【 ဆောင်းပါး 】“မိုးနတ်မင်းက ကူညီတယ်”

【 ဆောင်းပါး 】“မိုးနတ်မင်းက ကူညီတယ်”

“ဘယ်အရာမှာ သူ့အလိုလိုဖြစ်မလာဘူး။ သင့်ဆီကိုရောက်လာအောင် သင့်ကိုယ်ပိုင် အစွမ်း အစနဲ့ သင်ကိုယ်တိုင် လုပ်ရမယ်ဆိုတာ သိတဲ့အခါမှ သင့်ဆီကို အားလုံး ရောက်လာမှာပါ။”

(ဘန် စတိန်း)

အကောင်းမြင်သူတွေနဲ့ ပေါင်းသင်းထားပါ

မှန်က လူတစ်ယောက်ရဲ့ မျက်နှာကို ထင်ဟပ်ပေးတယ်။  ဒါပေမယ့် သူ့ ရုပ်သွင်အစစ်က ဘယ်လိုလဲ ဆိုတာကိုတော့ သူရွေးချယ်ထားတဲ့ သူငယ်ချင်းဆိုသူတွေကသာ ပြနိုင်မှာပါ။

                                                                                      (အသက်ရှင်ခြင်း သမ္မာကျမ်းစာ၊ သုတ္တံ ၂၇)

ဂျက်ဖ်ကီလာ အဓိကပြောတဲ့အကြောင်းက လောကကြီးမှာ အ‌ကောင်းမြင်သူနဲ့ အဆိုးမြင်သူဆိုပြီး ကိုယ့် လူမှုဆက်ဆံရေး အသိုင်းအဝန်းမှာ လူနှစ်မျိုးရှိတယ်၊ သူပြောတာက အဆိပ်အတောက်လူတွေနဲ့ အာ ဟာရ လူတွေတဲ့။  အကောင်းမြင်သူနဲ့ အဆိုးမြင်မိတ်ဆွေတွေက ကိုယ့်ဘဝအပေါ်မှာ ဘယ်လို ရိုက်ခတ်တယ်၊ ကောင်း ကျိုး ဆိုးကျိုးတွေ ဘယ်လိုဖြစ်စေတယ်ဆိုတာကို လက်တွေ့ဖြစ်ရပ် သာဓကတွေ၊ သူ့အဆိုကို ထောက်ခံတဲ့ ကမ္ဘာအဆိုအမိန့်တွေနဲ့ သူ့ထုံးစံအတိုင်း ဝေဝေဆာဆာကြီး စိတ်ဝင်စားစရာ ကောင်းအောင် လမ်းညွှန် ရှင်းပြထားပါတယ်။

 အထက်တန်းကျောင်းသားဘဝမှာ မိုက်ခ်က သူ့ရပ်ကွက်ထဲက ကောင်တစ်သိုက်နဲ့ အချိန်အများကြီး ဖြုန်း ခဲ့တယ်။ မိုက်ခ် ပြောပုံအရတော့ အဲဒီကောင်တွေက အိမ်ရှေ့ ကပြင်မှာ ထိုင်ပြီး ဖြတ်သွားတဲ့ ကားတွေကို ထိုင် ကြည့် နေရတာကို ကြိုက်ကြတယ်။ သူတို့မှာ ပန်းတိုင်လည်း မရှိဘူး စိတ်ကူးအိပ်မက်လည်း မရှိကြဘူး။ သူတို့ က အမြဲ အဆိုးမြင်သမားတွေပဲ။

မိုက်ခ် ကတစ်ခုခု အသစ်အဆန်းလေးလုပ်ကြရ အောင်လို့ အကြံပေးတိုင်း သူ့ကို စိတ်ပျက်အောင် ဝိုင်းပြောကြတယ်။ “အဲ့ဒါကြောင်တောင်တောင်နဲ့ပါကွာ” “မစွံပါဘူး” လို့ သူ့ကို ပြောကြတယ်။ မိုက်ခ် ကတော့ သူတို့နဲ့ တည့်အောင်ပေါင်းတယ်၊ အဲဒီတော့ သူတို့ အဖွဲ့ ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့တာပေါ့။

