေး ရတော့မယ်လို့ ကြည်နူးနေတုန်းမှာပဲ မမျှော်လင့်တဲ့ တစ်ထောင့်တစ်နေရာကနေ အခက်အခဲ အတားအဆီးတွေ ပေါ်ပေါက်လာပြီး တကယ် လုပ်ကိုင်/ ရယူလိုစိတ် ရှိမရှိ ဇွဲစမ်းသပ်တဲ့အလား စိတ်ပျက်လက်ပျက် ဖြစ်မယ့် အချိုးအကွေ့တွေနဲ့ တိုက်ခိုက်ခံလာရနိုင်ကြောင်း ခုလို သတိပေးထားပါသေးတယ်။

သတိပေးတဲ့ စကားတစ်ခွန်း

သင့် ပန်းတိုင်ဆီကို စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကကြိုးကကွက် တွေနဲ့ လွယ်လွယ်လေး မသွားခင် သင့်ကို သတိပေးစရာ တစ်ခုရှိပါတယ်။ ကတိကဝတ်တစ်ခု ရှိထားယုံနဲ့ သင့် ခရီးလမ်းဟာ နှင်းဆီပန်းကြဲဖြန့်ခင်းထားတဲ့ လမ်းဖြစ်လာမှာတော့ မဟုတ်ဘူး။ သင့် ပန်းတိုင် ကို အောင်မြင်စွာဆွတ်ခူးဖို့ သင် ဘယ်လောက် စိတ်ခိုင်မာ ပြင်းပြတယ်ဆိုတာသိရဖို့ ဘဝက သင့်ကို စမ်းသပ်ဦးမှာ ဖြစ်တယ်။  အတားအဆီးတွေ ပေါ်ထွက်လာမယ်။ သင် အမှားတွေ လုပ်မိဦးမယ်၊ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ပက်လက်လန်သွားရဦးမယ်၊ အချို့ထိုးနှက်ချက်တွေက ပြင်းထန်လွန်းလို့ သင့်ပန်းတိုင်က ဝေးရာကို ထွက်ပြေးချင်စိတ်တောင် ပေါက်လာနိုင်စေလိမ့်မယ်။

အဲလို အခြေအနေရောက်တဲ့အခါ အရေးတကြီး  လိုက်နာရမှာ ကတော့ ပညာရှင်ကြီး ဝင်စတန် ချာချီ ရဲ့ အဆိုအမိန့် ဖြစ်တဲ့ “ဘယ်တော့မှ၊ ဘယ်တော့မှ၊ ဘယ်တော့မှ လက်မလျော့ နောက်မဆုတ် အရှုံးမပေးနဲ့”။ ဒါမှ မဟုတ် ဂျိမ်းစ် ဂျေ ကောဘတ် ရဲ့ အကြံဉာဏ်ဖြစ်တဲ့ “နောက်တစ်ချီ ထပ်ချပြီး ချန်ပီယံ လုပ်ပါ။ ခက်ခဲကြမ်းတမ်းမှု နဲ့ တွေ့တဲ့အခါ နောက်တစ်ချီ ထပ်တိုက်ခိုက်ပါ”

သင် ပန်းတိုင်ကို ဆွတ်ခူးဖို့ ကတိကဝတ်တစ်ခုကို ပြုလိုက်ပြီဆိုရင် ယာယီ ကျဆုံးမှုလေးတွေကို ကျော်လွှားနိုင်ရမယ် ဒါမှ သင်ဟာ ကြီးမားတဲ့ အောင်မြင်မှုကို ရမယ်။

ခုလို သတိပေးပြီး၊ ဖြစ်လာတဲ့ အခြေအနေ အခက်အခဲ ကို ဘယ်လိုရင်ဆိုင် ရမယ် ဆိုတာကို ဂျက်ဖ် ကီလာက အကြံပေးခဲ့သလို၊ အဲ့လို ဇွဲကောင်းကောင်း မဆုတ်မနစ်နဲ့ ကိုယ့် ကတိကဝတ်ကို မပျက်မကွက် ပြီးဆုံး အောင်မြင်အောင် ဘာပဲဖြစ်ဖြစ် ဘာပဲ လုပ်ရလုပ်ရ လုပ်တဲ့သူ ရမယ့် ဆုလာဒ်တွေကို လည်း စာရေးဆရာ ဒေးဗစ် ဘော်ဒါချီရဲ့ တကယ့် အတွေ့အကြုံကို စာဖတ်သူ စိတ်တက်ကြွအောင် ပြောပြပါတယ်။

ဒီစာစဉ်လေးတွေကို ဖတ်ခြင်းဖြင့် ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို မလွဲမသွေ၊ မမှိတ်မသုန် “ဘာပဲ ဖြစ်ဖြစ်၊ ဘာပဲလုပ်ရလုပ်ရ” မဆုတ်မနစ်သော ဇွဲ လုံ့လ နဲ့ အောင်မြင် ပိုင်ပိုင် တက်လှမ်းနိုင်သူများ ဖြစ်ကြပါစေ။

                                                                 သက်ထွန်း (သျှမ်း)