မိုက်ခ် ကောလိပ်ရောက်သွားတော့လည်း အဆိုးမြင်သမားတွေနဲ့ သူတွေ့သေးတယ်။ ဒါပေမယ့် အကောင်း မြင် သမားတွေနဲ့လည်း တွေ့ပါသေးတယ်။ လေ့လာသင်ယူချင်စိတ် ရှိတဲ့လူတွေ၊ အောင်မြင်အောင် လုပ်ချင်တဲ့ သူတွေပေါ့။ မိုက်ခ်က အဲဒီ အကောင်းမြင်သမားတွေနဲ့ သူ့အချိန်ကို ကုန်လွန်စေမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ချက် ခြင်းဆိုသလိုပဲ မိုက်ခ် က သူ့ကိုယ်သူ နေလို့ပိုကောင်းတယ် လို့ ခံစားခဲ့လိုက်ရတယ်။ သူပိုမြင့်တဲ့ စိတ်နေသ ဘော ထားကို ပျိုးထောင်ခဲ့လိုက်နိုင်တယ်။ သူ ပန်းတိုင်တွေကိုလည်း ချမှတ်နိုင်ခဲ့တယ်။

နောက်ပြီး ဝမ်းသာစရာတစ်ခု ကျွန်တော်ပြောပြချင်တာက မိုက်ခ်က အခုဆို အောင်မြင်တဲ့ ကိုယ်ပိုင် ဗီ ဒီယိုထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုပိုင်ဆိုင်နေပြီး သူ့မှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလည်း ရှိနေပါပြီ။ သူ ချ မှတ်ခဲ့တဲ့ ပန်းတိုင်တွေအားလုံးကို တစ်ခုပြီးတစ်ခု ပေါက်မြောက် အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ ကျွန် တော်က သူ့ကို သူ့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေအကြောင်းမေးကြည့်တော့ သူကပြောပြတယ် “အဲဒီကောင်တွေ အဲဒီရပ်ကွက်မှာနေ နေတုန်းပဲ။ ခုထိလည်း အဆိုးမြင်သမားတွေပဲ။ ဒါ့အပြင် သူတို့က သူတို့ ဘဝအတွက် ခုထိ ဘာမှ မလုပ်ကြသေးဘူး။” မိုက်ခ် ကထပ်ပြောသေးတယ် “သူတို့နဲ့သာ ဆက်တွဲနေမိရင်ခု ကျွန်တော် အခုရောက်နေတဲ့ အခြေအနေကို ဘယ်လိုမှရနိုင်မှာ မဟုတ်ပါဘူး၊ လမ်းထောင့်က စတိုးဆိုင် သေး သေးလေးရှေ့မှာ ပင်ဘောကစားနေတုံးပဲ ရှိဦးမှာပေါ့”

မိုက်ခ်ရဲ့  အကြောင်းလေးဟာ အခြားသူတွေရဲ့ ဘဝမှာလည်း ရှိတတ်တဲ့ လွှမ်းမိုးမှုကို သတိရစေဖို့ နိုး ဆော်လိုက်သလိုပါပဲ။ တစ်ခါတလေမှာ ကျွန်တော်တို့ဟာ နောက်ကျ ဘာတွေဖြစ်လာနိုင်မယ် ဆိုတာ မစဉ်း စားပဲ အချို့လူတွေနဲ့  အကျင့်တစ်ခုလို တွဲနေမိတတ်ပါတယ်။ ဆိုရိုးစကားလေးတစ်ခု ရှိတယ် “သင်ဘယ်သူနဲ့ တွဲနေတယ်ဆိုတာ ပြောပြပါ။ သင်ဘယ်သူလဲ ဆိုတာ ကျွန်တော် ပြောပြမယ်” တဲ့။ အဲဒီ စကားရိုးရိုးလေးထဲမှာ ပညာသား အများကြီးပါနေတယ်။ ဒီအခြေခံလေးက သင့်ဘဝကိုဘယ်လို ပြောင်းလဲသွားအောင် ပုံသွင်းပေးစေ နိုင်လဲဆိုတာ သင် သေသေချာချာ တွေးကြည့်မိရဲ့လား။ သင် ကြီးပြင်းလာတဲ့အချိန်ကို ပြန်စဉ်းစားကြည့်ပါ။  ကျွန်တော်တို့ ဘယ်သူနဲ့ ပေါင်းနေတယ် ဘယ်သူနဲ့ တွဲနေတယ် ဆိုတဲ့အပေါ်မှာ မိဘက စိတ်ပူတတ်တယ် ဆိုတာ မှတ်မိမှာပေါ့။ ကျွန်တော်တို့ရဲ့ အဖေ သို့မဟုတ် အမေဟာ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေနဲ့ တွေ့ပြီး သူတို့နဲ့ ပတ်သက်သမျှ အသေးစိတ်ကို သိချင် တတ်ခဲ့ကြတယ်။  ဘာလို့လဲ ... သူငယ်ချင်းတွေဟာ ကျွန်တော်တို့ အပေါ်မှာ အကြီးအကျယ် လွှမ်းမိုးတတ်တယ်၊ သူတို့ဆီက အကျင့်အချို့ကို အတုခိုးတတ်တယ်ဆိုတာ သူတို့သိ နေ လို့ပါပဲ။ ထို့အတူ ကျွန်တော်တို့ဟာ သူငယ်ချင်းတွေ လုပ်တာကို လိုက်လုပ်တတ်ကြတယ်။ ကျွန်တော်တို့ရဲ့ မိဘတွေက ကောင်းစေချင်တဲ့စိတ်နဲ့ စိုးရိမ်တတ်ကြတာပါ။  သင့် ကလေးတွေကျရင်လည်း သင်က သူတို့ရဲ့ သူငယ်ချင်းတွေကို အနီးကပ် စောင့်ကြည့်နေမယ်ဆိုတာ ကျွန်တော် ပြောရဲပါတယ်။ ဘာလို့လဲ အဲဒီ သူငယ် တွေက သင့် ကလေးတွေအပေါ်မှာ သက်ရောက်မှုရှိမှာ မို့လို့ပါပဲ။

အဆိပ်အတောက်လူများနဲ့ အာဟာရလူများ

ဒီနေ့ကာလ အသုံးအနှုန်းအရ ကျွန်တော်တို့ကို အဆိပ်အတောက်လူနဲ့ အာဟာရလူများလို့ နာမည်တပ် နိုင် တာ တွေ့ရမယ်။ သင်ထင်သလိုပါပဲ အဆိပ်အတောက်လူများ ကတော့ အဆိုးမြင်ခြင်း ထဲမှာ အိမ်ဖွဲ့နေ ထိုင်သူတွေ ဖြစ်ပါတယ်။ အဘိဓာန်ထဲမှာ အဆိပ်အတောက်ကို “အဆိပ်သင့်စေသော” လို့ အဓိပ္ပာယ် ဖော်ထား ပါတယ်။ အဆိပ်အတောက်လူတွေက သူတို့ရဲ့ ပါးစပ်ကနေပြီ စကားလုံး အဆိပ်တွေကို အချိန်လုံး မန်းမှူတ်နေ တတ် ပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဖက် အဟာရကို အဓိပ္ပာယ်ဖွင့်ထားတာကတော့ “ကြီးထွားခြင်းကို ပံ့ပိုးပေး သော”လို့ တွေ့ရပါတယ်။ အာဟာရလူ တွေဟာ အကောင်းမြင်သမားတွေဖြစ်ပြီး ပံ့ပိုးကူညီတတ်ကြပါတယ်။ သူ တို့က ကျွန်တော်တို့ကို စိတ်ပေါ့ပါ့တက်ကြွစေပြီး သူတို့အနားမှာ ရှိရင် ပျော်စရာကောင်း ပါတယ်။

အဆိပ်အတောက်လူများကတော့ သင့်ကို အမြဲတမ်း သူ့တို့လိုဖြစ်အောင် ဆွဲချဖို့ ကြိုးစားနေသူတွေ ဖြစ် တယ်။ သူတို့က သင် မတတ်နိုင်တဲ့ကိစ္စတွေ မဖြစ်နိုင်တဲ့ကိစ္စတွေ မှန်သမျှနဲ့ သင့်ကို ထုဖို့ တူတစ်ရွယ်ရွယ်နဲ့ အလစ်ချောင်းနေတတ်ကြပါတယ်။ သူတို့က သင့်ကို စိတ်ညစ်ညူးစရာကောင်းတဲ့ စီးပွားရေးညံ့ဖျင်းနေတာတွေ၊  သူတို့ဘဝရဲ့ အခက်အခဲ ပြဿနာတွေ၊ အဲဒီပြဿနာတွေ  သင့်ဆီကိုလည်း မကြာခင်ရောက်လာတော့မှာ ဆို တာ မျိုးတွေ၊ စုတ်ချာကြောက်စရာ ကောင်းတဲ့ အနာဂတ်တွေ အကြောင်းကို စက်သေနတ်ပစ်သလို အဆက် မပြတ် ပစ်ခတ် ‌ဖောက်ခွဲပါလိမ့်မယ်။ အခန့်သင့်ရင် သူတို့ရဲ့ နာကျင်မှူ ဝေဒနာတွေနဲ့ ထုံမွှမ်းထားတဲ့ စကားလုံး တွေနဲ့ တောင် သင့်ကို ပစ်ပေါက် ကောင်းချီးမင်္ဂလာပြုပေးပါလိမ့်ဦးမယ်။ အဆိပ်အတောက်လူများရဲ့ စကားတွေ ကို နား‌ထောင်ပြီးတဲ့ နောက် သင့်စိတ်ဓာတ်က ခြေမကနေ မြောင်းထဲအထိ ပြုတ်ကျသွားပြီး လူလည်း သာခွေယိုင်ဖြစ်သွားပါလိမ့်မယ်။

 

ဝန်းရံထားတဲ့ ပတ်ဝန်းကျင်အတိုင်း ကျွန်တော်တို့ အသွင်ပြောင်းသွားရပါတယ်။

                        (ရေးသူမသိ)

စိတ်ဓာတ်မြှင့်တင်ရေးပောာပြောသူ လက်စ် ဘရောင်းက အဲ့ဒီလိုလူတွေကို တင်စားတာက “အိပ်မက် ကိုသေစေသူများ”တဲ့၊ စိတ်ပညာရှင် ဂျက်ကန်ဖီးက ပုံဖော်လိုက်တာကတော့   “ခွန်အားသွေးစုတ် ဖုတ်ကောင် တွေ”တဲ့ ဘာလို့လဲဆိုတော့ သူတို့က သင့်ဆီက အပေါင်းလက္ခဏာဆောင်တဲ့ ခွန်အားတွေအကုန်လုံးကို စုတ် ထုတ်ပစ်လိုက်လို့ပါပဲ။ သင် အဆိုးမြင်သမားတွေနဲ့ အတူနေဖူးလား၊ သူတို့တွေက သင့်ကိုယ်ထဲက အင်အားတွေ ကို ကိုယ်ထိလက်ရောက် ဆွဲနုတ် နေတယ်လို့ ခံစားရဖူးလား။ အဲဒီ အတွေ့အကြုံမျိုး ကျွန်တော်တို့အားလုံး အ များကြီး ခံစားဖူးမယ်လို့ ကျွန်တော် ထင်ပါတယ်။  တစ်ခုသေချာတာက အဆိပ်အတောက်လူတွေနဲ့ အတူတူ အချိန်ဖြုန်းမိရင် သူတို့ရဲ့ အနုတ်လက္ခဏာဆောင်တဲ့ စကားတွေက သင့်ကို နုံးချိအားကုန်သွားအောင် လုပ်လိမ့်မယ်။

အဲဒါနဲ့ ဆန့်ကျင်ဘက်ကတော့ သင့် အနားမှာ အကောင်းမြင်သမားတွေ၊ စိတ်အားထက်သန်သူတွေ၊ ပံ့ပိုးကူညီတတ်သူတွေ ရှိနေရင် ဘယ်လိုခံစားရလဲ၊ သင်ဟာ ခွန်အားတွေတက်လာပြီး အတုယူအားကျစိတ်တွေ ပေါ်လာမယ်။  အဲဒါတွေက အမှန်တကယ် အံ့ဩစရာကောင်းတဲ့ အကောင်းမြင် သမားတွေအကြောင်းပေါ့။ သူ တို့ဆီမှာ တစ်ခန်းလုံးကို ဝင်းလက်တောက်ပ ရွှင်လန်း လာစေမယ့် အပေါင်းလက္ခဏာဆောင်တဲ့ အင်အား တွေ ရှိနေသလား ထင်ရတယ်။ သင်သူတို့နဲ့ အတူရှိနေတဲ့အခါ သူတို့ရဲ့ စိတ်နေသဘောထားတွေက သင့်ဆီကူး စက် သွားပြီး ကိုယ့်ပန်းတိုင်ကို အင်နဲ့အားနဲ့ အမိအရ လှမ်းကိုင်ဖို့ အပိုခွန်အားတွေ ထည့်သွင်းပေးခံလိုက်ရသလို ခံစား မိလာရမှာပါ။

ကျွန်တော် အကောင်းမြင်သမားတွေကို စဉ်းစားလိုက်ရင် သူငယ်ချင်း ဂျွန်လက်စီစစ်က ချက်ခြင်း ခေါင်း ထဲ ရောက်လာတော့တာပဲ။ ဂျွန်နဲ့ စကားပြောလိုက်တိုင်း ငါဟာ ကမ္ဘာကြီးကို ပိုင်စိုးနိုင်လိမ့်မယ်လို့ ကျွန်တော့် စိတ်ထဲမှာ အထင်ရောက် သွားတတ်တယ်။ လောကကြီးမှာ သင်တွေ့ဖူးနိုင်သမျှ အကောင်းမြင်သမားတွေထဲမှာ ဂျွန်က အထူးပြောစရာမလိုတဲ့ အကောင်းအမြင်ဆုံးသူ တစ်ယောက်ပါ။ ကျွန်တော့် ကိုယ်ကျွန်တော် သိပ်အ ကောင်းမြင်တတ်တဲ့သူပဲလို့ အထင် ရောက်ချင်တယ်၊ ၁ ကနေ ၁၀ အထိ၊ ၁၀ က အကောင်းအမြင်ဆုံး စကေးလို့ သတ်မှတ်မယ်ဆိုရင် ကျွန်‌တော့်က ကိုယ့်ကိုယ်ကို ၉.၅ လို့ အမှတ်ပေးမယ်ဆိုရင်၊ ဂျွန်လက်စီစစ်ကိုတော့ ၁၄ လို့ အမှတ်ပေးရလိမ့်မယ်။  သူက သတ်မှတ်ဇယားလွန်တဲ့ သူတစ်ယောက်ပါ။ သူက အမြဲအကောင်းပဲမြင်တယ်၊ အမြဲတမ်း စိတ်အား ထက်သန်နေတတ်တယ်။ နောက်ပြီးသူက တွေ့သမျှလူ အားလုံး ကို လက်တွဲ ကူညီ ပေး တတ်တယ်။ သူ့ စိတ်နေသဘောထားက လူတွေကို ကြီးကျယ် မြင့်မြတ်ဖို့ လှူံ့ဆော်ပေးပါတယ်။ သင့်ဘဝမှာ ဂျွန်လို သူငယ်ချင်း တစ်ယောက်ရှိရင် သင့် စိတ်နေသဘောထား ဘယ်လို တိုးတက်လာမယ်ဆိုတာ မြင်ပြီလား။

ရေဒီယိုက လာတဲ့ ပေါကြောင်ကြောင်သီချင်းများ

သင့်အဖို့က ဒါမျိုးက အများကြီး ဖြစ်ဖူးပါလိမ့်မယ်။ ရေဒီယိုကသီချင်း တစ်ပုဒ်ကို ကြားတဲ့အခါ “တော် တော် ရယ်စရာကောင်းတဲ့သီချင်းပဲ”လို့ ကိုယ့်ဖာသာ ပြောမိလိုက်ပါလိမ့်မယ်။ နောက်နေ့ ကျတော့ အဲဒီသီချင်း ကိုပဲ သင်ထပ်ကြားရပါတယ်။ နောက်နေ့မှာ အဲဒီသီချင်းကိုပဲ အကြိမ်နည်းနည်းပိုပြီး  ထပ်ကြားရပြန်ရော။ အဲဒီ သီချင်းက ကျော်ကြားတဲ့ စာရင်းမှာ ထိပ်ကို တက်လာတဲ့အတွက် သင် ရှောင်ပြီး နားထောင်လို့ မရတော့ဘူးပေါ့။  တစ်ပတ်အတွင်း နေ့စဉ် အကြိမ်များစွာ ကြားလာရမှာပေ့ါ။ အဲဒီမှာ မယုံစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ် လာတော့တာပဲ။ သင်ဟာ အိမ်မှာထိုင်နေရင်း အဲဒီ ပေါကြောင်ကြောင် သီချင်းကို ရုတ်တရက် ညည်းမိသွားတယ်

သို့မဟုတ် ဆိုမိသွားတယ်။ အဲဒီအချိန်မှာ သင့်ကို အဲဒီသီချင်းကို ဘယ်လိုသဘောရလဲလို့ မေးလိုက်ရင် သင်က “ဆိုးပါတယ်ဗျာ” ဖြေလိမ့်မယ်။

ဒါဆိုရင် ဘာစိတ်ကူးနဲ့ အဲဒီသီချင်းကို ဆိုရတာလဲ။ အဖြစ်မှန်ကတော့ ကျွန်တော်တို့ဟာ ဘာကိုပဲ ဖြစ်ဖြစ် ထပ်ခါတလဲလဲ ကြားရတဲ့ အခါ အဲဒါက မမျှော်လင့်ပဲ သင့် စိတ်ထဲမှာ စွဲသွားတတ်လိုပါပဲ။ သိတဲ့အတိုင်းပဲ အဲဒီ သီချင်း က ကျော်ကြားမှုကျဆင်းသွားပြီး ရေဒီယိုမှာ အရင်လိုသိပ်မဖွင့်တဲ့ အခါကျရင် သင်အနေနဲ့ သီချင်းကို သိပ် သတိမရတော့ပဲ ကိုယ်ဖာသာကိုယ် ဆိုမိတာလည်း နည်းသွားပါလိမ့်မယ်။ ဒီနေရာမှာ တန်ဖိုးရှိတဲ့ သင်ခန်း စာ တစ်ခုရပါတယ်။ တစ်ခုခုကို ထပ်ခါထပ်ခါ လုပ်တဲ့အခါ အသိစိတ်မှာ အဲ့ဒါက စွဲမြဲသွားတယ် ဆိုတာပါပဲ။

ဆိုးတာက စိတ်က အဲဒါတွေကို ဘယ်ဟာက ကောင်းတယ် ဘယ်ဟာက ကိုယ့်ကို ထိခိုက်စေနိုင်တယ် ဆိုတာ မခွဲခြားတတ်တာပါပဲ။

သင့် သူငယ်ချင်း တွေက သင့်ကို အမြင်ကျယ်လာအောင်လုပ်ပေးနိုင်တယ် (ဒါမှမဟုတ်) သင့် စိတ်ကူး အိပ်မက်တွေကို ပိတ်ဆို့အောင်လုပ်ပစ်နိုင်တယ်။

(ရေးသူမသိ)

 ကျွန်တော်တို့က တစ်ခုခုကို မကြာခဏ ကြားရရင် အဲဒါကို ယုံချင်စိတ် ဖြစ်လာတတ်ပြီး အဲဒီအတိုင်း တုန့် ပြန်တတ်ကြတယ်။ သီချင်းတစ်ပုဒ်လိုပဲ ထပ်ခါတလဲလဲကြားရရင် အဲ့ဒီ သီချင်းအကြောင်း စဉ်းစားမိလာစေတယ်။ အဲ့လိုပဲ အောင်မြင်တဲ့ အကြောင်းကို အကြိမ်ကြိမ် စဉ်းစားတဲ့အခါ ကျွန်တော်တို့ကို အောင်မြင်ဖို့နည်းလမ်းတွေကို စဉ်းစားလာစေတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ အတွေးတွေကို အပေါင်းလက္ခဏာဆောင်တဲ့ အတွေးတွေနဲ့ဖြည့် ပေးနေရင် ကျွန်တော်တို့ဟာ ပိုပြီး အပေါင်းလက္ခဏာဆောင်လာပြီး ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ဆီရောက်ဖို့ ပိုပြီး ရဲရဲဝံ့ဝံ့ လုပ်လာမှာ ဖြစ်ပါတယ်။ အကောင်းမြင်စိတ်များများ ဖြစ်အောင် ဖြည့်ပေးလေလေ ပိုကောင်း လေလေပါပဲ။ အဲဒီတော့ အကောင်းမြင်စိတ်များများကို ဘယ်က ဖြည့်ယူမှာလဲ။ ကောင်းပြီ၊ နည်းလမ်း တစ်ခုက စိတ်ဓာတ်မြှင့် တင်ရေး စာအုပ်တွေကို ဖတ်ရမှာပါ။ ဂုဏ်ပြုပါတယ်... ဘာလို့ဆိုတော့ အခု သင်ဟာ အဲဒီစာအုပ်ကို ဖတ်နေလို့ ပါပဲ။ နောက်တစ်နည်းက စိတ်ဓာတ်မြှင့်တင်ရေး အသံဖိုင်တွေ နားထောင်ဖို့ပါပဲ။ နောက်ပြီး အကောင်းမြင်သမား တွေနဲ့ အချိန်အများကြီး အတူတူနေဖို့ပါပဲ။

(ဆက်လက်​ဖော်ပြပါမည်။)

                                       သက်ထွန်း (သျှမ်း)